backup og meta

ကျန်းမာဖြူဝင်းတဲ့အသားအရေပန်းတိုင်သို့ လျှောက်လှမ်းရာဝယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာဖြူဝင်းတဲ့အသားအရေပန်းတိုင်သို့ လျှောက်လှမ်းရာဝယ်

    မိန်းကလေးတိုင်း ကျန်းမာဖြူဝင်းတဲ့အသားအရေကို ပိုင်ဆိုင်ချင်မယ်ဆိုတာမလွဲပါဘူး။ ။ မီမီ ကလည်းမိန်းကလေးတစ်ဦးဖြစ်တဲ့အပြင် ၂၀ ဝန်းကျင်သာသာ သာရှိသေးတာကြောင့် အလှအပကိုခုံမင်တာက အဆန်းတကြယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် မီမီက အသားအရေကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုသေသေချာချာမသိတာကြောင့် အလှပြင်ပစ္စည်းတွေဖြစ်တဲ့ မိတ်ကပ်တွေ နှုတ်ခမ်းနီတွေကသာအမှန်တကယ်လှပမှုကိုပေးစွမ်းနိုင်မယ်လို့ယူဆနေပါတယ်။ ယနေ့ခေတ်ရဲ့ဈေးကွက်ပြိုင်ဆိုင်မှုကြောင့် အလှကုန်တွေကို ပုံစံအမျိုးမျိုး အရောင်အသွေးစုံလင်စွာနဲ့ဈေးနှုန်းအပြိုင်အဆိုင်လျှော့ချပြီးဈေးကွက်ရရှိအောင်လုပ်ဆောင်လာကြပါတယ်။

    ခေတ်သမီးပျိုလေး မီမီကလည်း သူငယ်ချင်းတွေနဲ့ လူငယ်တွေအကြားရေးပန်းစားတဲ့ အလှကုန်တွေကိုကောင်းတယ်ဆိုတိုင်းသုံးစွဲနေမိတော့တာပေါ့။ အလှပြင်ပစ္စည်းအမျိုးမျိုးပြောင်းလဲသုံးစွဲနေပေမယ့် အလှပြင်ပစ္စည်းတွေနဲ့ ခြယ်မှုန်းထားစဉ်မှာသာ လှပတာဖြစ်ပြီး မိတ်ကပ်တွေနဲ့ မခြယ်သထားချိန်တွေမှာတော့ အသားအရေက စိုပြည်ဝင်းမွတ်တာမျိုးမရှိတာကိုခံစားလာရပြီး အသားအရေ မညီညာတာ၊ဝက်ခြံထွက်တာနဲ့ အခြား အရေပြားပြဿနာတွေက တစ်နေ့တစ်ခြားပိုဆိုးလာတာကို ခံစားလာရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လှပမှုတွေက တိုးမလာဘဲ အရေပြားကညိုမဲလာတာကြောင့် မီမီတစ်ယောက် စစ်မှန်တဲ့ပြစ်မျိုးမှဲ့မထင်အလှမျိုးပိုင်ဆိုင်နိုင်ဖို့ ပထမဆုံးခြေလှမ်းစတင်တဲ့အနေနဲ့ အရေပြားဆရာဝန်ဆီမှာသွားရောက်ပြသလိုက်ပါတယ်။

    မျက်နှာစနစ်တကျသစ်ဖို့နဲ့ တိုနာသုံးဖို့က ပထမဆုံး

    ဆရာဝန်က မီမီကို အရေပြားက လူတစ်ယောက်ရဲ့ကျန်းမာရေးကိုဖော်ပြနေတယ်ဆိုတဲ့အကြောင်းကနေစရှင်းပြပါတယ်။ အရေပြားကျန်းမာဖို့ကအရင်ဆုံး အရေပြားထိန်းသိမ်းစောင့်ရှောက်မှုလုပ်ရပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကို စတင်ပျိုးထောင်ဖို့လည်းလိုသလိုနေ့စဉ်နေ့တိုင်း လိုအပ်တဲ့အရေပြားထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်ဖို့လည်း လိုအပ်ပါတယ်လို့ရှင်းပြပါတယ်။ အရေပြား ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်လုပ်ဆောင်ရမယ့်နည်းလမ်းတွေထဲကတော့ မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် မျက်နှာသစ်ဖို့ပါ။ မနက်နိုးလာတာနဲ့ မျက်နှာကို အပျော့စားမျက်နှာသစ်ဆပ်ပြာတစ်မျိုးမျိုးနဲ့သစ်ပေးဖို့လိုအပ်ပြီး ညအိပ်ရာမဝင်ခင်မှာလည်း တစ်ကြိမ်မျက်နှာသစ်ဖို့လိုအပ်တယ်ဆိုတာကို ဆရာဝန်က ရှင်းပြပါတယ်။ တဆက်တည်းမှာ ဆရာက သဘာဝပစ္စည်းတွေနဲ့ အခြေခံထုတ်လုပ်ထားပြီး အသားရေပေါ်က အမဲစက်တွေကိုလျော့ပါးစေနိုင်တဲ့သတ္တိနဲ့ မျက်နှာအရေပြားကိုပြန်လည်အားဖြည့်ပေးတဲ့ သတ္တိတွေ ပါဝင်တဲ့ မျက်နှာသစ်ဆေးမျိုးက အသားရေဖြူစင်ဝင်းပပြီး ကျန်းမာဖြူဝင်းတဲ့ အသားအရေ ပုံစံမျိုးရဖို့အတွက် အထောက်အကူပြုနိုင်လိမ့်မယ်လို့ ရှင်းပြခဲ့ပါတယ်။ အဲဒီမျက်နှာသစ်ဆေးကို အသုံးပြုပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် မျက်နှာကို စနစ်တကျသစ်တဲ့အခါမှာ ရလာတဲ့ရလဒ်က မီမီကိုယ်တိုင်တောင် အံ့သြသွားမိလောက်အောင်ဖြစ်ရပါတယ်။ ဒါပေမယ့် မျက်နှာသစ်နေရုံနဲ့တော့လည်း မပြီးသွားပါဘူး။ အရေပြားပေါ်က မျက်စိနဲ့မမြင်နိုင်တဲ့ အညစ်အကြေးတွေနဲ့ ဖုန်မှုန့်တွေကို သန့်စင်နိုင်စေဖို့အတွက် တိုနာသုံးဖို့ကအရေးပါတဲ့ အသားအရေထိန်းသိမ်းမှုအဆင့်တစ်ခုဆိုတာကို ဆရာက မီမီနားလည်အောင် ဆက်ရှင်းပြပါတယ်။ တိုနာတွေမှာလည်း ဝက်ခြံထွက်တဲ့ အသားအရေအတွက် ၊အဆီပြန်တဲ့အသားအရေနဲ့ အသားအရေမညီညာသူတွေအတွက်ဆိုပြီး ထုတ်ထားတာတွေက အမျိုးကိုစုံနေတာပါပဲ။

    Serum နဲ့ Day Cream ဆက်သုံးပါ။

    တိုနာသုံးပြီးရင်တော့ မျက်နှာပေါ်က အမည်းစက်တွေကိုလျော့ပါးသက်သာစေဖို့ serum ဆက်သုံးရပါတယ်။ Serum က လိုအပ်တဲ့ရေဓါတ်ကိုဖြည့်တင်းပေးပြီး အရေပြားအစိုဓါတ်ကို ထိန်းပေးနိုင်စွမ်းရှိပါတယ်။ Serum အသုံးပြုတာကသူ့နောက်ကလိမ်းမည့် အစိုဓါတ်ထိန်းခရမ်အသုံးပြုတဲ့အခါ စုပ်ယူမှုအားကောင်းအောင်လည်း အထောက်အကူပြုပါတယ်။ စိတ်ရှည်လက်ရှည်ရှင်းပြတဲ့ဆရာ့ကျေးဇူးကြောင့် မီမီတစ်ယောက် အသားရေထိန်းသိမ်းမှုအဆင့်တွေနဲ့ သူတို့ရဲ့ အရေးပါပုံတွေကို အသေအချာ နားလည်ခဲ့ရပါတယ်။ Serum လူးပြီးရင်ရေဓါတ်ထိန်းသိမ်းတဲ့ (moisturizer) တစ်မျိုးမျိုးသုံးဖို့ မျက်နှာတင်မကဘဲ လည်ပင်းအထိ သုံးပေးဖို့တွေကို ဆရာက အသေအချာမှာလိုက်ပါသေးတယ်။ မီမီက အဆီပြန်တတ်တဲ့အသားရေရှိတာကြောင့်ရေဓါတ်ကိုအခြေခံထားတဲ့ အစိုထိန်းခရမ်ကိုရွေးချယ်သုံးပေးဖို့တော့ သတိပေးလိုက်ပါတယ်။ မျက်နှာအရေပြားကို သန့်ရှင်းကြည်လင်ပြီး ဝင်းပဖြူစင်နေဖို့ဆိုရင်နောက်ထပ်လိုအပ်တာကတော့ အရေပြားအားဖြည့်တဲ့နေ့လိမ်းခရမ် (day cream) တစ်မျိုးမျိုးကိုရွေးချယ်အသုံးပြုဖို့ပါ။

    လိမ်းဖို့မဖြစ်မနေလိုအပ်တဲ့ Sun cream

    နေရာင်ခြည်က အရေပြားအတွက် အန္တရာယ်များတာဖြစ်တာကြောင့် အပြင်ပဲထွက်ထွက် အလင်းရောင်ရတဲ့နေရာ အိမ်တွင်းမှာပဲနေနေနေလောင်ကာခရမ်မ်မမေ့မလျော့လိမ်းပေးဖို့က အသားရေထိန်းသိမ်းရာမှာနောက်ထပ်အရေးပါတဲ့အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ SPF အနည်းဆုံး ၃၀အထက်နေလာင်ကာခရမ်မ်အသုံးပြုခြင်းအားဖြင့် အမည်းစက်၊ တင်းတိပ်နဲ့ တခြားအရေပြားပြဿနာတွေကိုလျော့ပါးစေနိုင်တယ်လို့ ဆရာကရှင်းပြပါတယ်။ မီမီက အဲဒါတွေကိုမသိဘဲ မိတ်ကပ်ပဲလိမ်းပြီး အပြင်ထွက်နေတဲ့အခါကျတော့ အခုလိုမျိုး မျက်နှာအသားရေကို ဆိုးဆိုးရွားရွားထိခိုက်စေတော့တာပေါ့။

    မိတ်ကပ်တွေဖျက်ပြီး Night cream နဲ့ ပြန်လည် အားဖြည့်ပါ

    အော် ဆရာမှာလိုက်တဲ့အထဲက အရေးကြီးဆုံးတစ်ချက်ကိုမေ့နေသေးတယ်။ မိတ်ကပ်တွေနဲ့ အပြင်သွားပြီး အိမ်ပြန်ရောက်တဲ့အခါမှာ လုံးဝမေ့လို့မရတာက တစ်နေ့လုံးလိမ်းထားတဲ့ အလှအပတွေကို စနစ်တကျဖျက်ပြီး မျက်နှာကို အားဖြည့်ပေးမယ့် ညလိမ်းခရမ်တစ်မျိုးမျိုးလိမ်းအိပ်ဖို့ပါ။ ညလိမ်းခရမ်ဟာဆိုရင် ဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကို တွန်းအားပေးတဲ့အတွက် အသားရေအတွက်ရေဓါတ်နဲ့ တခြားလိုအပ်တဲ့အာဟာရဓါတ်တွေကိုဖြည့်တင်းပေးနိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့် ပျက်စီးနေတဲ့မီမီလိုအသားရေမျိုးအတွက် အရမ်းအထောက်အကူပြုနိုင်ပြီးဖြူစင်ဝင်းပလာနိုင်စေမယ်လို့ ဆရာက အသေအချာပြောပြပါတယ်။နည်းနည်း အလုပ်ရှုပ်ပေမယ့် လှချင်တာကြောင့် အသားရေထိန်းသိမ်းမှုစနစ်တွေကို မီမီလိုက်နာခဲ့တဲ့အခါ မီမီရဲ့ လက်ရှိမျက်နှာအသားရေရဲ့ဖြူစင်ဝင်းပလာမှုကို လူတိုင်းသတိထားမိလောက်အောင်တောင်ဖြစ်နေပြီလေ။ဖြူနေတာမျိုးတင်မဟုတ်ဘဲ ဝင်းဝင်းပပနဲ့ သန့်ရှင်းနေမှုကလည်းနောက်ထပ် သိသာတဲ့အချက်တစ်ချက်ပါ။

    မီမီလိုပဲ အလှအပကြိုက်တဲ့ မိန်းကလေးတွေအနေနဲ့သတိထားသင့်တဲ့ အချက်တစ်ခုက အသားအရေလှပချင်တယ်ဆိုရင် စိတ်ရှည်ရှည်ထားပြီး မှန်ကန်တဲ့ အသားအရေထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတာပါပဲ။ အသားအရေထိန်းသိမ်းစောင့်ရှောက်တဲ့ အခါမှာလည်း ကိုယ့်အသားအရေနဲ့လိုက်ဖက်မယ့် သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကို အသုံးပြုဖို့ကလည်းမေ့ထားလို့မရတဲ့အချက်တစ်ခုပါ။ လှပမှုက လူတိုင်းနီးပါးခုံမင်တဲ့အချက်တစ်ခုဖြစ်တယ်ဆိုပေမယ့် မှန်မှန်ကန်ကန်လှပအောင်လုပ်မှသာပြစ်မျိုးမှဲ့မထင် အလှမျိုးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်လို့။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement