backup og meta

အရေပြားအိုမင်းရင့်ရော်ခြင်း


Dr. Sandar Lin မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားအိုမင်းရင့်ရော်ခြင်း

    အရေပြားဟာ များစွာသော အရေးကြီးတဲ့ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရတဲ့ ခန္ဓါကိုယ်ရဲ့အကြီးမားဆုံးသော အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အန္တရာယ်ပေးနိုင်တဲ့ အရာများကို ကာကွယ်ပေးနိုင်ရုံသာမက ပြင်ပပတ်ဝန်းကျင်နှင့် ထိတွေ့နေရတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အရေပြားဟာ မိမိတို့ပုံပန်းသဏ္ဍာန်ပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ သို့သော်လည်း အချိန်ကြာလာတာနှင့်အမျှ အရေပြားဟာ အိုမင်းရင့်ရော်လာပြီး လှပမှုစွမ်းရည်ကို ကျဆင်းစေပါတယ်။ အရေပြားအိုမင်းရင့်ရော်စေတဲ့အကြောင်းအရင်းတွေကို နားလည်သိရှိထားရင် အိုမင်းရင့်ရော်မှုကို နှေးကွေးစေမှာ ဖြစ်ပါတယ်။

    ဘယ်လိုအကြောင်းအရာတွေကြောင့် အရေပြားအိုမင်းရင့်ရော်စေပါသလဲ။

    အရေပြားအိုမင်းရင့်ရော်ခြင်းဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးပြင်းလာတာနှင့်အမျှ ခန္ဓါကိုယ်တွင်း ဇီဝဖြစ်စဉ်များမှာ အရင်ကလောက် ကောင်းမွန်စွာမလုပ်ဆောင်နိုင်တော့ပါ။ ဒီလိုအခြေအနေဟာ ခန္ဓါကိုယ်တွင်း collagen (အရေပြားတင်းရင်းစေသောကော်လာဂျင်) နှင့် elastin (ကျုံ့နိုင်ဆန့်နိုင်စွမ်းရည်) များ ကျဆင်းခြင်း၊ ဆဲလ် အသေများကွာကျခြင်းကို နှေးစေပြီးဆဲလ်အသစ်ဖြစ်ပေါ်နိုင်စွမ်းကို ကျဆင်းစေကာ အရေပြားအောက်ရှိအဆီလွှာများကိုလည်း ဆုံးရှုံးစေပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာအရေပြားကိုအိုမင်းရင့်ရော်စေတာပါ။

    • နေရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်း

    နေရောင်ခြည်မှပါရှိတဲ့ ခရမ်းလွန်ရောင်ခြည်များဟာ ခန္ဓါကိုယ်တွင်းရှိCollagen နှင့် Elastin တို့ကိုဖျက်ဆီးနိုင်ပြီး အရေပြားတင်းရင်းခြင်းနှင့် ကျုံ့ဆန့်စွမ်းရည်ကို ကျဆင်းစေပါတယ်။ အချိန်ကြာမြင့်စွာ နေရောင်ခြည်ကို ထိတွေ့ခြင်းဟာ အရေပြားအရောင်ရင့်လာခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

    • မျက်နှာအမူအရာများထပ်ခါထပ်ခါပြုလုပ်ခြင်း

    မျက်နှာကြွက်သားများကို အသုံးပြုလိုက်တဲ့အခါတိုင်း သင့်အရေပြားအောက်မှာေ မောင်းပုံစံတစ်ခု ဖြစ်ပေါ်တတ်ပါတယ်။ အဆက်မပြတ် အချိန်ကြာမြင့်စွာ မျက်နှာအမူအရာများ ထပ်ခါထပ်ခါပြုလုပ်မယ်ဆိုရင် (ဥပမာ-မျက်လုံးစွေပြခြင်းနှင့် ပြုံးရယ်ခြင်း) အရေပြားဟာ သူ့နေရာမှန်ပြန်မရောက်နိုင်တော့ဘဲ တစ်သက်တာအရေးအကြောင်းများကို ဖြစ်စေပါတယ်။

    • ဆေးလိပ်နှင့် အရက်သေစာသောက်စားခြင်း

    ထိုအမူအကျင့်များဟာ အရေပြားရဲ့သွေးလည်ပတ်မှုကို ထိခိုက်စေပြီးအရေပြားဆီသို့ အောက်ဆီဂျင်နှင့် အစာအာဟာရရောက်ရှိမှုကို လျော့နည်းစေပါတယ်။ အစာအာဟာရကောင်းမွန်စွာ မရရှိတဲ့အခါ အရေပြားဟာကျုံ့နိုင်ဆန့်နိုင်စွမ်း လျော့ကျပြီး ညိှုးနွမ်းနိုင်ပါတယ်။

    အိုမင်းရင့်ရော်လာသောအရေပြား၏လက္ခဏာများ

    ယေဘုယျအားဖြင့် အသက်(၃၀)ကျော်တာနဲ့ အရေပြားအိုမင်းရင့်ရော်ခြင်းကို ပြသတဲ့ အချို့သောလက္ခဏာများကို ခံစားရမှာဖြစ်ပါတယ်။

    • အရေပြားခြောက်သွေ့ယားယံခြင်း

    သင့်အရေပြားဟာထူလာပြီး ခြောက်သွေ့ကာ ချောမွတ်ပြောင်လက်မှု လျော့ကျလာနိုင်ပါတယ်။

    • အရေးအကြောင်းများ

    အရေးအကြောင်းဆိုတာ အကြောင်းအရင်းမျိုးစုံပေါ် မူတည်ပြီး ဖြစ်ပေါ်လာသော အတိမ်အနက် အမျိုးမျိုးရှိတဲ့လိုင်း (သို့) အတွန့်ကြောင်းများဖြစ်ပါတယ်။ အရေးအကြောင်းများ သိသာထင်ရှားတဲ့နေရာများကတော့ မျက်လုံး၊ နှုတ်ခမ်း၊ ခံတွင်းနှင့် လည်ပင်းတစ်ဝိုက်ဖြစ်ပါတယ်။

    • အစက်အပြောက်များ

    နေလောင်စက်ဆိုသည်မှာ နေရောင်ခြည်နှင့်ကြာရှည် ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ အညိုရောင်အစက်အပြောက်များဖြစ်ပါတယ်။ မျက်နှာ၊ လက်၊ လက်မောင်း၊

    ကျောနှင့် ခြေထောက်တို့မှာ တွေ့ရတတ်ပါတယ်။

    • အသားပိုများ

    အရေပြားမျက်နှာပြင်မှ မြင့်တက်နေတဲ့ သေးငယ်ပြီး ပျော့ပျောင်းတဲ့အဖုအထစ်လေးများ ဖြစ်ပါတယ်။ မျက်ခွံ၊ လည်ပင်း၊ ဂျိုင်းကြား၊ ပေါင်ခြံကြားနှင့် ရင်သားအောက် တို့မှာ တွေ့ရတတ်ပါတယ်။

    အရေပြားအိုမင်းရင့်ရော်ခြင်းမဖြစ်အောင်ကာကွယ်ခြင်း

    အချိန်ကိုတော့ရပ်တန့်လို့မရပါ။ ဒါပေမယ့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။ အရေပြားကို ကာကွယ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်တဲ့ အရေပြားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

    • နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုကိုရှောင်ကြဉ်ပါ

    နေရောင်ခြည်ကြောင့် အရေပြားထိခိုက်ပျက်စီး ခြင်းကို ကာကွယ်ဖို့ အပြင်ထွက်ရင် နေကာမျက်မှန်၊ အင်္ကျီလက်ရှည်နှင့် အနားကျယ်သောဦးထုပ်တို့ကို အသုံးပြုပါ။ အထူးသဖြင့် မိမိနေထိုင်ရာ ရာသီဥတုနှင့် ကိုက်ညီတဲ့ ခရမ်းလွန်ရောင်ခြည် ကာကွယ်နိုင်သော SPF ပါတဲ့နေလောင်ခံခရင်မ်ကို ရွေးချယ်အသုံးပြုပါ။

    • အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးနိုင်တဲ့စားသောက်မှုပုံစံ

    သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အိုမီဂါသရီးဖက်တီးအက်ဆစ်ပါတဲ့ အစားအသောက်များ (ဥပမာ-တူနာငါးနှင့်ဆော်လမွန်ငါး)ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိများပါဝင်ပါတယ်။ သကြားဓါတ်မြင့်မားတဲ့မုန့်ပဲသရေစာတွေစားမယ့်အစား အဆိုပါအစားအစာများကို စားသုံးသင့်ပါတယ်။

    • နေထိုင်မှုပုံစံ

    အကယ်၍ သင်ဟာဆေးလိပ် (သို့မဟုတ်) အရက်သေစာ အလွန်အကျွံသောက်သုံးတယ်ဆိုရင် ဒီအမူအကျင့်များဟာ သင့်ကျန်းမာရေးနှင့် အရေပြားကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့အတွက် ဖျောက်ဖျက်သင့်ပါတယ်။ ဒါ့အပြင် ညဘက်နောက်ကျမှ အိပ်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ လုံလောက်စွာ အိပ်စက်အနားယူခြင်းဟာ သင့်ခန္ဓါကိုယ်အတွက် လွန်စွာကောင်းမွန်ပြီး လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ပါတယ်။

    • ဆေးဝါးများအသုံးပြုခြင်း

    အိုမင်းရင့်ရော်ခြင်းကို လျော့ကျစေလိုသောရည်ရွယ်ချက်နှင့် ပြုလုပ်ထားတဲ့ဆေးဝါးများဟာ ယခုအခါလူအများ သိရှိလက်ခံပြီးနှ စ်ခြိုက်ကြပါတယ်။ ကျွမ်းကျင်ပညာရှင်များရဲ့လမ်းညွှန်မှုနှင့် သေချာလိုက်နာသောက်သုံးပါ။

    သင့်အသားအရေနုပျိုလာအောင် ဘာတွေလုပ်သင့်သလဲ။

    အလှအပဆိုင်ရာလုပ်ထုံးလုပ်နည်းများက သင့်နုပျိုမှုကိုပြန်လည်ပေးစွမ်းနိုင်မှာပါ။ လုံခြုံစိတ်ချရဖို့အတွက် လိုင်စင်ရ အရေပြားအထူးကုဆီမှာသာ ကုသမှုခံယူသင့်ပါတယ်။

    • Botox ထိုးခြင်း

    • စက်ကိရိယာသုံးပြီး အပေါ်ယံအရေပြား ဆဲလ်သေအလွှာကို ဖယ်ရှားခြင်း

    • မျက်နှာ ပင့်တင်ခြင်း

    • ဓါတုဆေးနှင့် ချေးချွတ်ခြင်း

    • လေဆာပစ်ခြင်း

    • အရေပြားပြန်လည် ဖြည့်တင်းခြင်းအစရှိတဲ့ လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်နိုင်ပါတယ်။

    အရေပြားအိုမင်းရင့်ရော်ခြင်းဟာ မြောက်များစွာသောအကြောင်းအရင်းများ စုပေါင်းဖြစ်ပေါ်ပြီး အချို့သောအကြောင်းအရင်းများကို သိသိသာသာ ထိန်းချုပ်ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် အသားအရေကို ပုံမှန်ထိန်းသိမ်းပြီး အရေပြားအိုမင်းရင့်ရော်ကြောင်း ပြသ တဲ့လက္ခဏာများကို စောစောစီးစီးသိရှိပြီး ကုသမှုခံယူရင် သင့်အသားအရေကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Sandar Lin မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement