backup og meta

ရေကူးပြီးမှ အရေပြားယားယံလာတယ်ဆိုတာ …

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 02/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေကူးပြီးမှ အရေပြားယားယံလာတယ်ဆိုတာ …

    များသောအားဖြင့် ရေကူးကန်မှာဖြစ်စေ၊ နယ်ဘက်တွေမှာဆိုရင် မြစ်ချောင်းအင်းအိုင်တွေမှာဖြစ်စေ ရေဆင်းကူးပြီးတဲ့အခါ အသားယားယံတာ၊ အင်ပျဉ် အဖုအပိမ့်များ ထတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လူတိုင်းတော့ မဟုတ်ပေမဲ့ လူအများစုဖြစ်တတ်တဲ့ ပြဿနာပါ။ ရေကူးပြီးမှ အရေပြားယားယံလာတယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

    ရေကူးပြီးမှ အရေပြားယားယံလာတယ်ဆိုတာ ဘာကြောင့်လဲ။

    ဖြစ်ရတဲ့ အကြောင်းရင်း အများကြီး ရှိနိုင်ပါတယ်။ သန့်လွန်းရင်လည်း ပြဿနာဖြစ်သလို၊ ရေလုံးဝမသန့်တာကြောင့်လည်း ဖြစ်နိုင်တယ်။ ကိုယ့်ရဲ့ အသားအရေက ထိခိုက်ပွန်းပဲ့လွယ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအကြောင်းရင်းတွေထဲမှာမှ အဖြစ်အများဆုံး အကြောင်းရင်းတွေကတော့

    ၁။ ရေကူးကန်ထဲမှ ကလိုရင်းနဲ့ ဓာတ်မတည့်ခြင်း

    ကလိုရင်းဆိုတာ ရေကူးကန်တွေထဲက ရေကို ဘက်တီးရီးယားပိုး သေစေဖို့၊ ရေသန့်ရှင်းကြည်လင်နေစေဖို့ ထည့်ပေးရတဲ့ ဓာတုဗေဒပစ္စည်း ဖြစ်ပါတယ်။ ရေကူးကန်ရဲ့ အနက်နဲ့ အကျယ်ပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ ကလိုရင်း စံပမာဏအတိုင်း ထည့်မှသာ ရေကူးကန်က သန့်ရှင်းကြည်လင်နေမှာပါ။

    တစ်ခါတလေမှာ လူ့အရေပြားက ဓာတုဗေဒပစ္စည်းတွေကို အချိန်ကြာမြင့်စွာ ထိတွေ့မိတဲ့အခါ ဓာတ်ပြုပြီး ဓာတ်မတည့်လက္ခဏာဖြစ်တဲ့ ယားယံခြင်း ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် နာရီပိုင်းလောက်သာ လက္ခဏာပြတတ်ပြီး ဆေးအကူအညီမလိုဘဲ သူ့ဘာသာ ပျောက်သွားနိုင်ပါတယ်။

    ၂။ ရေမသန့်ခြင်း

    ကလိုရင်းပမာဏ လုံလုံလောက်လောက် မခတ်ထားတဲ့ ရေကူးကန်တွေ၊ ကလေးများသီးသန့် ရေကူးကန်တွေ၊ မြစ်ချောင်းအင်းအိုင်တွေမှာဆိုရင် ရေက သန့်ရှင်းမှုမရှိဘဲ အနည်အနှစ်၊ ဖုန်၊ အညစ်အကြေးများ ပြည့်နှက်နေပါတယ်။

    လူ့အရေပြားသည် နူးညံ့လွန်းတဲ့အတွက် သဘာဝမဟုတ်တဲ့ အညစ်အကြေးတွေနဲ့ ကြာရှည်စွာ ထိတွေ့မိတဲ့အခါလည်း ယားယံတာမျိုးတွေ ဖြစ်နိုင်ခြေရှိပါတယ်။ အထူးသဖြင့် အရေပြားပါးတဲ့သူတွေ၊ ထိခိုက်လွယ် အသားအရေပိုင်ရှင်တွေ ပိုအဖြစ်များပါတယ်။

    ၃။ ကပ်ပါးပိုးမွှားများ ကူးစက်ခံရခြင်း

    တိရစ္ဆာန်တွေဟာ ရေနဲ့ အနီးအနားမှာ နေထိုင်ကျက်စားတဲ့အခါ ကိုယ်ခန္ဓာပေါ်က ကပ်ပါးပိုးမွှားတွေကို ရေထဲ စွန့်ထုတ်မိလိုက်နိုင်ပါတယ်။ အထူးသဖြင့် မြစ်ချောင်းအင်းအိုင်မျိုး၊ ရေကူးကန်အနားမှာ ငှက်များ နားခိုနေတဲ့အခါ အဖြစ်များပါတယ်။

    ပုံမှန်အားဖြင့် ရေထဲကို ကလိုရင်းပုံမှန်ခတ်ပေးရင် ဒီကပ်ပါးပိုးမွှားတွေကို သေစေနိုင်ပါတယ်။ သန့်ရှင်းရေး သေချာမလုပ်နိုင်တဲ့အခါ ရေကူးမိသူရဲ့ အရေပြားထဲ ထိုးဖောက်ဝင်ရောက်ပြီး အဖုအပိမ့်များ၊ အင်ပျဉ်များ ထွက်လာနိုင်ပါတယ်။ ယားယံခြင်းဝေဒနာဟာ ရက်သတ္တပတ်လောက်ထိ ကြာသွားတတ်ပါတယ်။

    ၄။ ထိခိုက်လွယ် အသားအရေ ဖြစ်နေခြင်း

    ထိခိုက်လွယ်အသားအရေ (Sensitive Skin) ရှိသူတွေဟာ ဓာတုဗေဒပစ္စည်းတွေနဲ့ ထိတွေ့၊ ရှူရှိုက်၊ စားသုံး၊ ကိုယ်ခန္ဓာထဲ ဝင်ရောက်မိတဲ့အခါ ပြင်းထန်တဲ့ ဓာတ်မတည့်ခြင်း ဖြစ်တတ်ပါတယ်။ ဒီလိုလူမျိုးတွေအနေနဲ့ တခြားသူတွေထက် ကိုယ့်အသားအရေကို ပိုဂရုစိုက်ပေးဖို့ လိုအပ်သလို တော်ရုံ မသန့်ရှင်းတဲ့ နေရာတွေမှာ ရေကူးတာမျိုး မလုပ်သင့်ပါဘူး။

    အထူးသဖြင့် အမျိုးသမီးတွေမှာဆိုရင် မိန်းမကိုယ် ယားယံတာမျိုးတွေ ပိုဖြစ်တတ်ပြီး အမျိုးသားတွေမှာတော့ ဝှေးစေ့နဲ့ ပေါင်ခြံတစ်ဝိုက်မှာ ယားယံခြင်းတွေ ဖြစ်နိုင်ပါတယ်။

    ဘယ်လို ကုသလို့ရမလဲ။

    များသောအားဖြင့် ယားယံခြင်းပြဿနာဟာ ရေကူးပြီးကာစမှာ မခံမရပ်နိုင်အောင် ပြင်းထန်နိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ယားတာ သက်သာလာပြီး သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ ၂၄ နာရီကျော်လို့မှ လုံးဝမသက်သာတာ၊ ကိုယ့်အနေနဲ့ ဆရာဝန်နဲ့ ပြသင့်တယ်ထင်ရင်တော့ အရေပြားဆရာဝန်နဲ့ ပြကြည့်ပြီး လိုအပ်မယ့် သောက်ဆေး၊ လိမ်းဆေးတွေ ညွှန်းခိုင်းလို့ ရပါတယ်။

    တခြား ဆောင်ရန်၊ ရှောင်ရန်အချက်တွေအနေနဲ့

    • ကိုယ်ရေကူးနေကျ နေရာသည် သန့်ရှင်းသပ်ရပ်မှုကို အမြဲထိန်းထားနိုင်ခြင်း ရှိရပါမယ်
    • ရေမကူးခင်နဲ့ ရေကူးပြီးကို ခေါင်းကနေ ခြေအထိ ရေပြန်လောင်းပေးရပါမယ်
    • ရေကူးပြီးသွားရင် တတ်နိုင်သလောက် အချိန်မဆွဲဘဲ ဆပ်ပြာနဲ့ ရေပြန်ချိုးပေးပါ
    • အရေပြားကို အစိုဓာတ်ထိန်းခရင်မ်တွေ ပုံမှန်လိမ်းပေးပါ
    • ရေကူးနေချိန်မှာ အသားအရေ မပျက်စီးစေဖို့ နေလောင်ကာခရင်မ်တွေ လိမ်းပေးပါ
    • ရေမသန့်ဘူးထင်ရင် ဝန်ထမ်းတွေကို အချိန်မရွေး သန့်ရှင်းရေးလုပ်ဖို့ ပြောပါ
    • ယားယံခြင်းဖြစ်လာရင် အရေပြားကို ကုတ်ဖဲ့ခြင်း မပြုပါနဲ့
    • ရေများများ သောက်ပေးပါ

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 02/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement