backup og meta

လက်သည်းကိုက် တတ်တဲ့ အကျင့်ကို ပြင်ကြမယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်သည်းကိုက် တတ်တဲ့ အကျင့်ကို ပြင်ကြမယ်။

    လူအမျိုးမျိုးရှိတဲ့အတွက် လူတစ်ယောက်နဲ့ တစ်ယောက်မှာလည်း မတူညီတဲ့ အကျင့်လေးတွေရှိကြပါတယ်။ ကောင်းတဲ့ အကျင့် လေးတွေ ရှိသလို မကောင်းတဲ့ အကျင့်လေးတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုအကျင့်လေးတွေထဲက လူအတော်များများမှာ တွေ့ရတဲ့ လက်သည်းကိုက်တတ်တဲ့ အကျင့်လေးအကြောင်း ပြောပြချင်ပါတယ်။ သင့်မှာရော လက်သည်းကိုက် တတ်တဲ့ အကျင့်ရှိနေပြီလား။ ဒီဆောင်းပါးလေးမှာ လက်သည်းကိုက်တတ်တဲ့ သူတွေအတွက် သတိမထားမိနိုင်တဲ့ ဆိုးကျိုးတွေနဲ့ လက်သည်းကိုက် တတ်တဲ့ အကျင့်ကို ဘယ်လိုပြင်ကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပါ။

    လက်သည်းကိုက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးများ။

    ၁။ ရောဂါပိုးဝင်ခြင်း။

    လက်ဆိုတာ နေရာတကာ အသုံးပြုရတာကြောင့် ပိုးမွှားတွေနဲ့ ထိတွေ့မှုများတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လက်သည်းကြားလေးတွေမှာ ပိုးမွှားတွေ အများကြီးဝင်နေနိုင် ခိုအောင်းနေနိုင်ပါတယ်။

    ဒါ့ကြောင့် လက်သည်းကိုက်တဲ့ အကျင့်ရှိတယ် ဆိုရင် ကိုက်လိုက်တဲ့ လက်သည်းကတဆင့် ရောဂါပိုးမွှားလေးတွေဟာ အစာလမ်းကြောင်းနဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားနိုင်တဲ့အတွက် ဝမ်းလျှော၊ ဝမ်းပျက်ခြင်း တွေနဲ့ မကြာခဏ ဖျားနာခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

    ၂။ လက်စွယ်ငုတ်ခြင်း၊ ပြည်တည်ခြင်း။

    လက်သည်းကိုက်တဲ့အခါ လက်သည်းအနားမှာရှိတဲ့ အရေပြားလေးတွေ၊ တစ်ရှူးလေးတွေ ထိခိုက်သွားမယ်ဆိုရင် အဲ့ဒီကနေတစ်ဆင့် ရောဂါပိုးမွှားတွေ ဝင်ပြီး လက်စွယ်ငုတ်တာ၊ ပြည်တည်တာတွေ ဖြစ်လာနိုင်ပါတယ်။

    ၃။ လက်သည်းတွေ မလှမပဖြစ်လာမယ်။

    လက်သည်းတွေကို သေသေချာချာ မညှပ်ဘဲ သွားနဲ့ကိုက်တဲ့အတွက် လက်သည်းထိပ်လေးတွေက မညီမညာ မလှမပနဲ့ ကြည့်ရရုပ်ဆိုးစေပါတယ်။ ဒါ့အပြင် အဲလို မကြာခဏကိုက်မယ်ဆိုရင် နောက်ပိုင်းမှာ လက်သည်းလေးတွေ ကြီးထွားလာမှုမှာလည်း အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။

    အဲဒီအခါမှာ နောက်ထပ်ထွက်လာမယ့် လက်သည်းလေးတွေကလည်း ပုံမမှန်၊ မလှမပ ဖြစ်နေနိုင်ပါတယ်။

    ၄။ သွားလေးတွေ ပျက်စီးမယ်။

    လက်သည်းလေးတွေဟာ မာတဲ့အတွက် ကိုက်တာများလာတဲ့အခါမှာ သွားထိပ်လေးတွေကလည်း ပွန်းလာတာ၊ အက်ကွဲတာနဲ့ ကျိုးပဲ့သည်အထိ ဖြစ်စေနိုင်ပါတယ်။

    လက်သည်းကိုက် တတ်တဲ့ အကျင့်ကို ပြင်ကြမယ်။

    တချို့က မိဘတွေမှာ အကျင့်ရှိလို့ ကိုက်မိတာ၊ တချို့ကတော့ စိတ်ညစ်လို့၊ စိတ်ဖိစီးမှုတွေများလို့၊ စဉ်းစားစရာများလို့၊ ဗိုက်ဆာလို့ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုက်ကြပါတယ်။ တချို့ကလည်း ဘာလို့ကိုက်မှန်းမသိအောင် အလိုအလျောက်ကို ကိုက်မိနေတတ်ကြပါတယ်။

    အကျင့်တစ်ခု ဖြစ်လာတဲ့အခါမှာ တော်တော်ကြီးကို ပြင်ဖို့ ခက်ခဲနိုင်ပေမယ့်လည်း ဆိုးကျိုးတွေ အများကြီးကို ဖြစ်စေနိင်တာကြောင့် လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ပြင်ဖို့ ကြိုးစားသင့်ပါတယ်။ အဲဒီအတွက် အကူညီဖြစ်နိုင်မယ့် အချက်လေးတွေကို ဆက်ပြီး မျှဝေပေးပါမယ်။

    ၁။ လက်သည်းကို အမြဲတိုတို ညှပ်ထားပါ။

    လက်သည်းရှည်နေတဲ့အခါ ပိုပြီး ကိုက်မိနိုင်တဲ့အတွက် လက်သည်းကို အမြဲတိုတိုလေးဖြစ်အောင် ဂရုစိုက်ပြီး မှန်မှန်လေး ညှပ်ထားပေးသင့်ပါတယ်။

    ၂။ လက်သည်းဆိုးဆေး ဆိုးထားပါ။

    ဖြစ်နိုင်ရင် အရသာခါးတဲ့ ဆိုးဆေးတစ်ခုခု အသုံးပြုတာကောင်းပါတယ်။ လက်သည်းဆိုးဆေးဆိုးထားတဲ့ နည်းလမ်းကလည်း လက်သည်းကိုက်မိတာကို အနည်းငယ်တော့ လျော့နည်းစေမှာပါ။

    ၃။ ဘာကြောင့်ကိုက်ရတယ်၊ ဘယ်လို အချိန်တွေမှာပိုပြီး ကိုက်တတ်တယ် ဆိုတာကို သိအောင်လုပ်ပါ။

    ဥပမာ- စိတ်ညစ်လာရင် ကိုက်တတ်တယ်၊ စဉ်းစားစရာများလာရင် ကိုက်တတ်တယ်ဆိုရင် အဲလို အချိန်တွေမှာ ကိုယ့်ကိုကိုယ် မကိုက်မိစေဖို့ သတိထားပြီးနေသင့်ပါတယ်။ အဲလို အချိန်တွေမှာ လက်သည်းကိုက်ခြင်းအစား အခြား activity တစ်ခုခုလုပ်တာ၊ ကျန်းမာရေးအတွက် ကောင်းတာ တစ်ခုခုစားတာမျိုးတွေကို အစားထိုး လုပ်ကြည့်သင့်ပါတယ်။

    ဒါ့အပြင် စိတ်ဖိစီးမှုကြောင့် ဖြစ်ရတာမျိုးဆိုရင် စိတ်ဖိုစီးမှုကို လျှော့ချနိုင်အောင် လေ့ကျင့်ခန်းလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။ ဗိုက်ဆာတဲ့ အချိန်ကိုက်တတ်တယ်ဆိုရင်လည်း အစားအသောက် ကိုပုံမှန်စားပေးပြီး အဆာမလွန်အောင် ကာကွယ်နိုင်ပါတယ်။

    ၄။ လက်အိတ်ဝတ်ထားပါ။

    လက်အိတ်ဝတ်ထားမယ်ဆိုရင်လည်း လက်သည်းကိုက်မိတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမြဲတမ်း လက်အိတ်ဝတ်ထားဖို့ကတော့ ပူပြင်းတဲ့ ဒေသတွေမှာ သိပ်မဖြစ်နိုင်ပါဘူး။ ရာသီဥတုအေးတဲ့နေရာ၊ အေးတဲ့ အချိန်တွေမှာ တော့ ဒီနည်းလမ်းကို အသုံးပြုသင့်ပါတယ်။

    ၅။ လက်သည်းကို သေသေချာချာ အလှပုံဖော်ထားပါ။

    ဒီနည်းလမ်းလေးကတော့ အလှကြိုက်တဲ့ မိန်းကလေးတွေအတွက်ပါ။ လက်သည်းကို အလှလုပ်ထားတဲ့အခါ အလှပျက်မှာစိုးတဲ့အတွက် လက်သည်းကိုကိုက်မိတော့မှာ မဟုတ်ပါဘူး။ ဒါမျမဟုတ် Nail Spa သွားပြီး ပုံဖော်ထားမယ်ဆိုရင်လည်း ဈေးကြီးပေးပြီး ပုံဖော်ထားရတဲ့အတွက် လက်သည်းကိုက်မိနိုင်ချေ နည်းသွားမှာပါ။

    ၆။ စိတ်ရှည်ရှည်ထားပါ။

    အကျင့်တစ်ခုကို ပြုပြင်ဖို့အတွက် အချိန်တော်တော်ယူရနိုင်တဲ့အတွက် စိတ်ရှည်သည်းခံပြီး ကြိုးစားဖို့လိုအပ်ပါတယ်။

    ဒီဆောင်းပါးလေးကို ဖတ်ပြီး စိတ်ရှည်ရှည်နဲ့ လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ဖျောက်ဖျက်နိုင်ကြပါစေ။

    ရေးသားသူ- Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 08/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement