backup og meta

တံတောင်ဆစ်မှာ ကြာဆူး ဖြစ်လာတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တံတောင်ဆစ်မှာ ကြာဆူး ဖြစ်လာတဲ့အခါ

    ကြာဆူး ဟာ Keratosis pilaris လို့ခေါ်တဲ့ အန္တရာယ်မရှိတဲ့ သာမန်အရေပြားပြဿနာဖြစ်ပြီး အထူးတလည်ကုသစရာမလိုပါဘူး။ အရေပြားမခြောက်သွေ့အောင် moisturizer နဲ့ creamလေးတွေသုံးပေးရင် သက်သာပျောက်ကင်းနိုင်ပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး အသက်ကြီးလာတဲ့အခါပျောက်ကင်းသွားတတ်ပါတယ်။

    မွေးညင်းပေါက်လေးတွေမှာ ကြက်သီးထသလို ခပ်မာမာ အဖုချွန်ချွန်လေးတွေဖြစ်လာတတ်ပေမယ့် တစ်ခါတလေ အနည်းငယ်ယားယံတာကလွဲလို့ ပိုဆိုးလာတာ၊ ထိခိုက်နာကျင်စေတာမျိုးမရှိပါဘူး။

    ကြာဆူး ဘာလို့ဖြစ်

    အရေပြားမှာရောဂါပိုးဝင်ခြင်းနဲ့တခြားထိခိုက်မှုတွေ မဖြစ်အောင်ကာကွယ်ပေးတဲ့ keratin ပရိုတင်းတွေများပြားစုပုံလာမှုကြောင့် ကြာဆူးဖြစ်လာတာပါ။ ဒီပရိုတင်းအစုက မွေးညင်းပေါက်ကိုပိတ်ဆို့စေတာဖြစ်ပါတယ်။ ဒါပေမယ့် ပိတ်ဆို့ရတဲ့အကြောင်းရင်းကို အတိအကျမသိသေးပါဘူး။

    ကိုယ်ကအသားအရေခြောက်သွေ့တတ်သူဖြစ်ရင် ကြာဆူးပိုဖြစ်လွယ်နိုင်ပါတယ်။ ကြာဆူးက လေထုတွင်းစိုထိုင်းမှုနည်းတဲ့ ဆောင်းတွင်းမှာ ပိုသိသာတတ်ပြီး နွေရာသီမှာပျောက်ကင်းတတ်ပါတယ်။ ကြာဆူးက အသားအရေခြောက်သွေ့မှု၊ ဗီတာမင် A နဲ့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့fatty acid တို့ချို့တဲ့မှုနဲ့လည်း ဆက်နွှယ်နေပါတယ်။

    ဒီလူတွေမှာ ဖြစ်နိုင်ခြေပိုများ

    ကိုယ့်မှာ ဒီအချက်တွေရှိနေရင် ကြာဆူးဖြစ်တတ်တာများပါတယ် –

    • ကြာဆူးဖြစ်လေ့ရှိတဲ့သူတွေ ဆွေမျိုးရင်းချာထဲမှာရှိနေရင်
    • ပန်းနာရင်ကျပ်ရှိရင်
    • ခြောက်သွေ့တဲ့အသားအရေရှိသူဖြစ်ရင်
    • နှင်းခူနာ ဖြစ်တတ်တဲ့သူဆိုရင်
    • ပန်းဝတ်မှုန်ကြောင့်ဖျားနာခြင်း (Hay fever)ဖြစ်တတ်ရင်
    • ကိုယ်အလေးချိန်များနေသူဖြစ်ရင်
    • Ichthyosis vulgaris (အသားအရမ်းခြောက်သွေ့စေတဲ့ အရေပြားရောဂါ)
    • Melanoma အရေပြားကင်ဆာရှိနေပြီး ကင်ဆာဆေးသုံးစွဲနေရသူဖြစ်ရင်။

    ကြာဆူး ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ

    ကြာဆူးဖြစ်ခြင်းအတွက် ကုသမှုသီးသန့်မရှိပါဘူး။ ဒါပေမယ့် ကိုယ်အသားအရေအတွက်ခြောက်သွေ့မှုမဖြစ်စေဖို့ အစိုဓါတ်ထိန်းတဲ့လိုးရှင်းတွေ၊ ခရင်မ်တွေ လူးပေးရုံနဲ့ သက်သာနိုင်ပါတယ်။ အတော်များများကဆေးဆိုင်မှာအလွယ်တကူဝယ်ယူရရှိနိုင်ပေမယ့် ပိုပြင်းထန်တဲ့အခြေအနေတွေအတွက်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ဝယ်လိမ်းပါ။

    ကြာဆူးဖြစ်လာရင် –

    • အဖုလေးတွေကို မကုတ်ပါနဲ့။ အရေပြားကို ခပ်ကြမ်းကြမ်းမပွတ်တိုက်ပါနဲ့။
    • ရေချိုးရင်ရေနွေးနဲ့မချိုးပါနဲ့။ရေနွေးနဲ့ချိုးတာ၊ရေအကြာကြီးချိုးတာတွေက အရေပြားပေါ်ကအဆီတွေကို ပါသွားစေနိုင်ပါတယ်။ ဒါ့ကြောင့်ရေချိုးချိန်ကို ကန့်သတ်ပါ။
    • အစိုဓါတ်ထိန်းပါ။ရေချိုးပြီးရင် အရေပြားမစိုမခြောက်အနေအထားမှာVaseline၊ glycerin သို့မဟုတ်lanolin ပါဝင်တဲ့moisturizer တစ်မျိုးကိုလူးပေးပါ။ moisturizer ပျစ်ရင် ပိုကောင်းပါတယ်။ ကြာဆူးဖြစ်တဲ့နေရာမှာ မကြာခဏလူးပေးနိုင်ပါတယ်။
    • တင်းကျပ်တဲ့အဝတ်အစားတွေနဲ့မပွတ်တိုက်အောင်ဂရုစိုက်ပါ။ ကြာဆူးဖြစ်နေတဲ့ အရေပြားကို အဝတ်အစားကျပ်ပြီး မပွန်းမိအောင်ဂရုစိုက်ပါ။
    • အဆီဓါတ်ပါတဲ့ဆပ်ပြာကိုသုံးပါ။
    • အိမ်ထဲမှာ လေထုစိုထိုင်းဆကိုထိန်းပေးတဲ့ humidifier သုံးပေးပါ။
    • အသားအရေကို ထိတွေ့မှုညင်သာပါ။ အနံ့ပြင်းတဲ့၊ အာနိသင်ပြင်းတဲ့ကိုယ်တိုက်ဆပ်ပြာတွေမသုံးပါနဲ့။ အရေပြားဆဲလ်သေတွေကို ကိုယ်တိုက်အဝတ်စနုနုလေးနဲ့အသာအယာဖယ်ရှားပါ။ကြေးတွန်းတဲ့အခါ အကြမ်းပရမ်းပွတ်တိုက်တာကမွေးညင်းပေါက်ကိုထိခိုက်စေပြီး အခြေအနေပိုဆိုးစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement