backup og meta

အဆီပြန် အသားအရေပိုင်ရှင်များ ရှောင်သင့်တဲ့ အစားအစာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Khin Yin Kyay မှ ရေးသားသည်။ · 15/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီပြန် အသားအရေပိုင်ရှင်များ ရှောင်သင့်တဲ့ အစားအစာ

    အသားအရေအဆီပြန်ခြင်းဟာ များသောအားဖြင့် ချွေးပေါက်ပိတ်ဆို့ခြင်းနဲ့ ဆက်စပ်နေပြီး ဝက်ခြံနှင့် အဆီဖုများ အလွယ်တကူဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်အရေပြားကို အဆီပြန်စေတဲ့ အကြောင်းအရာတွေက ဘာတွေလဲ။

    ခန္ဓာကိုယ်တွင်း ဖြစ်ပျက်နေသော အကြောင်းအရာများကြောင့် သာမက သင်နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေကလည်း ဒီနေရာမှာ အရေးကြီးတဲ့ အခန်းကပါဝင်ပါတယ်။ ပြည့်စုံလုံလောက်တဲ့ အစားအသောက်ကို စားပေးခြင်းက အဆီပြန်အသားအရေကို ကောင်းမွန်လာအောင် ကူညီပေးနိုင်သော်လည်း အစားအသောက်မှားယွင်း စားသုံးမိပါက သင့်ရဲ့ အဆီဂလင်းများကို ကောင်းစွာထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး ။

    အသားအရေအဆီပြန်ခြင်းကို အဖြစ်အများဆုံး အကြောင်းအရာတွေထဲမှာ အောက်ပါ အစားအသောက် အမျိုးအစားများပါဝင်ပါတယ်။ ဒါတွေကို တတ်နိုင်သမျှ လျှော့စားသင့်၊ ရှောင်ကြဉ်သင့်ပါတယ်။

    သကြားပါဝင်သော အစားအစာများနဲ့ သောက်စရာများ

    သကြားဆိုတာ အစားအသောက် တော်တော် များများမှာ အသုံးပြုထားတဲ့ ရေတွင်ပျော်ဝင်နိုင်သော ကစီဓာတ် နှင့်အချိုတစ်မျိုးပဲ ဖြစ်ပါတယ်။ များသောအားဖြင့် တွေ့ရတဲ့ သကြား ၂မျိုးရှိပါတယ်။ နို့မှာပါတဲ့ lactose သကြားနဲ့ အသီးအနှံ၊ ပျားရည်တို့မှာ ပါတဲ့fructose သကြားဆိုပြီး ၂မျိုး ရှိပါတယ်။

    လူတိုင်းဟာ နေ့စဉ်လှုပ်ရှားမှုတွေအတွက် အစားအသောက်ကနေ သကြားဓာတ်ကို လိုအပ်ပါတယ်။ အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ သကြားဓာတ်ကို စွမ်းအင် အဖြစ်သို့ ပြောင်းပေးပါတယ်။ ဒီဟော်မုန်းဟာ သွေးတွင်း သကြားဓာတ် ထိန်းညှိပေးပါတယ်။

    သို့သော် သကြားဓာတ် လွန်ကဲခြင်းဟာ အထူးသဖြင့် အဆီပြန်သော အသားအရေများအတွက် မကောင်းသည့်အပြင် ခြုံကြည့်ရင်လည်း ကျန်းမာရေး အတွက်မကောင်းပါဘူး။ သင်ဟာ သကြားဓာတ် လွန်ကဲတဲ့ အစားအသောက်တွေ အများကြီး စားမိတဲ့အခါ သင့်ရဲ့ ခန္ဓာကိုယ်ကနေ အင်ဆူလင်ဟော်မုန်းကို ပုံမှန်ထက် ပိုထုတ်ပေးပြီး ဒီသကြားတွေကို ချေဖျက်ဖို့နှင့် သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းသိမ်းဖို့ရာ ပြုလုပ်ပေးရပါတယ်။

    ဆေးပညာဆိုင်ရာ လေ့လာချက်များအရ အင်ဆူလင် တက်လာခြင်းဟာ အဆီကို ပိုထွက်စေတဲ့ အကြောင်းအရင်းတစ်ခုပဲ ဖြစ်ပါတယ်။ သကြားလုံး၊ ကိတ်မုန့်၊ ကွတ်ကီးနှင့် အစာသွပ်မုန့် အချိုများကဲ့သို့ အချိုဓာတ်များသော အစားအသောက်များကို မစားခြင်းဟာ သင့်အတွက် ပိုကောင်းပါတယ်။

    တစ်ဖက်မှာလည်း အသီးအနှံများ၊ အသီးအရွက်များနှင့် အမျှင်ဓာတ်ကြွယ်ဝသော သန့်ရှင်းသည့်အစားအသောက်များကို စားပေးခြင်းက ပိုကောင်းပါတယ်။ ဒါ့အပြင် ကြံသကာနှင့် ပြောင်းဖူးမှုန့်များကဲ့သို့ ပြုပြင်ထားသော သကြားများကို စားသုံးခြင်းမှလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ဝက်ခြံပေါက်ခြင်း သက်သာစေမယ့် သဘာဝနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

    ဘယ်ရီသီး၊ ဝဥ၊ သရက်သီးနှင့် ပန်းသီး စတဲ့ သဘာဝအချိုဓာတ်ပါဝင်သော အမျှင်များဟာ သင့်ရဲ့ အဆီပြန်အသားအရေအတွက် ကောင်းပါတယ်။ အသီးဖျော်ရည်များနှင့် ရှောက်ရည်ညှစ်ထားသော စပါကလင်အရည်တို့ဟာ အခြားအချိုရည်များထက်စာရင်ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်ပါတယ်။

    သန့်စင်ထားသော အစေ့အဆန်များ

    အစေ့အဆန်များကို အဓိကအားဖြင့် အုပ်စု ၂စုခွဲထားပါတယ်။ အစေ့အဆန်ကြမ်းနှင့် သန့်စင်ထားသော အစေ့အဆန် တို့ဖြစ်ပါတယ်။ အစေ့အဆန်ကြမ်းတွေမှာ အာဟာရတွေ ပါဝင်ပေမယ့် သန့်စင်ထားသော အစေ့အဆန်တွေမှာတော့ ပုံပန်းသွင်ပြင် ပိုမိုချောမောအောင်နဲ့သက်တမ်း ပိုရှည်အောင်အခွံတွေကို ဖယ်ရှား ပစ်လိုက်တဲ့အတွက် အာဟာရ အနှစ်တွေကို ချေဖျက်ပြီးသားဖြစ်သွားပါတယ်။

    ဒီဖြစ်စဉ်ကြောင့် အစေ့အဆန်တွေက အမျှင်ဓာတ်၊ သံဓာတ်နဲ့ ဗီတာမင် ဘီဓာတ်များစွာ ဆုံးရှုံးသွားပါတယ်။ သံဓာတ်နှင့် ဗီတာမင်ဘီဓာတ်တွေဟာ အစေ့အဆန်တွေထဲကို ပြန်ပေါင်းထည့်ပေးနိုင်ပေမယ့် အမျှင်ဓာတ်ကိုတော့ ပြန်ထည့်ပေးနိုင်မှာ မဟုတ်ပါဘူး။ သန့်စင်ထားတဲ့ အစေ့အဆန်တွေနဲ့ ထုတ်ကုန်တွေကို Refined လို့တံဆိပ်တပ်ပြီး ရောင်းချပါတယ်။ ဒါ့ကြောင့် ၎င်းတို့ကို မြင်လွယ်နိုင်ပါတယ်။

    သန့်စင်ထားတဲ့ အစေ့အဆန်တွေမှာ Glycemic index လို့ခေါ်တဲ့ သွေးအချိုဓာတ် စံနှုန်းဟာ အစေ့အဆန်ကြမ်းတွေထက်စာရင် ပိုမိုမြင့်မားပါတယ်။ Glycemic index ဆိုတာ ကစီဓာတ်ပါတဲ့ အစားအသောက်တွေနဲ့ သူတို့ရဲ့သွေးအချိုဓာတ်တွေ အပေါ်အကျိုးသက်ရောက်မှုကို တိုင်းတာ စစ်ဆေးခြင်း ဖြစ်ပါတယ်။

    ဆိုလိုတာကတော့ သန့်စင်ထားတဲ့ အစေ့အဆန်တွေကို စားပြီးတဲ့အခါ သင့်သွေးအတွင်း သကြားဓာတ်ဟာလည်း မြင့်မားလာပြီး အင်ဆူလင် ထုတ်လုပ်မှုကို ပိုပြီး အားပေးပါတယ်။ အပေါ်မှာဖော်ပြခဲ့သလိုပဲ အဆီ ပြန်ခြင်းနှင့် အင်ဆူလင်ကြားမှာ ထင်ရှားတဲ့ ဆက်နွယ်မှု ရှိနေပါတယ်။

    သွေးအတွင်း သကြားဓာတ်လျော့ကျစေရန် သန့်စင် ထားသောအစေ့အဆန်များနဲ့ ၎င်းတို့မှ ပြုလုပ်ထားသော ထုတ်ကုန်များကို အများကြီး မစားသင့်ပါဘူး။ ၎င်းအစား အစေ့အဆန်ကြမ်းများကို စားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့မှာ သွေးတွင်းအချိုဓာတ် စံနှုန်းနိမ့်ကျလို့ပဲ ဖြစ်ပါတယ်။ ဂျုံကြမ်း၊ မုရောစပါး၊ ပြောင်းကြမ်းနှင့် ဆန်လုံးညိုတို့ဟာ သင့်အတွက် ကောင်းမွန်တဲ့ အစာတွေပဲ ဖြစ်ပါတယ်။

    ပြည့်ဝအဆီများ

    ပြည့်ဝအဆီကြွယ်ဝတဲ့ အစားအသောက်တွေဟာ သင့်အရေပြားကို အလွယ်တကူ ရောင်ရမ်း စေပါတယ်။ သင့်ဟာ ပြည့်ဝအဆီများတာတွေကို အလွန်အကျွံ စားမိတဲ့အခါ သင့်ရဲ့အဆီပြန်တဲ့အရေပြားပေါ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ မှန်းဆနိုင်ပါသလား။ ဝက်ခြံတွေ ပြင်းပြင်းထန်ထန်ကို ထွက်လာမှာဖြစ်ပြီး အရည်ကြည်ဖုတွေတောင် ဖြစ်လာနိုင်ပါတယ်။

    ပြည့်ဝအဆီတွေကို အစားအသောက် တော်တော် များများမှာ တွေ့ရပါတယ်။ အများစုဟာ တိရိစ္ဆာန်မှ ရတဲ့အဆီတွေဖြစ်ပါတယ်။ အဆီများသော အသားများ၊ ဝက်အူချောင်း ကြက်အူချောင်းများ၊ နို့ထွက်ပစ္စည်းများ၊ ခရင်မ် အနှစ်များ၊ ရေခဲမုန့်၊ ကိတ်မုန့်၊ထောပတ်နှင့်ပြုလုပ်ထားသော အစာသွပ်မုန့် များ၊ မြေပဲ၊ စားအုန်းဆီနှင့် အုန်းဆီကဲ့သို့ အဆီများသော အစားအသောက်များကို ရှောင်ကြဉ်ပြီး သင့်ရဲ့အဆီပြန်သောအသားရေကို ကောင်းမွန်အောင် ပြုလုပ်ပါ။

    အဆီပါသော အစားအသောက်တိုင်းဟာ သင့်အရေပြား အတွက် မကောင်းတာတော့ မဟုတ်ပါဘူး။ အပင်များနှင့် ငါးမှရသောအဆီများဟာ ယေဘုယျအားဖြင့် မပြည့်ဝအဆီတွေဖြစ်ပါတယ်။ ဆော်လမွန်ငါး၊ မက်ကရင်ငါး၊ လျှော်စေ့ နှင့် သစ်ကြားသီး စတာတွေမှာပါတဲ့ Omega-3 fatty acids ဟာရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိ ရှိတဲ့အတွက် သင့်ရဲ့အဆီပြန် အသားအရေကို ရောင်ရမ်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ပြည့်ဝဆီစားသုံးခြင်းကို လျော့ချနေစဉ်မှာပဲ Omega ၃ များကိုပိုမိုစားပေးသင့်ပါတယ်။

    အရက်နှင့်ဆိုင်သောအဖျော်ယမကာများ

    တကယ်လို့ သင်ဟာ ဝက်ခြံဖြစ်လွယ်တဲ့ အဆီပြန်အသားအရေပိုင်ရှင်မျိုးဆိုရင် အရက်နှင့်ဆိုင်သော အဖျော်ယမကာများကို ရှောင်ကြဉ်သင့်ပါတယ်။ အရက်ဟာ ချွေးထွက်ခြင်းမှ တစ်ဆင့် သင့်အရေပြား ရေဓါတ်ဆုံးရှုံးမှုကို မြင့်မားစေပါတယ်။ ချွေးထွက်များခြင်းဟာ ချွေးပေါက် ပိတ်ဆို့စေနိုင်ပြီး ဝက်ခြံအထွက် များစေ နိုင်ပါတယ်။

    အရက်ဟာ သင့်ကျန်းမာရေးအတွက် လုံးဝကောင်းတဲ့ အရာမဟုတ်ပါဘူး။ ဖော်ပြပါအကြောင်းအရာများ ကြောင့်သင်ဟာ အရက်ဖြတ်သင့်ပါတယ်။

    နောက်ထပ်အကြောင်းအရာများ

    သင့်အရေပြားပို၍ ချောမွေ့စေသော အစားအသောက် များစားပေးခြင်းအပြင် ဇင့်ဓါတ်၊ ဗီတာမင် အေ၊ စီ၊ နှင့် ဒီ တို့ ပါဝင်သော ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက်များကို စားပေးဖို့လည်း စဉ်းစားသင့်ပါတယ်။ ဇင့်ဓါတ်နှင့်ဗီတာမင် စီဓါတ်ဟာ အရေပြားအနာကျက်ခြင်းကို ကူညီပေးနိုင်ပြီး ဗီတာမင် အေဓါတ်ကိုတော့ အသားအရေ ထိန်းသိမ်းပေးသည့် ပစ္စည်းများနှင့် အရေပြားဆိုင်ရာ ရောဂါများအတွက် ဆေးဝါးများတွင် အသုံးပြုထားပါတယ်။ ဗီတာမင် ဒီဓါတ်ဟာ အရေပြား ကျန်းမာစေရန် ထိန်းသိမ်းပေးပြီး အာဟာရ ဓါတ်ဖြည့်စွက်ထားတဲ့ နို့ထွက်ပစ္စည်းများနှင့် ဆော်လမွန်ကဲ့သို့ ငါးများတွင် တွေ့နိုင်ပါတယ်။ အာဟာရပြည့်ဝသော အစားအသောက်များတွင် အဆီမပါသော အသားများ၊ ပင်လယ်စာများနှင့် အစေ့အဆံကြမ်းများ ပါဝင်ပြီး ၎င်းတွင် အဖိုးတန် ဇင့်ဓါတ်များပါဝင်ပါတယ်။ ဗီတာမင် အေနှင့် စီဓါတ်များရရန်အတွက် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်စိမ်း၊ ကန်စွန်းဥ၊ ဟင်းနုနွယ်နှင့် ငရုတ်ပွ စတဲ့ အရောင်အသွေး စုံလင်သော အသီးအနှံ နှင့် အရွက် များကို ပို၍စားပေးနိုင်ပါ။ ဟင်းချက်တဲ့အခါမှာလည်း သတိထားသင့်ပါတယ်။ မီးကင်ခြင်း၊ မီးဖုတ်ခြင်း၊ ပြုတ်ခြင်း၊ အရည်နည်းနည်း နှင့် ချက်ပြုတ်ခြင်း လိုမျိုး အဆီလျှော့၍ ချက်ပြုတ်ခြင်း နည်းလမ်းများဟာ သင့်စားသုံးတဲ့ အဆီပမာဏကို လျော့ချပေးနိုင်ပါတယ်။

    အာဟာရပြည့်ဝသော အစားအသောက်များဟာ သင့်ရဲ့ အဆီပြန်အသားအရေကို ကောင်းမွန်လာစေပြီး သင့်ကို စိတ်အနှောင့်အယှက် ပေးနေတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကို အဖြစ် နည်းစေပါတယ်။ ယခုချိန်မှစပြီး စားသောက်နည်းပုံစံ ကိုချမှတ်ကာ လိုအပ်လျှင် သင့်ရဲ့ အရေပြားကျွမ်းကျင် ပညာရှင်နှင့် တိုင်ပင်ခြင်းများပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 15/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement