backup og meta

ဝက်ခြံထွက်ခြင်းနှင့် စိတ်ခံစားမှုအကြောင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 15/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံထွက်ခြင်းနှင့် စိတ်ခံစားမှုအကြောင်း

    ဝက်ခြံထွက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများရှိပြီး စိတ်ခံစားမှုအပေါ်များစွာ လွှမ်းမိုးထားပါတယ်။ အများစုဟာ ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံထွက်ခြင်းပြဿနာနှင့် ကြုံတွေ့ရတတ်တဲ့အတွက် ဝက်ခြံထွက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုများနှင့် ဝက်ခြံထွက်လာရင် ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတာ နားလည်သိရှိဖို့အရေးကြီးပါတယ်။

    ဝက်ခြံထွက်ခြင်းကြောင့် ဖြစ်ပေါ်လာသောစိတ်ခံစားမှုများ

    ဝက်ခြံထွက်ခြင်းဟာ အလွန်အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခုဖြစ်ပြီး ခံစားရသူတွေကို စိတ်ပျက်စေပါတယ်။ ဒီအချက်ဟာ ဆယ်ကျော်သက် လူငယ်တွေအတွက် ပိုမိုဆိုးရွားစေပါတယ်။ ဆယ်ကျော်သက် လူငယ်တွေဟာ ပုံပန်းသွင်ပြင်ကို အင်မတန်ဂရုစိုက်တတ်ကြပြီး ရွယ်တူများနှင့် ယှဉ်တတ်တဲ့အလေ့အကျင့်ဟာ သဘာဝပါ။ ရွယ်တူသူငယ်ချင်းများကြား ကိုယ်တစ်ဦးတည်း ဝက်ခြံပေါက်တယ်ဆိုရင် လွန်စွာရှက်တတ်၊ မဝံ့မရဲဖြစ်ပြီး အကြောက်အရွံ့ကြီးတတ်ပါတယ်။ ဒါဟာ ဘဝအတွက် ဆိုးရွားတဲ့သက်ရောက်မှုရှိပြီး စစ်မှန်တဲ့ ပုံပန်းသွင်ပြင်ကို ဖုံးကွယ်တတ်ကြပါတယ်။ ဝက်ခြံထွက်သူတချို့ဟာ မျက်နှာကိုဖုံးဖို့အတွက် ဆံပင်ရှည်ထားတတ်ကြပြီး တချို့ကတော့ ဝက်ခြံအဖုအထစ်အချိုင့်တွေကို ဖုံးကွယ်ဖို့ မိတ်ကပ်ထူထူကြီးတွေ လိမ်းတတ်ကြပါတယ်။

    ဆယ်ကျော်သက်လူငယ်တွေဟာ ဘေးပတ်ဝန်းကျင်ရဲ့ အမြင်နှင့်သုံးသပ်ချက်များကို အရမ်းဂရုစိုက်တတ်ကြပါတယ်။ အမှတ်မထင်နောက်ပြောင်လိုက်ခြင်းကိုပင် ဝမ်းနည်းဝမ်းသာစိတ်ပျက်ပြီး စိတ်ဖိစီးနေတတ်ကြပါတယ်။ ဒီလိုခံစားချက်တွေဟာ ဝက်ခြံထွက်ခြင်းကို ပိုမိုဆိုးဝါးစေပါတယ်။

    ဆယ်ကျော်သက်အရွယ်မှာ လူငယ်တွေဟာ အနာဂတ်မှာဖြစ်ပေါ်လာမယ့် ထူးခြားနားသော ပင်ကိုစရိုက်လက္ခဏာများ ဖွံ့ဖြိုးချိန်ဖြစ်ပါတယ်။ မကောင်းတဲ့စိတ်ခံစားမှုတွေဟာ ဒီဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုပျောက်ကွယ်သွားပြီး သူစိမ်းနှင့်ဆက်ဆံပြောဆိုရာမှာ ကြောက်ရွံ့နေတတ်ကြပါတယ်။ ဒီလိုအပြုအမူမျိုးဟာ လူဝင်မဆန့်ဖြစ်လာပြီး လူအများစုနှင့်တွေးခေါ်မှုတွေ ကွဲပြားခြားနားနေတတ်ပါတယ်။ လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးတည်ဆောက်ရာမှာ အထူးသဖြင့် ဆန့်ကျင်ဘက်လိင် (ယောက်ျား (သို့မဟုတ်) မိန်းမ) သူတို့အတွက် ခက်ခဲနေတတ်ပါတယ်။

    မကောင်းတဲ့စိတ်ခံစားမှုဆိုးတွေကိုဘယ်လိုစီမံမလဲ

    • အခြားသူများနှင့်မျှဝေပါ။

    တကယ်တော့ ဝက်ခြံဟာ လူအများစုမှာပေါက်တတ်တဲ့အတွက် သင်တစ်ဦးတစ်ယောက်တည်း ခံစားနေရတာမဟုတ်ပါ။ သင့်ခံစားချက်များကို နားလည်ပေးနိုင်တဲ့သူတွေ အများကြီးရှိပါတယ်။ သူငယ်ချင်းများ (သို့) ဆွေမျိုးသားချင်းများနှင့် တိုင်ပင်ဆွေးနွေးခြင်းဖြင့် သင်တစ်ယောက်တည်း အထီးကျန်မနေတော့ဘဲ စိတ်ဖိစီးမှုများကိုရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။

    • နေထိုင်မှုပုံစံပြောင်းလဲပါ

    ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ လှုပ်ရှားမှုများမှာ ပါဝင်ဆင်နွှဲခြင်းဖြင့် ဝက်ခြံထွက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်မသက်သာမှုတွေကို မေ့ပျောက်စေနိုင်ပါတယ်။ ဒါ့အပြင် သင့်ကျန်းမာရေးနှင့် အသားအရေအတွက်ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဖြင့် ဂရုပြုရမှာဖြစ်ပါတယ်။ ကျန်းမာကြံ့ခိုင်တဲ့ကိုယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခြင်းဟာစိတ်နှလုံးရွှင်လန်းမှုကို ပေးစွမ်း နိုင်ပါတယ်။

    • ဝက်ခြံပျောက်ကင်းရန်ကုသမှုခံယူပါ

    ဝက်ခြံပျောက်ကင်းသက်သာအောင် ကုသဖို့နည်းလမ်းပေါင်းများစွာရှိတဲ့အတွက် စိတ်ပူစရာမလိုပါ။ အသင့်တော်အမှန်ကန်ဆုံးကုသမှုအဖြေကို ရရှိဖို့အတွက် အရေပြား အထူးကုဆရာဝန်နှင့် သွားရောက်ဆွေးနွေးပါ။ ဝက်ခြံပျောက်ကင်းစေဖို့ ကုသရာမှာအချိန်လိုတဲ့အတွက် စိတ်ရှည်တတ်ဖို့တော့လိုအပ်ပါတယ်။ ဒါပေမယ့် ရရှိလာတဲ့အကျိုးအမြတ်ကို သင်သဘောကျနှစ်ခြိုက်မှာ ဖြစ်ပါတယ်။

    ဝက်ခြံထွက်ခြင်းဟာ အရုပ်ဆိုးအကျည်းတန်စေပါတယ်။ ဒါပေမယ့် ပြင်ပအရေပြားတစ်ထောက်စာမှာ ဝက်ခြံထွက်ရှိရုံနှင့် လူတစ်ဦးရဲ့အတွင်းစိတ်နေသဘောထားကို ပြသပေးနိုင်တာ မဟုတ်ပါ။ အကယ်၍ သင့်မှာဝက်ခြံအများအပြားထွက်လာခဲ့ရင် စိတ်တည်ငြိမ်စွာထားပြီး ဘေးပတ်ဝန်းကျင်ရှိသူများကို အကူအညီတောင်းခံပါ။ ဝက်ခြံထွက်ခြင်းဟာ လူပျို၊ အပျိုဖော်ဝင်ခါစ အချိန်များစွာသောလူငယ်များကြုံတွေ့နေရတဲ့ အခက်အခဲများထဲမှ တစ်ခုသာဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 15/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement