backup og meta

ဗောက်ထခြင်းနဲ့အစားအသောက်ကြား ဆက်နွယ်မှုကို သင်သိပါသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗောက်ထခြင်းနဲ့အစားအသောက်ကြား ဆက်နွယ်မှုကို သင်သိပါသလား

    ဗောက်ထခြင်းဟာ သင့်ရဲ့စားသောက်မှုပုံစံနဲ့ သက်ဆိုင်နေပါသလား။ ကျွမ်းကျင်ပညာရှင်တချို့ကတော့ သက်ဆိုင်နေတယ်လို့ဆိုကြပါတယ်။ လေ့လာမှုတွေက ထိုအချက်ကို သက်သေမပြနိုင်ကြသေးပေမယ့် အရေပြား အထူးကု အများစုကတော့ စားသောက်မှုပုံစံ ပြောင်းလဲခြင်းဟာ ဗောက်ထ သက်သာစေနိုင်တယ်လို့ အကြံပေးကြပါတယ်။

    သကြားဓါတ် နှင့် ဗောက်ထခြင်း

    လူအများစုဟာ သကြားနဲ့အချိုဓါတ်တွေ အလွန်အမင်း စားသုံးနေကြပါတယ်။ သကြားဓါတ်စားသုံးမှု လျှော့လိုက်ခြင်းဟာ ရောင်ရမ်းမှုကို သက်သာစေပြီး ဗောက်ဖက်များ ဖြစ်ပေါ်ခြင်းကို နည်းပါးစေနိုင်ပါတယ်။ သကြား၊ ကာဗိုဟိုက်ဒရိတ်တွေဟာ ခန္ဓါကိုယ်မှာ ရောင်ရမ်းမှုတွေကိုအားပေးနိုင်တာကြောင့် သကြားဓါတ်နည်းသော၊ ဓါတ်တိုးဆန့်ကျင် ကြွယ်ဝသော စားစရာများစားသုံးပေးခြင်းဟာ ဗောက်ထခြင်းကို ထိန်းသိမ်း လျော့ကျစေနိုင်ပါလိမ့်မယ်။

    အကြောင်းပြချက်ကတော့ မသေချာပေမယ့် အရေပြား အထူးကု တချို့ကတော့ ဒါဟာ ဟော်မုန်းဆက်စပ်မှု ဖြစ်နိုင်တယ်လို့ ဆိုကြတယ်။ သကြားဓါတ်များသော၊ အဆီဓါတ်များသော အစားအစာတွေဟာ အင်ဆူလင် ထွက်မှုများစေပြီး ထိုအင်ဆူလင်မှ ခန္ဓါကိုယ်မှာ အဆီထုတ်မှု များစေနိုင်တာ ဖြစ်နိုင်ပါတယ်။

    ဒါကြောင့် ဗောက်ထခြင်းကို လျော့နည်းစေရန် အဆီများသော စားစရာ၊ ဆီကြော် ထားသော စားစရာ၊ သကြားဓါတ် ကဆီဓါတ် များသော စားစရာများ၊ ဓါတုပစ္စည်းများဖြင့် ထိန်းသိမ်း ထုတ်ပိုးထားသော စားစရာများကို လျှော့ချစားသောက်သင့်ပါတယ်။

    တဆေးဖောက်ခြင်း

    အစားအစာနဲ့ ဗောက်ထမှုကြားက ဆက်စပ်မှုဟာ malassezia ခေါ် မှိုတစ်မျိုးကြောင့်လည်းဖြစ်တယ်။ ဗောက်ထခြင်းဟာ မှိုကြောင့်ဖြစ်သော ရောဂါတစ်မျိုး ဖြစ်တာကြောင့် တဆေးဖောက်ထားသော စားစရာတွေဟာ ဗောက်ထခြင်း ပိုဆိုးစေနိုင်ပါတယ်။ တဆေးဖောက်ခြင်းဟာ အစောကတည်းက ဗောက်ထခြင်းအပါအဝင် အခြေအနေ အမျိုးမျိုးမှာ ပါဝင်ပတ်သက်နေတတ်တဲ့ အငြင်းပွားစရာ တစ်ခု ဖြစ်လို့နေပါပြီ။

    ဘီယာ၊ ပေါင်မုန့်၊ ဝိုင် စသဖြင့် အချို နဲ့ တစေးဖောက်ထားတဲ့ စားစရာများဟာ ဗောက်ထခြင်းကို အားပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗောက်ထခြင်းကို လျော့နည်းစေဖို့၊ ကာကွယ်ဖို့အတွက် ထိုအစားအသောက်များကို ရှောင်ကြဉ် လျှော့ချဖို့လိုပါတယ်။ ပေါင်မုန့်၊ အရက်သေစာတို့ကို လုံး၀ ဖြတ်ပစ်တာမဟုတ်ဘဲ လျှော့ချရုံလောက်လေး နဲ့ပင် အကူအညီဖြစ်ပါတယ်လို့ ဆိုကြပါတယ်။

    အသီးအရွက်၊ အသီးအနှံ

    အာဟာရဓါတ်၊ အမျှင်ဓါတ်ကြွယ်ဝစွာပါတဲ့ အသီးအရွက်နဲ့ အသီးအနှံတွေ ပိုစားပေးခြင်းဟာ ဗောက်ထခြင်းကို လျှော့ချနိုင်မှာပါ။ သကြားဓါတ်၊ အငန်ဓါတ်၊ အဆီဓါတ်တွေသာ များနေတတ်တဲ့ ကျွန်ုပ်တို့ရဲ့ စားသောက်မှုပုံစံတွေဟာ ဗောက်ထခြင်းကဲ့သို့ အရေပြားဆိုင်ရာကိစ္စတွေ အပါအဝင် တခြားပြဿနာများကို အားပေးနေတတ်ပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်အတွက် လိုအပ်တဲ့အာဟာရဓါတ်များ လုံလောက်စွာရရှိရန် အသီးအနှံအသီးအရွက်တို့ကို အစိမ်းဖြစ်စေ၊ ချက်ပြုတ်ပြီးဖြစ်စေ အများအပြားစားပေးသင့်ပါတယ်။

    ကျန်းမာသောအဆီ

    အိုမီဂါ-3 အိုမီဂါ-6 ကဲ့သို့ ခန္ဓါကိုယ်အတွက်လိုအပ်သည့် အဆီဓါတ်တွေကိုတော့ ဗောက်ထခြင်းနဲ့ပတ်သက်ပြီး လေ့လာထားမှုတွေမရှိပါဘူး။ ဒါပေမယ့် အရေပြား အထူးကုအများစုကတော့ ထိုအဆီဓါတ်တွေဟာ ကျန်းမာ သန်စွမ်းတဲ့ဆံပင်နဲ့ အသားအရေအတွက် အရေးပါတယ် လို့ဆိုကြပါတယ်။

    လတ်တလော လေ့လာမှုတွေ ကလည်း ထိုအဆီဓါတ်တွေဟာ အရေပြား လုပ်ငန်းဆောင်တာတွေ အတွက် အရေးပါတယ်လို့ ဆိုလာပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှု လျော့ကျစေတဲ့သတ္တိ လည်းရှိပါတယ်။ ဆယ်လမွန်ငါး၊ တူနာငါး၊ မြေပဲယို၊ နှမ်းကြတ်စေ့၊ သံလွင်ဆီ၊ ထောပတ်သီး၊ သစ်ကြားသီး တွေဟာ ဗောက်ထသူများ စားသင့်သောစားစရာတွေဖြစ်ပါတယ်။

    ဦးရေပြားကို အုန်းဆီလိမ်းပေးခြင်းဟာ ဗောက်ထခြင်းအတွက် အိမ်သုံးကုထုံးတစ်ခု ဖြစ်တာကြောင့် အုန်းဆီကို စားသောက်မှုမှာပါ ထည့်သွင်းသုံးစွဲခြင်းက ဗောက်ထတာအတွက် အကျိုးရှိမလားလို့ တချို့ကအကြံပြုကြပေမယ့် အုန်းဆီဟာ ပြည့်ဝဆီဖြစ်တာကြောင့် မသုံးစွဲခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့လိုပါလိမ့်မယ်။

    ဘယ်အချိနကတည်းကစပြီး သင့် စားသောက်မှုပုံစံ ပြောင်းလိုက်မိသလဲ ဆိုတာကို သိနေဖု့ိက အရေးကြီးပါတယ်။ ဒါမှဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးတဲ့အခါမှာ အကူအညီဖြစ်နိုင်မှာပါ။ သင့် အစားအသောက်ပုံစံကို ဘယ်လိုပြောင်းလဲရမလဲ ဆိုတာကို အကြံပေးရ ပိုလွယ်ကူစေပါတယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement