backup og meta

အသားဖတ်တွေ ကွာနေတဲ့ ခြေထောက်ကို ဒီလိုကုစားကြရအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 12/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားဖတ်တွေ ကွာနေတဲ့ ခြေထောက်ကို ဒီလိုကုစားကြရအောင်

    လူတော်တော်များများက မျက်နှာနဲ့ ကိုယ်ခန္ဓာအလှအပကိုပဲ ဂရုစိုက်ရင်းနဲ့ ခြေထောက်လေးတွေကို သေချာပြုစုပေးဖို့ မေ့တတ်ကြတယ်နော်။ တကယ်တော့ ဒီခြေထောက်လေးတွေက ဘယ်ပဲသွားသွား ကျွန်တော်တို့ရဲ့ ကိုယ်အလေးချိန်တစ်ခုလုံးကို ဟန်ချက်ညီအောင် ထိန်းပေးရတဲ့ ထောက်တိုင်တွေပါ။ အပြင်က အမြဲတမ်းသွားလာတာ၊ ဒေါက်ဖိနပ်တွေ၊ ကျပ်လွန်းတဲ့ ဖိနပ်တွေ၊ ပြေးလွှားလှုပ်ရှားရတဲ့ အားကစားလုပ်လွန်းတာ၊ နေရောင်ခြည်ဒဏ်ကြောင့် ခြေထောက်တွေက အစိုဓာတ်ခမ်းခြောက်ပြီး ကြာလာရင် အသားဖတ်တွေ ကွာလာတတ်တယ်နော်။ ဒီအတွက်တော့ စိတ်မပူပါနဲ့။ ခြေထောက်အသားပပ်တာ၊ အက်ကွဲပြီး ခြောက်နေတာ၊ ခြေဖနောင့် ကြမ်းနေတာ၊ အရောင်မညီ မည်းညစ်နေတာတွေကို ကုစားပေးမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးမယ်နော်။

    ခြေထောက်က အသားဘာလို့ ကွာတာလဲ။

    လွယ်လွယ်ပြောရမယ်ဆိုရင်တော့ အသားခြောက်လို့ပါပဲ။ သဘာဝအတိုင်း နူးညံ့ချောမွေ့နေစေဖို့ အရေပြားက သဘာဝအဆီဖြစ်တဲ့ sebum ကို အမြဲထုတ်လုပ်ပေးရပါတယ်။ ဒီအဆီတွေ ခမ်းခြောက်သွားတဲ့အခါ ခြေထောက်အသားက မွဲခြောက်ခြောက်ဖြစ်လာတယ်။ ဖိနပ်အကျပ်တွေစီးပြီး တစ်နေကုန် အပြင်ထွက်သွားလာတယ်။ ပြီးရင် ဒီပျက်စီးနေတဲ့ ခြေထောက်ကို အသားအရေပြုပြင်ထိန်းသိမ်းတာတွေ ဘာမှပြန်မလုပ်တော့ ဆဲလ်အသေတွေ စုမိပြီး အသားကကြမ်းခြောက်လာကာ အသားဖတ်တွေ အမြဲကွာကျနေတော့တာပေါ့။

    ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

    ၁။ ရေချိုးတဲ့အချိန်မှာ ခြေထောက်ကို သေချာတိုက်ချွတ်ဆေးကြောဖို့ မမေ့ပါနဲ့။ ခြေသည်း၊ ခြေချောင်းကြား၊ ခြေဖဝါး၊ ခြေဖနောင့်၊ ခြေဖမိုး နေရာအစုံကို ဆပ်ပြာတိုက်ပြီးသွားရင် ချေးတွန်းကျောက်နဲ့ဖြစ်ဖြစ် ဖြည်းဖြည်းချင်း တိုက်ပေးပါ။

    ၂။ ရေချိုးပြီးသွားတဲ့အခါ ခြေထောက်လိမ်းခရင်မ် တစ်ခုခု လိမ်းလို့ရပါတယ်။ အစိုဓာတ်လည်း ထိန်းပေးနိုင်မယ်၊ အာဟာရဓာတ်လည်း ဖြည့်ပေးနိုင်မယ်၊ အသားကို နူးညံ့သွားစေနိုင်တဲ့ ပစ္စည်းတွေ သုံးပေးနိုင်ရင် ပိုကောင်းပါတယ်။

    ၃။ ညအိပ်တဲ့အခါ ခြေဗလာမအိပ်ပါနဲ့။ Lotion ဒါမှမဟုတ် အစိုဓာတ်ထိန်းခရင်မ်နဲ့ ခြေထောက်တစ်ခုလုံး နှံ့နေအောင် လိမ်းပြီးသွားရင် ခြေအိတ်အပါးလေး ဝတ်အိပ်ပေးပါ။

    ၄။ အားလပ်ရက် အချိန်ပေးနိုင်တယ်ဆိုရင် ရေနဲ့ ရှာလကာရည်ရောပြီး ခြေထောက်ကို ဆယ်မိနစ်လောက် စိမ်ထားပေးလို့ ရပါတယ်။

    ၅။ ဒေါက်မြင့်ဖိနပ်၊ အားကစားဖိနပ်တွေကို အကြာကြီး မစီးပါနဲ့။ ခြေထောက်အတွက် လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာဖြစ်စေမယ့် ခြေညှပ်ဖိနပ်အပါးတွေကိုပဲ စီးပေးပါ။

    ၆။ ကိုယ်ခန္ဓာအတွက် ကြေးချွတ်တဲ့နေရာမှာ သုံးတဲ့ Scrub တွေကို ခြေဖဝါးအတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ တစ်ခုသတိထားရမှာကတော့ Scrub တိုက်ပြီး ကြေးချွတ်တာကို တစ်ပတ် ၂ကြိမ်သာ အများဆုံးလုပ်ပေးရမှာဖြစ်ပြီး ကြေးချွတ်ပြီးသွားတဲ့အခါမှာလည်း ခြေထောက်ကို အစိုဓာတ်ပြန်ထိန်းပေးဖို့ပါ။

    ၇။ ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ ဗီတာမင် စီ အားဆေးတွေကို သောက်ပေးပါ။

    ဒီနည်းလမ်းတွေသာ မှန်မှန်လုပ်ပေးမယ်ဆိုရင် အသားပပ်ပြီး ကြမ်းခြောက်နေတဲ့ ခြေထောက်လည်း နဂိုအတိုင်း နူးညံ့ချောမွေ့သွားမှာ အသေအချာပါပဲ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 12/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement