backup og meta

ခြေသည်း လက်သည်း မှိုစွဲ ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေသည်း လက်သည်း မှိုစွဲ ခြင်း

    မှိုစွဲ တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘက်တီးရီးယားတွေလိုပဲ သူတို့ကလည်း ခန္ဓာကိုယ်မှာ တိတ်တိတ်လေးရှိနေတတ်တယ်လေ။ များလာမှသာ လူကို ဒုက္ခပေးတာပါ။

    ဒါကြောင့် ခြေသည်း လက်သည်းမှ မှိုစွဲတယ်ဆိုတာလည်း ရှိတာပေါ့။ ဒါကို ဆေးပညာအရ ” Onychomycosis ” လို့ ခေါ်ပါတယ်။ သူက တဖြည်းဖြည်းချင်းဖြစ်လာတဲ့အတွက် ရုတ်တရက် သိနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။

    ဘာလို့ မှိုစွဲ ရတာလဲ။

    မှိုစွဲရတာက ခြေသည်း လက်သည်းရဲ့ အောက် ဒါမှမဟုတ် အပေါ်မှာ မှိုတွေ များလာလို့ပါ။ မှိုဆိုတာ သိတဲ့ အတိုင်း ပူနွေးစိုစွတ်တဲ့ နေရာကို ကြိုက်တယ်လေ။ ဒါကြောင့် ဒီလိုနေရာမှာဆိုရင် ပိုပွားလွယ်တာပေါ့။

    ကိုယ့်မှာ ရှိပြီးသား မှိုတွေ ပွားလာရင် မှိုစွဲတာ ဖြစ်နိုင်သလို တခြားသူဆီက ကူးတာလည်း ဖြစ်နိုင်ပါတယ်။ မှိုစွဲတာက လက်သည်းထက် ခြေသည်းမှာ ပိုတွေ့ရပါတယ်။ အထူးသဖြင့် ရှူးစီးတဲ့ သူတွေမှာပါ။ ခြေအိတ်လည်းဝတ်၊ ချွေးလည်းထွက်တော့ ပူနွေးစိုစွတ်ပြီး မှိုတွေ ပေါက်လွယ်တာပေါ့။

    နောက်ပြီး ကိုယ်က spaတွေမှာ ခြေသည်း လက်သည်း အလှပြင်ရတာ ကြိုက်တဲ့သူဆိုရင် သတိထားပါ။ သုံးတဲ့ ကိရိယာတွေကို ပိုးသတ်ထားရဲ့လား သေချာမေးပါ။ သေချာ ပိုးမသတ်ဘူးဆိုရင် ဒါတွေကနေလည်း မှိုကူးတတ်ပါတယ်။

    ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

  • ဆီးချိုရောဂါ ရှိတဲ့သူတွေ
  • သွေးလည်ပတ်မှု မကောင်းတဲ့သူတွေ
  • အသက်၆၅နှစ် အထက်တွေ
  • လက်သည်းတု၊ ခြေသည်းတုတပ်သူတွေ
  • အများသုံး ရေကူးကန် သုံးတဲ့သူတွေ
  • ခြေသည်း လက်သည်း ဒဏ်ရာရတဲ့သူတွေ
  • ခြေသည်း လက်သည်းနားက အရေပြား ထိခိုက်ထားတဲ့သူတွေ
  • ခြေလက် ရေစိုတဲ့ အလုပ် အကြာကြီး လုပ်ရတဲ့သူတွေ
  • ခုခံအား မကောင်းတဲ့သူတွေ
  • ရှူးဖိနပ်၊ ဘွတ်ဖိနပ် အကြာကြီး ဝတ်တဲ့သူတွေ
  • အမျိုးသားတွေက အမျိူးသမီးတွေထက် ပိုပြီး ဖြစ်နိုင်ပါတယ်။ လူကြီးတွေက ကလေးတွေထက်ပိုပြီး ဖြစ်နိုင်ခြေ များပါတယ်။ အတူနေ မိသားစုထဲမှာ တစ်ယောက်ဖြစ်နေရင် သူ့ဆီကနေ ကူးနိုင်ပါတယ်။ နောက်ပြီး အသက်ကြီးတဲ့ သူတွေကျတော့ သွေးလည်ပတ်မှု မကောင်းတာရော၊ ခြေသည်း အရှည်နှေးတာရော၊ ထူလာတာရောကြောင့် ပိုဖြစ်နိုင်ပါတယ်။

    မှိုစွဲ တာရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    • ခြေသည်း လက်သည်းတွေ ထူလာတာ
    • ဖြူဖြူကြီး ဒါမှမဟုတ် ဝါကျင်ကျင် အရောင်ထွက်တာ
    • ကြွတ်ဆတ်တာ၊ အစင်းတွေ ထတာ
    • ပုံပျက်တာ
    • ခြေသည်းအောက်မှာ အညစ်အကြေးတွေ စုလာပြီး မည်းလာတာ
    • အနံ့ဆိုးထွက်တာ စတာတွေပဲ ဖြစ်ပါတယ်။

    နောက်ဆက်တွဲ ဘာဖြစ်နိုင်သလဲ။

    သိပ်ဆိုးလာရင်တော့ နာလည်း နာမယ်။ ခြေသည်း လက်သည်းလည်း လုံးဝပျက်စီးသွားနိုင်ပါတယ်။ နောက် ခုခံအားပါ ကျနေမယ်ဆိုရင် တခြားနေရာကိုပါ ပျံ့သွားနိုင်ပါတယ်။

    ဥပမာပြောရရင် သင့်မှာ ဆီးချိုရှိတယ်ဆိုပါတော့။ သွေးလည်ပတ်မှုလည်း ကောင်းမှာ မဟုတ်သလို အာရုံကြောလည်း ထိခိုက်ထားလို့ ထိတာလည်း မသိပါဘူး။ ပြီးတော့ ပိုးလည်းဝင်လွယ်တယ်လေ။ ဒါကြောင့် ဒဏ်ရာသေးသေးလေးရခဲ့ရင်တောင် မှိုစွဲတာအပြင် တခြား ရောဂါပိုးတွေ ဝင်လာနိုင်ပါသေးတယ်။

    ကုသနည်းများ

    ကုရခက်တဲ့ အထဲမှာ ပါပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေချာ ကုပါ။အချိန်အတော်ကြာအောင် ကုရမှာပါ။ ပျောက်သွားလည်း အနေအထိုင် မဆင်ခြင်ရင် ပြန်ဖြစ်နိုင်တယ်ဆိုတာ သတိပြုပါ။ နည်းလမ်းတွေကတော့

    • မှိုသတ်သောက်ဆေးတွေ
    • ခြေသည်း လက်သည်း လိမ်းဆေးတွေ
    • မှိုသတ်လိမ်းဆေးတွေ ရှိပါတယ်။
    • သောက်ဆေး၊ လိမ်းဆေးတွေနဲ့ မသက်သာရင်၊ မှိုတွေ များနေရင် ခြေသည်း လက်သည်းကို ခွာပြီး သန့်ရှင်းရေး လုပ်ရမှာပါ။

    ကာကွယ်နည်းများ

    မှိုစွဲတာက မဖြစ်အောင် ကာကွယ်လို့ရပါတယ်။ နည်းလမ်းတွေကတော့

    • ခြေသည်း လက်သည်းကို သန့်ရှင်းအောင်ထားပါ။ တိုတိုညှပ်ပြီး သန့်သန့်ထားပါ။
    • လက်သည်းညှပ်ကို သူများနဲ့ မျှမသုံးပါနဲ့။
    • ခြေသည်း လက်သည်း အလှပြင်တဲ့ အခါ သုံးတဲ့ ပစ္စည်းတွေက ပိုးသတ်ထားပြီး ဖြစ်ပါစေ။
    • ဖိနပ်မစီးဘဲ လျှောက်မသွားပါနဲ့။
    • ရေချိုးပြီးတိုင်း ခြေချောင်းကြား၊ ခြေသည်းတွေကို ခြောက်အောင် သုတ်ပါ။
    • ရှူးဖိနပ်ဝတ်ရင် ချွေးစုပ်တဲ့ ခြေအိတ်ကို ဝတ်ပါ။
    • ရှူးဖိနပ်ကို မကြာမကြာ ပိုးသတ်ပါ။

    ဒီလောက်ဆိုရင်တော့ မှိုစွဲတာကို အတော်အသင့် ကာကွယ်နိုင်မှာပါ။ ဖြစ်လာရင်လည်း ဆရာဝန်နဲ့ ပြပြီး သေချာ ကုသမှု ခံယူဖို့ မမေ့ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement