backup og meta

အမာရွတ်နဲ့အကျည်းမတန်စေဖို့ အနာကျက်မြန်အောင် ဘယ်လိုဂရုစိုက်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမာရွတ်နဲ့အကျည်းမတန်စေဖို့ အနာကျက်မြန်အောင် ဘယ်လိုဂရုစိုက်မလဲ

    ထိခိုက်အနာတရဖြစ်လာပြီဆိုရင် အနာအမြန်ကျက်ဖို့ကို ဦးစားပေးလုပ်ကြတာပါပဲ။ အများကြီးတွေးမနေကြပါဘူး။ အနာထဲကိုဆေးထည့်လိုက်တာနဲ့ပဲ အနာကျက်သွားလိမ့်မယ်လို့ ယူဆကြပါတယ်။ ကျေးလက်အယူအဆတချို့ဆို တိုင်းရင်းဆေးပညာလည်း သိပ်မသိပါဘဲ ဒီအရွက် အနာကျက်တယ်ဆိုပြီး အရွက်တစ်မျိုးမျိုး ထုထောင်းပြီး အနာမှာ အုံလိုက်တာမျိုး ပြုလုပ်တတ်ကြပါတယ်။ ဆေးဖက်ဝင် အရွက်တွေ၊ သစ်ဥသစ်ဖုတွေ၊ ဆေးမြစ်တွေက အစွမ်းထက်ကြပေမယ့် မသိနားမလည်တဲ့ ဆေးမြီးတိုတွေကြောင့် အနာပိုးဝင်ပြီး ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အမာရွတ်နဲ့အကျည်းမတန်စေဖို့ အနာကျက်မြန်အောင် ဘယ်လိုဂရုစိုက်မလဲ ဆိုတာကို ပြောပြပေးပါမယ်။

    အမာရွတ်နဲ့အကျည်းမတန်စေဖို့ အနာကျက်မြန်အောင် ဘယ်လိုဂရုစိုက်မလဲ

    ဒဏ်ရာသေးသေးကြီးကြီး ခန္ဓာကိုယ်ရဲ့ အရေပြားပေါက်ပြဲသမျှ အနာတရအားလုံးကို စနစ်တကျဂရုစိုက်ပေးမှ အနာကျက်မြန်ပြီး အမာရွတ်မကျန်စေမှာဖြစ်ပါတယ်။ အသားအရေမှာ အကျည်းတန်စေတဲ့ အမာရွတ်တွေဖြစ်မလာစေဖို့ အနာကျက်ခြင်းဖြစ်စဉ်ကို အထောက်အကူဖြစ်စေမယ့် ဂရုစိုက်ကုသမှုတွေလိုအပ်ပါတယ်။

    မတော်တဆမှု သို့မဟုတ် ခွဲစိတ်မှုကြောင့် အရေပြားမှာ ဒဏ်ရာအနာ တစ်ခုခု ရှိလာတဲ့အခါတိုင်း အနာကျက်ဖို့ ခန္ဓာကိုယ်က အလိုအလျောက်လုပ်ဆောင်တာဖြစ်ပါတယ်။ အနာကျက်လာတဲ့အခါ အသားတက်လာတာက သဘာဝ ဖြစ်စဉ် တစ်ခုပါ။ အဲဒီအခါ အမာရွတ်ဖြစ်ကျန်မကျန်က အနာ ကောင်းကောင်းကျက်မကျက်ကိုမူတည်ပါတယ်။

    ဒူးနဲ့တံတောင်ဆစ်တို့လို အရိုးအဆစ်နေရာတွေမှာ ဖြစ်တဲ့ဒဏ်ရာတွေနဲ့ ခွဲစိတ်ဒဏ်ရာတွေက အမာရွတ်ဖြစ်တာ ရှောင်လွှဲရခက်ပေမယ့် တော်တန်ရုံ ပြတ်ရှဒဏ်ရာ၊ ခြစ်မိတဲ့အနာတွေကိုတော့ အိမ်မှာပဲ ဂရုစိုက်ပေးရုံနဲ့ အမာရွတ် မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

    အမာရွတ် မဖြစ်အောင် ဘာတွေသတိထားရမလဲ

    • အနာ သန့်ရှင်းရေးက အဓိက အရေးကြီးပါတယ်။ အနာကို သန့်စင်တဲ့ ပတ်တီးစနဲ့ ဖိထားပြီး သွေးတိတ်တာနဲ့ ဆေးကြောသန့်စင်ပါ။ အနာကို ထိတွေ့မယ့်လက်က သန့်ရှင်းနေဖို့လည်း လိုပါတယ်။
    • အနာကို ခြောက်သွေ့အောင် တို့သုတ်တဲ့အခါ အနားမဖွာတဲ့ ဂွမ်းစကို သုံးပါ။ ရိုးရိုးဂွမ်းတွေဆို ဂွမ်းစလေးတွေက အနာထဲမှာ အစအနလေးတွေ ကပ်ကျန်ခဲ့စေနိုင်လို့ အနာကျက် နှေးစေနိုင်ပါတယ်။
    • အနာကျက် နေဆဲကာလအတွင်း သန့်ရှင်းမှုအတွက် ပတ်တီး သို့မဟုတ် အနာကပ် ပလာစတာကို နေ့တိုင်း အသစ်လဲပေးပါ။ အတင်း ကျပ်စည်းထားတာမျိုး မဖြစ်အောင် ဂရုစိုက်ပြီး လေဝင်လေထွက် ကောင်းတဲ့ အနေအထား စည်းပေးပါ။
    • ဒဏ်ရာက ချုပ်ဖို့ လိုတယ်ဆိုရင် ချုပ်ရိုးကို ဂရုစိုက်ဖို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပါ။ ဒါမှ အမာရွတ် မကျန်စေဖို့ ဂရုစိုက်နိုင်ပါလိမ့်မယ်။
    • အနာ သေချာမကျက်ခင်အတွင်း ဒဏ်ရာကို နေရောင်ခြည် ထိတွေ့မခံပါနဲ့။ သိပ်လည်းမကျပ် သိပ်လည်း မလျော့တဲ့ ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ထားပါ။ ပတ်ဝန်းကျင်က ဖုန်မှုန့်၊ ပိုးမွှားတွေ ထိတွေ့မှု ရန်က ကာကွယ်ပေးနိုင်လိမ့်မယ်။
    • အနာတဝိုက်ကို သွေးလည်ပတ်မှု ကောင်းစေဖို့ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ နှိပ်နယ်ပေးပါ။ အနာကျက်နှုန်းလည်း မြန်စေပါလိမ့်မယ်။ သွေးမတိတ်သေးတဲ့ အသစ်စက်စက် အနာတွေကိုတော့ မနှိပ်မိဖို့ သတိပြုပါ။
    • အနာဖေး တက်လာရင် မခွာပစ်ပါနဲ့။ ခွာလိုက်ရင် အမာရွတ်က ပိုထူလာနိုင်တာကြောင့် သူ့အလိုလို ကွာသွားတာပဲ ကောင်းပါတယ်။
    • အာဟာရ ညီညွတ်မျှတအောင် စားသောက်ပါ။ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက် မကောင်းသရွေ့တော့ အနာ ကောင်းကောင်းကျက်မှာ မဟုတ်ပါဘူး။ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက အနာကျက်စေဖို့ ကောင်းစွာ အထောက်အကူ ပေးပါလိမ့်မယ်။ အထူးသဖြင့် ဗီတာမင်စီနဲ့ ဇင့်ပါ။ ဇင့်ကို ဖရုံစေ့၊ နေကြာစေ့၊ မြေပဲတို့က ရနိုင်ပြီး ဗီတာမင်စီကိုတော့ ချဉ်တဲ့ အသီးအနှံတွေကနေ ရနိုင်ပါတယ်။

    ဒီလိုလေး ဂရုစိုက်လိုက်မယ်ဆိုရင် အနာကနေ အမာရွတ် ဖြစ်ဖို့ အခွင့်အလမ်း နည်းသွားမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 09/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement