backup og meta

အိမ်မှာ အနားရတုန်း အသားအရေလေး ဂရုစိုက်စို့


Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မှာ အနားရတုန်း အသားအရေလေး ဂရုစိုက်စို့

    ခုဆိုရင် ကုမ္ပဏီ တော်တော်များများက ခွင့်ရက်ရှည် အနေနဲ့ ပိတ်ပေးလိုက်ပြီ၊ တချို့ကျတော့လည်း Work from Home ဆိုပြီး ရုံးမလာဘဲ အိမ်ကနေပဲ အလုပ်လုပ်ဖို့ ခွင့်ပြုမိန့်ကျလာပြီ၊ COVID-19 ရဲ့ အခြေအနေကလည်း မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ အရေအတွက်က တဖြည်းဖြည်း များလာနေပြီဆိုတော့ အပြင်သွားလို့ကလည်း သိပ်အဆင်မပြေတော့ဘူးနော်။ ဒီတော့ အိမ်မှာနေရင်း အလွယ်တကူ လုပ်လို့ရမယ့် အသားအရေ ထိန်းသိမ်းနည်းလေးတွေကို ဒီဆောင်းပါးကနေ ဖတ်ကြည့်ကြတာပေါ့။

    ၁။ အခြေခံ လုပ်ရမယ့် Basic Step တွေကို ဘယ်တော့မှ မမေ့ပါနဲ့။

    အိမ်မှာပဲ နေနေ အပြင်ပဲ သွားသွား၊ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာလေးတော့ သစ်ပေးနော်။ ဘယ်မှ မသွားရဘူးဆိုပြီး တစ်ညလုံး အိပ်ထားတဲ့အတိုင်း နောက်နေ့ကျ နေဖင်ထိုးတဲ့အထိ အိပ်၊ ပြီးရင် သွားလည်း မတိုက်၊ မျက်နှာလည်း မသစ်ဘဲ မနက်စာစား၊ ညမိုးချုပ်တော့မှ မျက်နှာလေး ဖြစ်သလို သစ်ပြီး အိပ်ရင်တော့ အသားအရေတွေ ပျက်စီးနိုင်တယ်နော်။ ဒါကြောင့် မျက်နှာကို ပုံမှန်သစ်၊ ရေမှန်မှန်ချိုးတာလေးတော့ လုပ်ပေးပေါ့။

    ၂။ Scrub တိုက်ပေးပါ။

    အရင်ကတော့ အသားခြောက်မှာ စိုးတာက တစ်ကြောင်း၊ အချိန်မပေးနိုင်တာက တစ်ကြောင်းနဲ့ Scrubbing လုပ်ဖို့ သိပ်အချိန်မရဘူးဆိုတော့ ဒီလိုမျိုး အိမ်မှာ အနားရနေတဲ့ အချိန်လေးကို အကျိုးရှိစွာ အသုံးချလိုက်တာပေါ့။ Scrub လုပ်ရခြင်းက ကျွန်တော်တို့ အသားအရေပေါ်က ပျက်စီးသွားတဲ့ ဆဲလ်သေတွေကို ကွာကျစေဖို့၊ နောက်ထပ် ဆဲလ်အသစ်တွေ ထွက်ဖို့ကို ကူညီပေးပါတယ်။ ဟင်းချက်ပစ္စည်းလေးတွေ၊ ပန်းပွင့်လေးတွေ၊ ဆီသန့်လေးတွေ အစရှိသဖြင့် Scrub ကို ကိုယ့်ဘာသာ အိမ်မှာ အလွယ်တကူ လုပ်လို့ ရသလို အလှကုန်ဆိုင်တွေ၊ Online Shopping တွေကနေလည်း ဝယ်လို့ ရတယ်နော်။

    လူသုံးများတဲ့ Scrub အတွဲအစပ်လေးတွေ ဆိုရင်

    • သကြားဖြူ (သို့မဟုတ်) သကြားညိုနဲ့ ပျားရည်၊ သံပရာရည်

    • ညက်နေအောင် ကြိတ်ထားတဲ့ ကော်ဖီစေ့နဲ့ ပျားရည်

    • မုန့်ဖုတ်ဆိုဒါနဲ့ သံပရာအဆီအနှစ် (သို့မဟုတ်) သံလွင်ဆီ သန့်သန့် အစရှိသဖြင့် ကိုယ်တိုင်လုပ်လို့လည်း ရတယ်နော်။

    ၃။ အစိုဓာတ်ကို အမြဲထိန်းပါ။

    အသားအရေ အပြင်ပိုင်းက စိုလက်လက်လေး ဖြစ်နေဖို့ဆိုတာ အစိုဓာတ် ပြည့်ဝနေမှ ဖြစ်တာပါ။ ဒါကြောင့် ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ Moisturizer ကောင်းကောင်းလေးတော့ ဆောင်ထားဖို့ လိုမယ်နော်။ မျက်နှာသစ်ပြီးချိန်၊ ရေချိုးပြီးချိန်၊ Scrub တိုက်ပြီးချိန်၊ Mask ကပ်ပြီးချိန်တွေမှာ Moisturizer ကို လိုသလောက် ပမာဏလေး လက်မှာထည့်ပြီး မျက်နှာကို ဖွဖွလေး ပုတ်လိမ်းပေးရမယ်နော်။

    ၄။ ရေဓာတ်ကိုလည်း မမေ့ပါနဲ့။

    အစိုဓာတ်က အသားအရေရဲ့ အပြင်ပိုင်းကို ထိန်းသိမ်းပေးတာဆိုရင် ရေဓာတ်ကို အရေပြားရဲ့ အောက်အလွှာမှာ ရှိနေတဲ့ ဆဲလ်တွေကို အေးမြစေတယ်။ ခန္ဓာကိုယ်ကို အပူငြိမ်းစေပြီး အရောင်ကျစေတယ်၊ နီမြန်းတာတွေ မဖြစ်စေပါဘူး။ ဒီအတွက် ဘာကို လုပ်ပေးရမလဲဆိုရင် ရေများများသောက်ပါ။ ဟင်းသီးဟင်းရွက်၊ အရည်ရွှမ်းတဲ့ အသီးအနှံတွေကို များများစားပေးပါ။

    ၅။ အိပ်ရေးဝအောင် အိပ်ပါ။

    ဒီလိုမျိုး အိမ်မှာ အနားရနေတဲ့အချိန်မှ အိပ်ရေးဝအောင် မအိပ်ရင်တော့ ကပ်ဘေးငြိမ်းပြီး အကုန်လုံး အပြင်ထွက်လို့ ရပြီဆိုတော့မှ ပန်ဒါမျက်ကွင်းနဲ့ ကြည့်မလှ ဖြစ်နေမယ်နော်။ ဒါကြောင့် ညဘက်ကို ဘာသတင်း၊ ညာသတင်းတွေ စောင့်ကြည့်မနေဘဲ အိပ်ပါ။ အိပ်ချိန်ကို များများပေးနိုင်လေ၊ ပိုကောင်းလေပါပဲ။ နေ့ခင်းဘက် တစ်ရေးတစ်မော အိပ်ချင်လည်း အိပ်ချလိုက်ပါ။ ဒီအချိန်မှာ အပြည့်အဝ အနားယူခြင်းဟာ အသားအရေအတွက်သာမက ကိုယ်ခံအားကောင်းစေဖို့ပါ ကူညီပေးနိုင်ပါတယ်။

    ၆။ အိပ်ခါနီး Mask ကပ်ပေးပါ။

    ကိုယ့်ဘာသာ လုပ်လို့ရတဲ့ DIY Mask လေးတွေလည်း အသုံးပြုနိုင်သလို စတိုးဆိုင်တွေကနေ Sheet Mask လိုမျိုး အထုပ်လိုက် ဝယ်ပြီး ကပ်ပေးလို့လည်း ရပါတယ်။ ညအိပ်ခါနီး Mask လေး ကပ်၊ ပြီးရင် Moisturizer လေး လိမ်း၊ စိတ်ကို အေးအေးထားပြီး အိပ်စက် အနားယူလိုက်ပါ။ မနက်နိုးလာတဲ့အချိန်ကျရင် အသားအရေလေး ဝင်းအိပြီး လှနေမှာဖြစ်သလို စိတ်ကလေးကလည်း ကြည်လင်နေမှာပါ။

    ခုလိုမျိုး အိမ်ကနေ အနားရနေတဲ့အချိန်မှာမှ အသားအရေကို သေချာဂရုမစိုက်ရင်တော့ နောက်ဆိုရင် ဂရုစိုက်ဖို့ ပိုပြီးတောင် အချိန်ရှိတော့မှာ မဟုတ်ဘူးနော်။ ဒါကြောင့် အပျင်းမကြီးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ကပ်ဘေးငြိမ်းသွားလို့ အပြင်ထွက်ရပြီဆိုတာနဲ့ ကိုယ့်ရဲ့ လှပဝင်းမွတ်နေတဲ့ အသားအရေကို အများမြင်အောင် ထုတ်ပြဖို့ ခုကတည်းက စတင်လိုက်ပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကပ်ဘေးအန္တရာယ်မှ လွတ်မြောက်ပြီး တစ်မိသားစုလုံး စိတ်ချမ်းသာနဲ့ ကိုယ်ကျန်းမာစေကြောင်း တောင်းဆုခြွေရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်နော်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement