backup og meta

ကျယ်နေတဲ့ ချွေးပေါက်တွေကို ဘယ်လိုကျဉ်းအောင်လုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 23/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျယ်နေတဲ့ ချွေးပေါက်တွေကို ဘယ်လိုကျဉ်းအောင်လုပ်မလဲ

    လှပတဲ့ အသားအရေကို ရရှိဖို့ သင့်အိပ်မက်တွေကို ချွေးပေါက်ကျယ်ခြင်းက အနှောင့်အယှက်ဖြစ်နေပါသလား။ တကယ်တော့ ချွေးပေါက်ကျယ်ခြင်းဟာ လူအတော်များများကို သက်ရောက်မှုရှိပြီး အရေပြားကို ရုပ်ဆိုးစေပါတယ်။ မိတ်ကပ်ဟာ မျက်နှာပေါ်က ချွေးပေါက်တွေကို ဖုံးကွယ်ပေးနိုင်သော်လည်း ချွေးပေါက်ကျဉ်းအောင် ပြုလုပ်သင့်ပါတယ်။ ကဲ ….. ဒီတော့ ကျယ်နေတဲ့ ချွေးပေါက်တွေကို ဘယ်လိုကျဉ်းအောင်လုပ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

    ချွေးပေါက်ကျယ်ခြင်းကို ထိရောက်စွာ ကျဉ်းစေတဲ့ ထိရောက်တဲ့ နည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ဘယ်အရာတွေက ချွေးပေါက်ကျယ်စေပါသလဲ။

    ချွေးပေါက်ကျယ်ခြင်းဟာ သင့်အရေပြားမှ အဆီပိုတွေ စွန့်ထုတ်ခြင်းကြောင့် ဖြစ်တာဖြစ်ပါတယ်။ သင့်ကိုယ်ခန္ဓာက အဆီတွေ အလွန်ထုတ်တဲ့အခါမှာ အဆီလုံလောက်တဲ့ပမာဏထွက်စေဖို့ ချွေးပေါက်တွေကို ကျယ်လိုက်ရတာကြောင့် ချွေးပေါက်ကျယ်ခြင်း ဖြစ်တာ ဖြစ်ပါတယ်။

    ဒါ့ပြင် ချွေးပေါက်ကျယ်ခြင်းကို ပိုဆိုးစေတဲ့ အချက်တွေ ရှိပါတယ်။

    ညစ်ညမ်းသော အရေပြား – ဆဲလ်အသေတွေ၊ ဘက်တီးရီးယားတွေ ချွေးပေါက်အတွင်း ပိတ်နေခြင်းကလည်း ချွေးပေါက်ကျယ်စေပါတယ်။

    နေပူလောင်ခြင်း – နေပူဒဏ် ခံရလွန်းတဲ့ အရေပြားဟာ ထူလာပြီး ချွေးပေါက်တွေ မြင်ရစေပါတယ်။

    အသက် – အသက်ကြီးလာတာနဲ့ အမျှ အရေပြားမှာ collagen နဲ့ elastin နည်းပါးလာကြပါတယ်။ ရလဒ်အနေနဲ့ ချွေးပေါက်ကျယ်တွေဟာ ပုံမှန်အရွယ်အစားကို ပြန်ရောက်နိုင်ခြင်း မရှိတော့ပါဘူး။

    မျိုးရိုးဗီဇ – ချွေးပေါက်ကြီးခြင်းဟာ မိသားစုအတွင်းမှာလည်း ဖြစ်နိုင်ပါတယ်။ သင့်မိသားစုဝင် တစ်ဦးဦးက ချွေးပေါက်ကျယ်ရင် သင့်မှာလည်းချွေးပေါက်ကျယ်နိုင်ပါတယ်။

    ကျယ်နေတဲ့ ချွေးပေါက်တွေကို ဘယ်လိုကျဉ်းအောင်လုပ်မလဲ

    နေ့စဉ်ဘဝပြောင်းလဲမှုတွေ ပြုလုပ်ပြီး ချွေးပေါက်ကျယ်ခြင်းကို ဖြေရှင်းနိုင်ပါတယ်။ ကဲ …. ကျယ်နေတဲ့ ချွေးပေါက်တွေကို ဘယ်လိုကျဉ်းအောင်လုပ်မလဲ ဆိုတာ ဆက်ကြည့်လိုက်ဦးစို့နော်။

    • သန့်ရှင်းစွာထားပါ။

    နေ့စဉ် မျက်နှာသစ်သင့်ပြီး တစ်ပတ်မှာ နှစ်ကြိမ် မှ သုံးကြိမ်အထိ exfoliate ပြုလုပ်ပြီး ချွေးပေါက်ပိတ်ခြင်းကို ကာကွယ်သင့်ပါတယ်။ အထူးသဖြင့် မိတ်ကပ်မဖျက်ပဲ မအိပ်သင့်ပါဘူး။

    • နေပူခံလိမ်းဆေးကို လိမ်းပါ

    အင်္ကျီရှည်၊ အနားသတ်ကြီးတဲ့ ဦးထုတ်၊ နေပူခံလိမ်းဆေးတွေကို နေပူထဲသွားတိုင်း အသုံးပြုသင့်ပါတယ်။ သင့်လျော်တဲ့ SPF နဲ့ PA ပါတဲ့ နေပူခံလိမ်းဆေးတွေဟာ UV rays တွေကြောင့် အရေပြားပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

    • ရေဓာတ်ဖြည့်တင်းပါ

    ချွေးပေါက်ကျဉ်းစေတဲ့ ဂုဏ်သတ္တိရှိတဲ့ ရှားစောင်းလက်ပပ်ပါတဲ့ moisturizers တွေ အသုံးပြုနိုင်ပါတယ်။ ဒါ့ပြင် အဆီမပါတဲ့ ထုတ်ကုန်တွေဟာ သင့်အတွက် ပိုမို သင့်လျော်ပါတယ်။

    • အလှအပဆိုင်ရာ ကုသမှုယူပါ။

    နည်းလမ်းအတော်များများကို ချွေးပေါက်ကျယ်ခြင်းကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ကုသမှုမယူခင်မှာ အလှအပဆိုင်ရာဆရာဝန်၊ အရေပြားဆရာဝန်တွေနဲ့ ဆွေးနွေးဖို့ အရေးကြီးပါတယ်။

    ချွေးပေါက်ကျယ်ခြင်းကို ကုသနိုင်တဲ့ နည်းလမ်းများ

    ချွေးပေါက်ကျယ်ခြင်းကို သက်သာစေတဲ့ အိမ်တွင်းနည်းလမ်းတွေ၊ Skin careတွေက ချွေးပေါက်တွေကို သန့်စင်စေလို့ ချွေးပေါက်တွေ မမြင်ရတော့ဘဲ ကျဉ်းသွားတယ်လို့ ထင်ရတာပါ။ တကယ်ကျဉ်းသွားတာမဟုတ်ပါဘူး။ ချွေးပေါက်တွေကို ပြန်ကျဉ်းအောင်  လုပ်ဖို့က အင်မတန်ခက်ခဲပါတယ်။

    အလှအပဆိုင်ရာ ဆေးခန်းတွေမှာ အသုံးပြုတဲ့ အောက်ပါ နည်းလမ်းတွေကတော့ ချွေးပေါက်တွေကို ကျဉ်းစေတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အသားအရေ မတူတာကြောင့် မိမိရဲ့ ချွေးပေါက်တွေက ပြန်ကျဉ်းနိုင်ခြေရှိသလား။ ကုသမှုကို ဘယ်နှခါလောက် ခံယူရမလဲဆိုတာကို တိုင်ပင်သင့်ပါတယ်။

    • Mesotherapy

    Mesotherapy မှာ အပ်သုံးရတဲ့ နည်းလမ်းနဲ့ အပ်မပါတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။ Mesotherapy ဟာ အရေပြားကို amino acids, vitamins, minerals နဲ့ အခြားဆေးတွေ ဖြည့်တင်းပေးပါတယ်။ အာဟာရဓာတ်တွေကို ပစ်မှတ်ထားတဲ့ တစ်ရှူးတွေအတွင်း  ထည့်ပေးတာမို့ အသားအရေကို ပိုမိုလှပစေပါတယ်။ Mesotherapy သာ ချွေးပေါက်ကျယ်ခြင်းကို အတွင်းပိုင်းကနေ သက်သာစေပြီး အသားအရေကို ထိရောက်စွာ လှပစေပါတယ်။

    • Chemical peels

    Chemical Peel ဟာ အက်ဆစ်ပါတဲ့ အရည်ကို အသုံးပြုပြီး အရေပြား ဆဲလ်အသေတွေပါတဲ့ အပေါ်ယံအလွှာကို ဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။ Peel အမျိုးအစား တစ်ခုစီမှာ သင်နဲ့ သင့်လျော်တဲ့ အက်ဆစ်ဓာတ်ပါဝင်ပါတယ်။ ဒီနည်းလမ်းကို အရေပြားပုံစံ တိုးတက်စေဖို့ အသုံးပြုပြီး ချွေးပေါက်ကျယ်ခြင်းဟာ အရင်ကထက်ပိုပြီး သက်သာလာမှာဖြစ်ပါတယ်။

    • လေဆာအသုံးပြုကာ ကုသခြင်း

    Chemical peels တွေလိုပဲ Laser skin resurfacing ဟာ လေဆာရောင်ခြည်ကို အသုံးပြုပြီး ဆဲလ်အသေတွေကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။ လေဆာ ကုသမှုဟာ collagen ထုတ်လုပ်မှုကို တိုးတက်စေပါတယ်။

    • Intense Pulsed Light (IPL)

    ပစ်မှတ်ထားတဲ့ နေရာတွေကို အလင်းရောင်ပေးပြီး collagen ထုတ်လုပ်မှုကို တိုးတက်စေခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ချွေးပေါက်ကျယ်ခြင်းကို ကုသဖို့အတွက် ထိရောက်တဲ့ နည်းလမ်းဖြစ်ပြီး အပေါ်ယံအလွှာကို မထိခိုက်စေဘဲ အရေပြားရဲ့ အတွင်းဆုံးအလွှာအထိ ထိုးဖောက် ဝင်ရောက်နိုင်စွမ်းရှိပါတယ်။

    • Isolaz Lazr Deep Pore Therapy

    ဒီနည်းလမ်းဟာ အသိမများပေမယ့် US FDA ရဲ့ ခွင့်ပြုချက်ရပြီး ဖြစ်ပါတယ်။ IPL လိုမျိုးပဲ သူဟာ အလင်းရောင်ကို အသုံးပြုကာ ဘက်တီးရီးယားတွေကို သတ်ပစ်ခြင်း၊ ဆဲလ်အသေတွေကို ဖယ်ရှားခြင်း၊ အဆီပိုတွေကို ဖယ်ရှားခြင်း၊ collagen ကို လှုံ့ဆော်ပေးခြင်းတွေ ပြုလုပ်ပါတယ်။

    • Microdermabrasion

    ဒီနည်းလမ်းဟာ အရေပြားမျက်နှာပြင်ကနေ ဆဲလ်အသေတွေကို ဖယ်ရှားဖို့ ကြမ်းတမ်းတဲ့ အစေ့သေးသေးလေးတွေကို အသုံးပြုခြင်း ဖြစ်ကာ အရေပြားကို ချောမွေ့စေပါတယ်။ Microdermabrasion ဟာ ချွေးပေါက်ကျယ်ခြင်းကို ခဏတာ သက်သာစေပါတယ်။

    ချွေးပေါက်ကျယ်ခြင်းကို ဘယ်အရာတွေက ဖြစ်စေလဲဆိုတာ သိရှိခြင်းဟာ အကောင်းဆုံးအဖြေကို ရှာဖွေဖို့ ကူညီပေးနိုင်ပါတယ်။

    ရေးသားသူ− Dr Phyu Mon Latt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 23/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement