backup og meta

ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ

    မိန်းမတို့ဘုန်း ဆံထုံး တဲ့။ မြန်မာတွေရဲ့အမြင်မှာ ဆံကေသာအလှဟာ မိန်းကလေးတစ်ယောက်ရဲ့အလှတရားထဲ ၇၀ ရာခိုင်နှုန်းလောက်အရေးပါနေပါတယ်။ ဒါပေမဲ့လည်း ဆံပင်ဆိုတာ အသားအရေပဲ ပြဿနာတွေ များလှပါတယ်။ ဒီတစ်ခေါက်တော့ ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ ဆိုတာကို ပြောပြပေးပါမယ်။

    ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ

    ဆံပင် ပုံစံနဲ့ မလိုက်တာနဲ့တင် ကိုယ့်ရုပ်ရည်အသွင်အပြင်က ပြောင်းကိုပြောင်းလဲသွားပါတယ်။ ဒီတော့ ဆံသား ပျက်စီးလာလို့ အရင်လိုမလှနိုင်တော့မှာကို မစိုးရိမ်ကြဘူးလား။ ဆံပင် ကျိုးပြတ်တာတွေ၊ ဆံသားပျက်စီးတာတွေကို ကုသဖြေရှင်းဖို့က ဗြူးရှင်းဆလွန်းတွေမှာ ခေါင်းထိုးအပ်လိုက်ရုံနဲ့ အရာရာပြည့်စုံပြီထင်နေတာလား။ ကုထုံးဘယ်လောက်ကောင်းကောင်း ကိုယ်တိုင်ဂရုစိုက်ဖို့လည်းလိုပါတယ်။

    ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ ဆိုရင်တော့ အရင်ဆုံး –

  • ဆံပင်နဲ့ပတ်သက်တဲ့ လုပ်နေကျအမူအကျင့်တွေကိုပြောင်းလဲပါ
  • ဆံပင်အလှအပအတွက် ကိုယ်လုပ်နေကျအမူအကျင့်တွေကိုပြောင်းလဲပါ။ ဥပမာ ဆံပင်ဖြောင့်စက် မကြာခဏဆွဲတာ၊ ဓာတုပြင်းတဲ့ ဆေးတွေသုံးတာ၊ ဆံပင်ခြောက်ခံစက်သုံးတာတွေက ဆံသားကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် ဓာတုမပြင်းတဲ့ပေါင်းဆေး၊ ခေါင်းလျှော်ရည်တွေသုံးပြီး ခေါင်းလျှော်တိုင်း ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံပါ။ ကိုယ့်ဆံပင်နဲ့လိုက်ဖက်တဲ့ ထုတ်ကုန်တွေကို အသုံးပြုပါ။

  • ဆံပင်ပျော့ဆေးသုံးပါ
  • ဓာတုပါဝင်မှုမပြင်းတဲ့ ဆံပင်ပျော့ဆေးကို ရွေးချယ်ပြီးသုံးပေးရင် ဆံသားအစိုဓာတ်ကို ထိန်းညှိပေးတဲ့အတွက် လိမ်ကောက်ရှုပ်ထွေးမှုတွေ မဖြစ်စေပါဘူး။ ဆံသားကို ချောမွေ့ပြီး ပျော့ပျောင်းစေလို့ ဒီအချိန်မှာ ပိုအထောက်အကူဖြစ်စေပါတယ်။

    • စိတ်ဖိစီးမှုလျှော့ပါ

    စိတ်ဖိစီးမှု ဆိုးရွားလွန်းရင် ဆံသားကိုပါ ထိခိုက်စေပြီး telogen effluvium လို့ခေါ်တဲ့ ဆံပင်ကျွတ်ရောဂါတစ်မျိုး ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက ကိုယ့်မှာဆံပင်ပျက်စီး၊ ဆံပင် ကျွတ်ရတဲ့အကြောင်းရင်းသာဆိုရင် စိတ်ကိုဖြေလျှော့ဖို့ ကြိုးစားသင့်ပါတယ်။

  • စားသောက်မှုပုံစံပြောင်းပါ
  • ကိုယ်စားသုံးနေတဲ့ အစားအသောက်တွေမှာ အရက်ဘီယာ၊ အပူအစပ်၊ ပြုပြင်စီမံထားတဲ့ အစားအစာတွေ လိုမျိုး ကျန်းမာရေးနဲ့ မညီတာတွေ ပါဝင်နေမယ် ဆိုရင် ပြောင်းလဲသင့်ပါတယ်။ ဒါတွေကြောင့် ဆံပင် ပျက်စီး ရနိုင်ပါတယ်။ ကြက်ဥနဲ့ ငါးတွေမှာ ဆံသား ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့biotin ပါရှိပြီး အစေ့အဆန်မှာ ဆံပင် သန်စေတဲ့ selenium ပါရှိ ပါတယ်။ အကောင်းဆုံးက omega-3fatty acids ၊ ပရိုတင်း၊ ဗီတာမင် ဒီ၊ သံဓါတ်နဲ့ ဇင့်တို့ လုံလောက်အောင် စားသုံးပါ။

    ကြိုတင်ကာကွယ်ဖို့

    ဆံသား ပျက်စီးမှုကို ကာကွယ်ဖို့ဆို ဒီအချက်တွေကို မမေ့ပါနဲ့ –

    • ခေါင်းလျှော်ပြီးရင် conditioner သုံးပါ။
    • ခေါင်းလျှော်ရည်ကို ဦးရေပြားပေါ်မှာ နှိပ်နယ်ပြီး ရေနဲ့ ဆေးကြောချပါ (ခေါင်းလျှော်ရည်တွေ စွတ်ထည့်ပြီး အတင်း ပွတ်တာထက်)
    • ရေကူးကန်ထဲ ဆင်းမယ် ဆိုရင် ဆံသားကို ရေကူးကန်ထဲက ကလိုရင်း နဲ့ တခြား ဓာတုပစ္စည်းတွေ မထိအောင် ကာကွယ်ဖို့ ခေါင်းစွပ်စွပ်ပါ။
    • ဆံပင် ခြောက်ဖို့ အတွက် တဘက်နဲ့ ပတ်ပြီး ရေစုပ်အောင် လုပ်ပြီးမှ သဘာဝ အတိုင်း ဖြန့်ပြီး အခြောက်ခံပါ။
    • ဆံပင် မခြောက်ခင် ဖြီးတာ၊ dryer နဲ့ မှုတ်တာ မလုပ်ပါနဲ့။
    • အပူကို အသုံးပြုတဲ့ ဆံပင် အလှအပ အသုံးအဆောင်တွေ ချင့်ချိန်သုံးပါ။ ဖြောင့်စက်၊ ကောက်စက် ဆွဲတာတွေကို တစ်ခါတလေ လိုအပ်မှ သုံးပါ။
    • အရောင်ဆိုးတာလည်း ခဏခဏ မလုပ်ပါနဲ့။
    • ခေါင်းစည်းကြိုးကို တင်းတင်းကြီး မစည်းပါနဲ့။
    • ခေါင်းဖြီးရင် ညင်သာပါ။ တဗြန်းဗြန်းနဲ့ ဆောင့်မဖြီးချပါနဲ့။

    ဆံပင်၏ ကောင်းခြင်းနဲ့ ပြည့်စုံတဲ့ အလှကို ရရှိ ပိုင်ဆိုင်နိုင် ပါစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement