backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Skin Tags (အသားပို)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 18/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Skin Tags (အသားပို)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Skin Tags (အသားပို)ကဘာလဲ။

အသားပို လို့ခေါ်ကြတဲ့ အဖုငယ်လေးတွေဟာ ကြွက်နို့နဲ့ဆင်တဲ့ အသားရောင်အဖုငယ်လေးတွေဖြစ်တယ်။ တွေ့ရလေ့ရှိပြီး အန္တရာယ်တော့မရှိပါဘူး။ အရွယ်အမျိုးမျိုးရှိနိုင်ပြီး မီလီမီတာနည်းနည်းမှ ၅ စင်တီမီတာလောက်ထိရှိနိုင်ပါတယ်။

Skin Tags (အသားပို) က ဘယ်လောက်အဖြစ်များသလဲ

အင်မတန်ကိုအဖြစ်များပြီး အရွယ်မရွေးမှာဖြစ်နိုင်ပါတယ်။ အသားပိုဖြစ်စေတတ်သော အချက်များကိုရှောင်ကြဉ်ခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

လက္ခဏာများ

Skin Tags (အသားပို) ရဲ့လက္ခဏာတွေကဘာတွေလဲ

အသားပိုတွေဟာ ကင်ဆာမဟုတ်တဲ့ ဘောလုံးပျော့လေးတွေလို အဖုငယ်လေးတွေဖြစ်တယ်။ အန္တရာယ်မရှိဘဲ တစ်ဖုမှ ရာချီနိုင်သည်ထိ အရေအတွက်အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တချို့အဖုတွေက ကြွေကျသွားတတ်ပေမယ့် အများစုကတော့ ကျန်နေတတ်တယ်။

အသားပိုတွေဟာ အရေပြားဆီကနေ ရိုးတံသွယ်သွယ်လေးတွေနဲ့ တွယ်သီးနေတဲ့ အသားရောင် သို့ အမည်းရောင်အဖုငယ်လေးတွေဖြစ်တယ်။

ပင်အပ်ထိပ်လေးတွေလောက် သေးငယ်နိုင်ပြီး အများစုက ခဲတံမှာပါတဲ့ခဲဖျက်ရဲ့ သုံးပုံတစ်ပုံ၊ တစ်ဝက်ခန့်- ၂ မီလီမီတာမှ ၅ မီလီမီတာခန့်ထိသေးငယ်တတ်ပါတယ်။ တချို့ကတော့စပျစ်သီးအရွယ် ( ၁ စင်တီမီတာခန့်) မှ သဖန်းသီးအရွယ်(၅ စင်တီမီတာခန့်) အထိရှိနိုင်ပါတယ်။

ခန္ဓါကိုယ်ရဲ့အရေပြားရှိသောမည်သည့်အစိတ်အပိုင်းတွင်မဆို ဖြစ်နိုင်ပြီး အပေါက်အများဆုံးနှစ်နေရာကတော့ လည်ပင်းနဲ့ ချိုင်းတို့ဖြစ်တယ်။ ရင်ဘက်၊ ကျော၊ ရင်သားအောက်ပိုင်း၊ ပေါင်ခြံတို့တွင်လည်းတွေ့နိုင်ပြီး မျက်ခွံ သို့ တင်ပါးနှစ်ခုကြားတွင်လည်း ပေါက်နိုင်ပါတယ်။

သွင်ပြင်ပုံစံကလွဲလို့ တခြားထိခိုက်နာကျင်ခြင်း၊ နေထိုင်မကောင်းဖြစ်ခြင်း ဘာမှမရှိပါဘူး။ ခဏခဏထိမိ၊ ပွန်းမိမှသာ (ဥပမာ- ပေါင်ခြံ၊ လည်ပင်းကော်လံနား) တခြားလက္ခဏာတွေဖြစ်ပေါ်လာတတ်တာပါ။ အသားပိုများကို ဖယ်ရှားပစ်ရခြင်းက များသောအားဖြင့် အမြင်မလှသောကြောင့်သာဖြစ်တယ်။

ဒါမှမဟုတ် ယားယံလာသောအခါ၊ နီရဲ သွေးထွက်သောအခါ၊ ဆဲလ်အသေများကြောင့် ညိုမဲသောအခါလည်း ဖယ်ပစ်ရန်လိုတတ်ပါတယ်။ တခါတလေတော့ အဝတ်အစား၊ လက်ဝတ်လက်စားတွေ၊ ကားထိုင်ခုံခါးပတ် သို့ အိမ်မွေးတိရိစ္ဆာန်တွေကြောင့် ဆွဲဆောင့်ဖြုတ်သလိုဖြစ်ပြီး နာကျင်ရတတ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အသားပိုတွေဟာ ကင်ဆာဖြစ်လာနိုင်ခြေမရှိတဲ့ အဖုငယ်လေးတွေပါပဲ

တခါတလေမှာတော့ နာကျင်မှု၊ ကသိကအောက်ဖြစ်မှုမရှိဘဲ သူ့အလိုလိုကြွေကျသွားတတ်ပါတယ်။ အဖုရဲ့အရင်းမှာ လိမ်သွားတာကြောင့် ထိုအဖုဆီသွေးလျှောက်မှုမရှိတော့တာကြောင့် ဖြစ်နိုင်တယ်။

ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် အသေးစိတ်အတွက်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အသားပိုတွေဟာ ဘေးမဖြစ်ဘဲ နာကျင်မှုလည်းမရှိပါဘူး။ ဒါပေမယ့် ကြည့်မကောင်းလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျက်စေလို့ ဖယ်ပစ်ချင်တယ်ဆိုရင် ဒါမှမဟုတ် အဝတ်တွေ လက်ဝတ်လက်စားတွေနဲ့ ငြိငြိနေပြီး သွေးထွက်တတ်လို့ ဖယ်ပစ်ချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

အကြောင်းရင်းများ

Skin Tags (အသားပို) ကို ဘာတွေက ဖြစ်စေသလဲ

ဘာကြောင့် အသားပိုတွေပေါက်ရသလဲ

အသားပိုတွေဟာ အဖြစ်များပြီး သက်လတ်ပိုင်းအရွယ်မှာ ပေါက်တတ်ပါတယ်။ အရေပြားထူထူထဲမှာ သွေးကြောငယ်လေးတွေနဲ့ ကော်လဂျင်အမျှင်လေးတွေ စုပုံသွားတာကြောင့်လို့ ဆိုကြပါတယ်။

အရေပြားနှစ်ခု ပွတ်တိုက်ခြင်းကြောင့် ဖြစ်လာရတယ်လို့လည်း ထင်ကြပါတယ်။ ဒါကြောင့်လည်း အရေပြားတွေတွန့်ခေါက်နေတတ်တဲ့ နေရာတွေမှာ အပေါက်များပါတယ်။

ဖြစ်နိုင်ခြေများ

အသားပို ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • သက်လတ်ပိုင်းအရွယ်၊ အသက် ၆၀ လောက်ဆိုရင် ပေါက်နိုင်ခြေ တက်လာပါပြီ
  • ဆီးချိုသွေးချိုရှိသူ
  • ကိုယ်ဝန်ဆောင်သည်တွေ၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့်
  • အဝလွန်သူတွေ
  • အရေပြားတွန့်ခေါက်နေတာများသော ကလေးငယ်တွေ

လေးဘက်သွားအရွယ်ကလေးတွေ၊ အထူးသဖြင့် လည်ပင်နဲ့ ချိုင်းနေရာမှာအပေါက်များပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

အသားပိုကို ဘယ်လိုအတည်ပြုပါသလဲ

တချို့သောအဖုလေးတွေက အသားပိုတွေနဲ့ဆင်တတ်ပါတယ်။ တစ်သျှူးစစစ်ဆေးခြင်းက အသားပိုတွေကို ခွဲခြားသိရှိနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

Skin Tags (အသားပို) ကို ဘယ်လိုကုသပါသလဲ

အသားပိုတွေက သာမန်အားဖြင့် ကုသဖို့မလိုဘူးဆိုတာ သိထားဖို့လိုပါတယ်။ အဖုတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရဘူးဆိုရင် မကုသဖို့တွေးတာက အကြောင်းပြချက်ခိုင်လုံတဲ့ရွေးချယ်မှုတစ်ခုပါ။

တကယ်လို့စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆို့ရင်တော့ ဒီနည်းလမ်းတွေရှိပါတယ်-

  • သွားပွတ်ကြိုးဖြင့် အဖုတွေရဲ့အောက်ခြေကနေ ချည်ပြီးဖယ်ပစ်နိုင်တယ်။
  • နိုက်ထရိုဂျင်အရည်ဖြင့်ခဲပြီးဖယ်ပစ်နိုင်တယ်။
  • ကတ်ကြေးနဲ့ ထုံဆေးသုံးပြီးဖြစ်စေ မပါဘဲဖြစ်စေ ဖယ်နိုင်တယ်။
  • နောက်ထပ်အသုံးဝင်တဲ့နည်းတွေ အများကြီးရှိပါတယ်၊ ကတ်ကြေးဖြင့်ဖယ်ခြင်း၊ ခဲပြီးဖယ်ခြင်း၊ ဆရာဝန်ဆီမှာ ဆေးကုသရာတွင်သုံးသောလျှပ်စစ်ဖြင့် ဖယ်ခြင်း စသည်ဖြင့်…။

သေးငယ်သောအဖုများကိုတော့ ထုံဆေးမသုံးပဲ အလွယ်တကူဖယ်နိုင်ပြီး ကြီးသောအဖုများကတော့ ထုံဆေးလိုနိုင်ပါတယ် (lidocaine) ။ ကြီးသော အသားပို အဖုများကိုတော့ မဖယ်ခင်မှာ ထုံဆေးလိမ်းဆေးတစ်မျိုးလိမ်းတာက ပိုကောင်းပါလိမ့်မယ်။

အသားပိုကို မိသားစုဆရာဝန်၊ အရေပြားဆရာဝန်၊ ကုသပိုင်းဆိုင်ရာဆရာဝန်တွေဆီမှာ ကုသလို့ရပါတယ်။ တခါတလေ မျက်ခွံတဝိုက်က အသားပိုတွေအတွက်တော့ မျက်စိဆရာဝန်လိုနိုင်ပါတယ်။

ကြီးသောအဖုများကို မိမိဖာသာဖယ်ပစ်ဖို့မကြိုးစားပါနဲ့၊ သွေးထွက်များနိုင်ပါတယ်။

အိမ်တွင်းကုသမှုပုံစံ

ကြိုးစ သို့ သွားပွတ်ကြိုးဖြင့် အဖုအရင်းကိုချည်ပြီး ဖယ်ပစ်ခြင်း၊ အပါအဝင် တခြားအကူအညီဖြစ်နိုင်တဲ့ အိမ်တွင်းကုသမှုပုံစံကတော့-

  • ကတ်ကြေးဖြင့်ဖယ်ပစ်ခြင်းဟာ ချက်ခြင်းဖယ်နိုင်ပြီး ရလဒ်ချက်ခြင်းတွေ့ရသောနည်းဖြစ်တယ်။ မည်သည့်ကတ်ကြေးဖြင့်မဆိုဖယ်ပစ်ခြင်းရဲ့ ဖြစ်နိုင်ခြေရှိတဲ့ မကောင်းတဲ့အချက်ကတော့ သွေးနည်းနည်းထွက်နိုင်ခြင်းဖြစ်တယ်။
  • ခဲပစ်ခြင်း သို့ လျှပ်စစ်သုံးခြင်းကတော့ ခေတ္တအရေပြားအရောင်ပြောင်းသွားနိုင်ပြီး နောက်ထပ်ကုသမှုတွေလည်းလိုနိုင်ကာ အဖုများမကြွေကျတာလည်းဖြစ်နိုင်ပါတယ်။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 18/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement