backup og meta

အရေးအကြောင်း တွေ ဖြစ်တာကို လျော့နည်းအောင် ဂရုစိုက်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေးအကြောင်း တွေ ဖြစ်တာကို လျော့နည်းအောင် ဂရုစိုက်ကြမယ်

    လူတွေဟာ အသက်ကြီးလာတဲ့အခါ အရေးအကြောင်း တွေ တဖြည်းဖြည်းဖြစ်လာပြီး အိုမင်းရင့်ရော်လာကြပါတယ်။ အဲဒီလို အရေးအကြောင်းတွေ ဖြစ်ရတာဟာ အဓိကအားဖြင့်တော့ အသက်ကြီးလာတာနဲ့အမျှ collagen လို့ခေါ်တဲ့ အသားအရေကို တင်းရင်းနုပျိုစေတဲ့ ပရိုတင်းလေးတွေ ထုတ်တာနည်းလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကတော့ လူတိုင်းမှာ ဖြစ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။

    ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် အသက်အရွယ်ချင်းအတူတူတောင်မှ တချို့တွေက အရေးအကြောင်းတွေ သိပ်မရှိဘဲ ပိုပြီးနုပျိုကြတာကို တွေ့ဖူးကြမှာပါ။ ဒါက မျိုးရိုးဗီဇ နဲ့လည်း သက်ဆိုင်ပေမယ့် အခြား နေထိုင်မှုပုံစံတွေ၊ ဂရုစိုက်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် အရေးအကြောင်းတွေ ပျောက်ကင်းအောင်၊ နုပျိုအောင် ဆေးဝါး (သို့) ခွဲစိတ်ခြင်း အစရှိတဲ့ ခေတ်မီ နည်းလမ်းတွေလည်း အများကြီးလည်း ရှိလာပါတယ်။ ဒီဆောင်းပါးလေးမှာကတော့ ဆေးဝါးနဲ့ ခွဲစိတ်ပြုပြင်နည်းတွေနဲ့ မဟုတ်ဘဲ အရေးအကြောင်းတွေ မြန်မြန်မဖြစ်လာအောင်၊ လျော့နည်းအောင်၊ ပိုပြီးနုပျိုအောင် ဘယ်လိုနေထိုင်ကြမလဲ ဆိုတဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။

    ၁။ နေပူထဲ ထွက်တဲ့အခါ ဂရုစိုက်ပါ။

    နေရောင်ခြည်နဲ့ အကာအကွယ်မပါဘဲ တိုက်ရိုက်ထိတွေ့ခြင်းက အရေးအကြောင်းတွေကို မြန်မြန်ဖြစ်လာစေနိုင်တဲ့ အဓိက အကြောင်းအရင်းတစ် ဖြစ်ပါတယ်။ ဒါ့ကြောင့် နေရောင်ခြည်အရမ်းပြင်းတဲ့ မနက် ၁၀နာရီလောက်ကနေ ညနေ ၄နာရီလောက်ထိကို တတ်နိုင်သမျှ အပြင်မထွက်သင့်ပါဘူး။ မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း နေလောင်ကာ sunscreen ကို အသုံးပြုသင့်ပါတယ်။ sunscreen ရွေးချယ်တဲ့အခါမှာ UV protection နဲ့ sun protection factor (SPF) အနည်းဆုံး 30 ပါဝင်တဲ့ sunscreen မျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။

    ၂။ ရေဓာတ်ပြည့်ဝအောင်နေပါ။

    ရေဓာတ်ပြည့်ဝအောင် ရေများများသောက်ပေးမယ်ဆိုရင် အသားအရေပျက်စီးမှုတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် အရေပြားတင်းရင်းအောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် ရေများများသောက်ဖို့ မမေ့ကြပါနဲ့နော်။

    ၃။ moisturizer အသုံးပြုပါ။

    ရေများများသောက်ရုံတင်မကဘဲ မျက်နှာအသားအရေကို ရေဓာတ်ပြည့်နေစေဖို့ ကိုယ်နဲ့ အဆင်ပြေတဲ့ moisturizer ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်အပြီးမှာ အသုံးပြုပေးသင့်ပါတယ်။ ဒါ့အပြင် လေ့လာချက်တွေအရ hyaluronic acid နဲ့ ဗီတာမင် C ပါဝင်တဲ့ moisturizer တွေက အရေးအကြောင်းတွေဖြစ်လာတာကို လျော့နည်းစေတဲ့ အစွမ်းသတ္တိရှိတာကို တွေ့ရပါတယ်။

    ၄။ အိပ်ရေးဝအောင်အိပ်ပါ။

    အိပ်ရေးမဝတဲ့အခါမှာ ခန္ဓာကိုယ်က cortisol လို့ခေါ်တဲ့ ဟော်မုန်းလေးတွေ ပိုထုတ်ပါတယ်။ အဲဒီဟော်မုန်းလေးတွေက အရေပြားဆဲလ်လေးတွေကို ဖျက်ဆီးပစ်နိုင်ပြီး အရေးအကြောင်းတွေကို ပိုဖြစ်စေပါတယ်။ ဒါ့ကြောင့် တင်းရင်းကြည်လင်တဲ့ အသားအရည်ကိုရဖို့ အိပ်ရေးဝအောင်(တစ်နေ့ကို အနည်းဆုံး ၈နာရီခန့်) အိပ်သင့်ပါတယ်။

    ၅။ ခဏခဏ မျက်မှောင် မကျုံ့ပါနဲ့။

    မျက်မှောင်ကျုံ့တဲ့အခါ မျက်နှာမှာ ရှိတဲ့ အရေပြားလေးတွေ၊ ကြွက်သားလေးတွေက အရမ်းအလုပ်လုပ်ရတဲ့အတွက် မကြာခဏ မျက်မှောင်ကျုံ့တတ်တဲ့ သူတွေဆိုရင် အရေးအကြောင်းတွေ ပိုအဖြစ်လွယ်ပါတယ်။ ဒါ့ကြောင့် နေရောင်ကို မခံနိုင်လို့ မျက်မှောင်ကျုံ့ကျုံ့နေမိတယ်ဆိုရင် နေကာမျက်မှန် တတ်တာမျိုး၊ မျက်မှောင် ခဏခဏ ကျုံ့တတ်တဲ့ အကျင့်ရှိတယ်ဆိုရင် သတိထားပြီး ပြုပြင်တာမျိုး၊ အားစိုက်ပြီး ကြည့်ရတာကြောင့် ဆိုရင် ဆရာဝန်နဲ့သေချာပြသပြီး လိုအပ်ရင် မျက်မှန်တပ်တာမျိုး လုပ်သင့်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ မျက်နှာအနေအထားကို ဖြေလျော့ထားဖို့ကလည်း အရေးကြီးပါတယ်။

    ၆။ ဆေးလိပ်မသောက်ပါနဲ့။

    ဆေးလိပ်သောက်ခြင်းဟာ အသားအရေတင်းရင်းမှုတွေကို ဖြစ်စေတဲ့ collagen နဲ့ elastin fibres ပျက်စီးစေတဲ့အပြင် ဆေးလိပ်မှာပါတဲ့ nicotine က သွေးကြောတွေကို ကျဉ်းစေတာကြောင့် မျက်နှာကို သွေးစီးဆင်းမှုလျော့နည်းစေနိုင်ပါတယ်။ ဒါ့ကြောင့် မျက်နှာဆီကို လိုအပ်တဲ့ အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေ မရနိုင်ဘဲ အရေးအကြောင်းတွေကို ပိုဖြစ်စေနိုင်ပါတယ်။

    ၇။ ပက်လက်အိပ်ပါ။

    ၂၀၁၆ မှာလုပ်ထားတဲ့ လေ့လာချက်တစ်ခုအရ ဘေးတိုက်(သို့) မှောက်ပြီး အိပ်တဲ့သူတွေဟာ မျက်နှာအပေါ် ဖိမိတဲ့အားကြောင့် အရေးအကြောင်းတွေကို ပိုဖြစ်လာစေပါတယ်။ ဒါ့ကြောင့် ဘေးစောင်း (သို့) မှောက်ပြီး အိပ်တတ်တဲ့သူတွေအနေနဲ့ တဖြည်းဖြည်းအချိန်ယူပြီး ပက်လက်အိပ်တဲ့ပုံစံကို ကြိုးစားကြည့်သင့်ပါတယ်။

    ၈။ ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပါ။

    အသင့်စား အစားအစာတွေ၊ snacks တွေ၊ ပြည့်ဝဆီများတဲ့ အစားအစာတွေ အများကြီးစားသုံးတဲ့ သူတွေမှာ အရေးအကြောင်းတွေ ပိုဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်စားနေတဲ့ အစားအသောက်ပုံစံကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ antioxidant နဲ့ အာဟာရဓာတ်တွေ ကြွယ်ဝပြီး အသားအရည်ကို တင်းရင်းစေတဲ့ လက်ဖက်စိမ်း၊ သံလွင်ဆီ၊ ဆယ်လမွန်ငါး၊ ထောပတ်သီး၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ပန်းဂေါ်ဖီစိမ်း၊ အစေ့အဆံများ၊ နဲ့ သဘာဝအသီးအရွက်တွေ စားပေးသင့်ပါတယ်။

    ဒါ့ပြင် ဗီတာမင် A ကနေရရှိတဲ့ retinoid ဟာလည်း collagen ကို များအောင် ကူညီပေးနိုင်တဲ့အတွက် retinoid ကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး လိမ်းဆေးအနေနဲ့ ဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။

    Hello ဆရာဝန် ပရိသတ်ကြီးလည်း ဒီလို ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးတွေအသုံးပြုပြီး ကျန်းမာနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

    ရေးသားသူ – Khine Phoo Ngon

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement