backup og meta

ငွေဝင်တော့မယ့် လက်ဖဝါးနုနု ယားယံနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ငွေဝင်တော့မယ့် လက်ဖဝါးနုနု ယားယံနေပြီလား

    လက်ဖဝါး ယားတာနဲ့ ပတ်သက်ပြီး ရှေးလူကြီးတွေက ရွှေ၊ ငွေ၊ ဥစ္စာတစ်ခုခု ဝင်မယ်၊ အိမ်ရဲ့ စီးပွားရေးတွေ တက်တော့မယ်ဆိုပြီး ပြောတာကို ခဏခဏ ပြောတာ ကြားဖူးကြမယ် ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ရှေးအယူဝါဒအကြောင်းတွေ ပြောမှမဟုတ်ဘဲ ကျန်းမာရေးပြဿနာ ရှုထောင့်ကနေပြီးတော့ပဲ ပြောပြပေးချင်ပါတယ်။ လက်ကလေး ခဏခဏ ယားလို့ ဘာလုပ်ရမှန်းမသိတဲ့ သူတွေအတွက်လည်း ဒီဆောင်းပါးလေးက ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

    လက်ဖဝါး ယားယံခြင်းဟာ ကြီးမားတဲ့ ပြဿနာတစ်ခုလား။

    ကျန်းမာရေးအရ ကြီးကြီးမားမား စိုးရိမ်ရလောက်တာမျိုးမဟုတ်ဘဲ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး သေချာကုသမှု ခံယူဖို့ လိုအပ်တဲ့ အရေပြားပြဿနာလို့ ဆိုရမှာပါ။ အသားအရေ သေချာဂရုမစိုက်ဘဲ ပစ်ထားတာကစလို့ မှိုစွဲပြီး ဖြစ်တဲ့ အရေပြားရောဂါအထိကို ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။

    ၁။ အရေပြား ခြောက်ခြင်း

    များသောအားဖြင့် အသားခြောက်တဲ့သူတွေက သူများထက်ပိုပြီး ယားယံတာ၊ အရေပြား ကြမ်းတာမျိုး ကြုံရတတ်ပါတယ်။ အေးတဲ့ ရာသီမျိုး၊ လက်ကို ရေနဲ့ အကြာကြီး ထိတွေ့မိတဲ့အခါမှာလည်း အစိုဓာတ်နည်းပြီး ခြောက်သွားတတ်ပါတယ်။ ဓာတုဗဒပစ္စည်း (Chemical) အပြင်းစား ပါဝင်တဲ့ ဆပ်ပြာတွေ၊ ကြမ်းတိုက်ဆေးတွေ အသုံးပြုရင်လည်း ယားယံခြင်း ပိုဆိုးတတ်ပါတယ်။

    ဒါကို ကုသဖို့အတွက် လက်အရေပြားကို အစိုဓာတ်ပြန်ထိန်းပေးဖို့က အဓိက သော့ချက်ပါ။ အရေပြားသည် အစိုဓာတ် များလာလို့ အသားအရေက ပုံမှန်အတိုင်း စိုစိုကြည်ကြည်လေး ဖြစ်လာပြီး အသားခြောက်တာ၊ ယားယံတာတွေ ဖြစ်စေတော့မှာ မဟုတ်ပါဘူး။ ဒီအတွက် ရေချိုးပြီးတိုင်း လက်ကို အစိုဓာတ်ထိန်းခရင်မ် (Moisturizer) ပြန်လိမ်းပေးပါ။ သူများထက်ပိုပြီး အသားခြောက်တဲ့သူတွေဆိုရင်တော့ လက်ဆေးပြီးတိုင်းကို Hand Cream လေး ပါးပါး ပြန်လိမ်းပေးဖို့ လိုပါတယ်။

    ၂။ ဓာတ်မတည့်ခြင်း

    ကိုယ့်လက်နဲ့ ထိတွေ့ကိုင်တွယ်လိုက်တဲ့ အရာဝတ္ထုတွေမှာ ဖုန်တက်နေတယ်၊ ကိုယ်နဲ့ ဓာတ်မတည့်တဲ့ ဓာတုပစ္စည်း တစ်မျိုးမျိုး ရှိနေတယ်၊ ကိုယ်သုံးနေကျမဟုတ်တဲ့ အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်ထားတဲ့ အဝတ်ကို ဝတ်ဆင်တဲ့အခါမှာလည်း ဓာတ်မတည့်ခြင်း လက္ခဏာဖြစ်တဲ့ အသားယားယံတာမျိုး ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်မှု ပြင်းထန်ခြင်း အပေါ်မူတည်ပြီး မိနစ်ပိုင်းအတွင်းကနေ နာရီပိုင်းထိ ယားယံခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။

    ဒီအတွက် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် စိုစွတ်အောင် လေထုအစိုဓာတ်ထိန်းစက် (Humidifier) အသုံးပြုပေးပါ။ တခြားသူတစ်ယောက်ရဲ့ ပစ္စည်းတွေကို ကိုင်တွယ်မိတဲ့အခါ လက်ကို ဆပ်ပြာ၊ ရေနဲ့ ပြန်ဆေးပေးပါ။ ဓာတ်မတည့်ပြီး ယားယံလာတဲ့အခါ ဓာတ်မတည့် လက္ခဏာပျောက်ဆေးကို ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်သောက်လို့ ရသလို၊ အသားယားယံတာ သက်သာစေမယ့် Lotion လိမ်းပေးလို့လည်း ရပါတယ်။

    ၃။ အရေပြား ပြဿနာများ

    ဆိုရီရေးဆစ် (Psoriasis) လိုမျိုး အရေပြားဆဲလ်များ အဆမတန် ပွားလာမှုကြောင့် အသားခြောက်ပြီး ယားယံတဲ့ ရောဂါ၊ မှိုကြောင့်ဖြစ်တဲ့ အရေပြားနှင်းခူရောဂါတွေဟာ လက်တင်မကဘဲ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ အရေပြားကို သက်ရောက်မှု ဖြစ်စေပြီး ယားယံစေနိုင်ပါတယ်။ ဒီပြဿနာတွေကြောင့် လက်က ယားယံတာဆိုရင်တော့ ကိုယ့်သဘောနဲ့ ကိုယ် ဆေးဝယ်လိမ်းတာထက် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး ရက်သတ္တပတ် အနည်းငယ် ကြာမြင့်နိုင်ပါတယ်။ ကုသနေစဉ်မှာ ယားယံတာကို သက်သာစေဖို့ အရေပြားဆရာဝန်အနေနဲ့ လိမ်းဆေးအဆီ သို့မဟုတ် Lotion တွေကို ညွှန်းတာမျိုး လုပ်ပေးပါလိမ့်မယ်။

    ၄။ ဆီးချိုကြောင့် ယားယံခြင်း

    ဆီးချိုရောဂါသည်တွေထဲမှာ ရှားရှားပါးပါး တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။ ဆီးချိုရောဂါအခံကြောင့် သွေးတွင်း စီးဆင်းမှုနှုန်း နှေးကွေးတဲ့အခါ အရေပြားဆဲလ် ထုတ်လုပ်နှုန်း နှေးပြီး ယားယံစေနိုင်ပါတယ်။ များသောအားဖြင့် ခြေထောက်မှာ ယားယံတာမျိုး ပိုအတွေ့များပါတယ်။

    ဆီးချိုကြောင့် ယားယံခြင်း ဖြစ်တဲ့သူတွေအတွက် အဓိက သွေးတွင်းဂလူးကို့စ်ဓာတ်ကို သေချာထိန်းညှိပေးဖို့ လိုပါတယ်။ ကိုယ်နဲ့ မတည့်တဲ့ အစားအစာတွေကို ရှောင်တာ၊ အစာအာဟာရကို သေချာဂရုစိုက်တာ၊ ဆီးချိုရောဂါ သောက်ဆေးကို နေ့စဉ် မပျက်မကွက် သောက်တာ၊ ဆေးကုသမှု ခံယူခြင်းဖြင့် ထိန်းနိုင်ပါတယ်။

    အရေပြားပြဿနာတွေဟာ ရုတ်တရက် ကြည့်လိုက်ရင် ပေါ့သေးသေးလို့ ထင်ရပေမယ့် လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝကို တော်တော်လေး ဒုက္ခဖြစ်စေနိုင်တယ်ဆိုတာ မမေ့ပါနဲ့နော်။ ကိုယ့်ကျန်းမာရေး အခြေအနေ ကိုယ်သာ အသိဆုံးဖြစ်တာမို့ တစ်ခုခုဆိုရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး ကုသမှုခံယူခြင်းသာ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement