backup og meta

အရေပြား ကျန်းမာရေးအတွက် ရန်သူတော် ခရမ်းလွန်ရောင်ခြည်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြား ကျန်းမာရေးအတွက် ရန်သူတော် ခရမ်းလွန်ရောင်ခြည်

    အသားအရေကို ပျက်စီးမှာ စိုးရိမ်တဲ့ သူတိုင်း ခရမ်းလွန်ရောင်ခြည် ကို ကြောက်လန့်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသားအရေကို မွဲခြောက်သွားစေဖို့၊ ထိခိုက်ပျက်စီးစေဖို့၊ အရေးအကြောင်းတွေ ထင်စေပြီး အိုမင်းရင့်ရော်စေဖို့ ကောင်းကောင်းဒုက္ခပေးနိုင်တာကိုး။

    တကယ်တော့ ခရမ်းလွန်ရောင်ခြည်ဆိုတာ အလှအပအတွက်သာ မကပါဘူး။ အရေပြား ကျန်းမာရေး အတွက်ပါ အရေးကြီးပါတယ်၊၊ အရေပြားကင်ဆာတွေ ဖြစ်နိုင်တဲ့အထိ သက်ရောက်မှုက ပြင်းလွန်းပါတယ်။

    ဒါကြောင့်လည်း ကျွန်တော်တို့တွေ အပြင်ထွက်တဲ့အချိန်တိုင်း နေလောင်ကာလိမ်းဆေးတွေ မဖြစ်မနေ လိမ်းဖို့ လိုအပ်တာပါ။ ခဏလေးပဲဆိုပြီး ဘာမှမလိမ်းဘဲ မျက်နှာပြောင်နဲ့ ထွက်ပြီး ပြန်လာရင် ကိုယ့်မျက်နှာက သိသိသာသာကို မည်းပြာပြီး ပျက်စီးသွားနိုင်ပါတယ်။ ဒီနေ့ ကျွန်တော်ပြောပြပေးမယ့် အကြောင်းအရာကတော့ အလှအပနဲ့ ကျန်းမာရေးကို စိတ်ဝင်စားသူတိုင်း သိထားသင့်တဲ့ ခရမ်းလွန်ရောင်ခြည် အကြောင်းပဲ ဖြစ်ပါတယ်။

    ခရမ်းလွန်ရောင်ခြည် ဆိုတာ ဘာလဲ။

    နေကနေ ကမ္ဘာမြေပေါ်ကို ကျရောက်လာတဲ့ အလင်းရောင်စဉ်တန်းကနေ ကွဲထွက်လာတဲ့ ဓာတ်ရောင်ခြည်ကို ခရမ်းလွန်ရောင်ခြည် (Ultraviolet Radiation) လို့ ခေါ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် တွေဟာ ကျွန်တော်တို့ လူသားတွေ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်တဲ့ အလင်းလှိုင်းတွေအဖြစ် ပြိုကွဲသွားပါတယ်။ ခရမ်းလွန်ရောင်ခြည်မှာ အလင်းလှိုင်းအကွာအဝေးပေါ် မူတည်ပြီး UV-A ၊ UV-B နဲ့ UV-C ဆိုပြီးတော့ ၃မျိုး ကွဲသွားပါတယ်။ ကံကောင်းစွာနဲ့ပဲ UV-C ဟာ ကမ္ဘာမြေကြီးရဲ့ လေထုကို ထိုးဖောက်နိုင်စွမ်း နည်းတဲ့အတွက် UV-A နဲ့ UV-B ၂မျိုးတည်းကိုသာ အဓိက ကာကွယ်ပေးဖို့ လိုပါတယ်။

    ခရမ်းလွန်ရောင်ခြည် ရဲ့ အရေပြား ကျန်းမာရေး အပေါ် သက်ရောက်မှု

    ခရမ်းလွန်ရောင်ခြည် ၃ မျိုးလုံးမှာ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ဆိုးကျိုးတွေ ပါဝင်နေပါတယ်။

    ၁။ ခရမ်းလွန်ရောင်ခြည် တွေထဲမှာ ကမ္ဘာပေါ်ကို ၉၅ ရာခိုင်နှုန်း ကျရောက်တာကတော့ UV-A ပါပဲ။ သူက ကျွန်တော်တို့ရဲ့ အရေပြားရဲ့ ဒုတိယမြောက်အလွှာထိ ထိုးဖောက်နိုင်စွမ်းရှိတယ်။ အရေးအကြောင်းတွေ ဖြစ်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတယ်။ အသားအရေကိုလည်း အရောင်မှိန်ပြီး ထိခိုက်ပျက်စီးစေပါတယ်။ UV-A ရဲ့ နောက်ထပ်ကြောက်ဖို့ကောင်းတဲ့အချက်ကတော့ တိမ်တွေ၊ လေထုကိုသာမက အိမ်က မှန်ပြတင်းပေါက်တွေကိုပါ ထိုးဖောက်နိုင်စွမ်းရှိတာပါ။

    ၂။ နေလောင်တယ်၊ အသားအရေထိခိုက်ပျက်စီးသွားတယ် ဆိုတဲ့ ကိစ္စတွေမှာ အဓိကတရားခံကို ပြောပါဆိုရင်တော့ UV-B ပါပဲ။ အရေပြားရဲ့ အပေါ်ယံအလွှာကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်။ နေပူထဲ ၁၅မိနစ်လောက် ဘာမှမလိမ်းဘဲ ထွက်သွားလိုက်ပြီဆိုတာနဲ့ အရေပြားတစ်သျှူးတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ နီရဲစပ်ဖျဉ်းပြီး ပူစပ်ပူလောင်သလို ခံစားရမယ်၊၊ ခန္ဓာကိုယ်ကပါ ရေဓာတ်ဆုံးရှုံးနေရင် ပိုပြီးတော့ ဝေဒနာကို ဆိုးဆိုးရွားရွား ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် UV-B ခရမ်းလွန်ရောင်ခြည်က အရေပြားကင်ဆာကိုလည်း ဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

    ၃။ UV-C ကတော့ အထက်မှာ ပြောခဲ့သလိုပဲ ကမ္ဘာ့လေထုကို ထိုးဖောက်နိုင်စွမ်းမရှိတဲ့အတွက် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ လူတွေကိုယ်တိုင် ပြုလုပ်ထားတဲ့ ပြဒါးမီးအိမ်၊ သံဂဟေဆက်တဲ့ နေရာမှာ အသုံးပြုတဲ့ မီးရှူးတွေမှာတော့ UV-C အနည်းနဲ့ အများ ပါဝင်နိုင်ပါတယ်။ UV-C က အရေပြားကင်ဆာ ဖြစ်စေလောက်တဲ့ ခရမ်းလွန်ရောင်ခြည်ထဲမှာတော့ မပါဝင်သေးပါဘူး။ ဒါပေမယ့်လည်း အသားအရေကို အရောင်မှိန်သွားစေပြီး ညိုမည်းလာစေနိုင်တယ်ဆိုတာကိုတော့ သတိထားသင့်တယ်နော်။

    ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြား ကျန်းမာရေး ထိခိုက်မှုကို ဘယ်လိုကာကွယ်မလဲ။

    ၁။ မနက် ၁၀နာရီမှ ညနေ ၄နာရီအတွင်း အချိန်ဟာ နေအပူဆုံးနဲ့ ခရမ်းလွန်ရောင်ခြည် ပြင်းထန်စွာ ကျရောက်နိုင်တဲ့ အချိန် ဖြစ်တဲ့အတွက် အဲ့ဒီအချိန်အတွင်း တတ်နိုင်သလောက် အပြင်ထွက်တာမျိုး ရှောင်သင့်ပါတယ်။

    ၂။ အပြင်သွားတော့မယ်ဆိုရင် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့နိုင်မယ့် နေရာမှန်သမျှ နေလောင်ကာလိမ်းဆေး လိမ်းပေးဖို့ အရေးကြီးပါတယ်။ အပြင်မထွက်ခင် နာရီဝက်အလိုမှာ SPF 30ကနေ 50 အနည်းဆုံး ပါဝင်တဲ့ နေလောင်ကာလိမ်းဆေးမျိုး အသုံးပြုသင့်ပါတယ်။

    ၃။ နေလောင်ကာလိမ်းဆေး ဝယ်ရာမှာ UV-A နဲ့ UV-B ၂မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ တံဆိပ်ကို ရွေးချယ်ဝယ်ယူပါ။

    ၄။ နေပူတဲ့အချိန် သို့မဟုတ် ပြေးလွှားလှုပ်ရှားနေရင် ချွေးပိုထွက်တဲ့အတွက် နေလောင်ကာလိမ်းဆေးက ပျက်ပြယ်သွားနိုင်ပါတယ်။ ဒါကြောင့် ၂နာရီခြား တစ်ခါ မျက်နှာကို တစ်သျှူးအခြောက် သို့မဟုတ် wet tissue အသုံးပြုပြီး သုတ်ပြီးမှ နေလောင်ကာလိမ်းဆေး ပြန်လိမ်းပေးရပါမယ်။

    ၅။ လိုအပ်ရင် ထီး၊ ဦးထုပ်၊ ဆောင်းသွားပါ။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် အစရှိသဖြင့် အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်သွားပါ။ မျက်လုံးကိုလည်း ထိခိုက်မှုမဖြစ်စေဖို့ နေအရမ်းပူလွန်းတဲ့ အချိန်တွေမှာ နေကာမျက်မှန် တပ်ပေးလို့ ရပါတယ်။

    ကိုယ့်ဘက်ကသာ သေချာပြင်ဆင်သွားမယ်၊ အကာအကွယ်တွေ သုံးသွားမယ်ဆိုရင် နေရောင်ကြောင့် အသားအရေ ပျက်စီးမှာ စိတ်ပူစရာမလိုဘဲ နွေရာသီရဲ့ အငွေ့အသက်လေးကို သေချာခံစားကြည့်လို့ ရပြီပေါ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement