backup og meta

အနီမှတ်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို ဘယ်လိုကုသမလဲ


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနီမှတ်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို ဘယ်လိုကုသမလဲ

    အနီမှတ်တွေနဲ့ ဝက်ခြံအမာရွတ်တွေကိုဘယ်လိုကုသမလဲ။

    ဝက်ခြံထွက်ပြီးဖြစ်လာတဲ့ အသားအရေအရောင်ပြောင်းခြင်းကို သေချာပေါက်ကုသပေးနိုင်တယ်လို့ ပြောထားတဲ့ အလှကုန်ပစ္စည်းတွေဟာ အချို့သောကိစ္စရပ်တွေမှာအချို့သော ခြွင်းချက်တွေကြောင့်ပြောထားတဲ့အတိုင်းကုသပျောက်ကင်းစေနိုင်မှာမဟုတ်ပါဘူး။ ဒီဆေးတွေထဲမှာ အသားအရေနေလောင်တဲ့ဒဏ်ကိုလျှော့ချပေးနိုင်တဲ့ (အသားညိုစေခြင်းကိုလျှော့ချပေးနိုင်တဲ့) hydroquinone ပါဝင်တဲ့ အသားဖြူစေတဲ့ ကုသမှုတွေ၊ မယ်လ်နင် (ဆံပင် အသားအရေနဲ့ မျက်လုံးအတွက် ရောင်ခြယ်ပစ္စည်း)ထုတ်လုပ်မှုကိုနှေးကွေးစေတဲ့ကုသမှုတွေ ပါဝင်မှာပါ။

    ဒါပေမဲ့ ဝက်ခြံရဲ့ ပန်းရောင်သို့မဟုတ် အနီရောင်အမှတ်တွေဟာမယ်လ်နင်နဲ့ဆက်စပ်နေခြင်းမရှိပါဘူး။ ဆိုလိုတာက Hydroquinone နဲ့ အခြားသောအသားဖြူစေတဲ့ ပစ္စည်းတွေကိုသုံးတာက လုံးဝထိရောက်မှာမဟုတ်ပါဘူး။ ခြွင်းချက်အနေနဲ့ ဝက်ခြံတွေပေါက်ပြီးနောက် ကျန်ခဲ့တဲ့အမှတ်ကအညိုရောင်ဖြစ်နေတာမျိုးလိုရှိရင်းစွဲအသားအရည်ထက် ညိုနေတာမျိုးတွေကိုတော့ hydroquinoeသုံးပေးခြင်းအားဖြင့် ပျောက်ကွယ်သွားစေနိုင်ပါတယ်။

    အိမ်မှာကုသနိုင်တဲ့ နည်းလမ်းတွေထဲမှာတော့ သံပုရာရည်သို့မဟုတ် အခြားသော အက်ဆစ်ပါဝင်တဲ့ သစ်သီးတွေကို မျက်နှာပေါ် ပွတ်တိုက်ခြင်းမျိုး လုံးဝမလုပ်ပါနဲ့။ သူတို့တွေက အရေပြားကို မှန်ကန်စွာချေးချွတ်မပေးနိုင်တဲ့အပြင် သူတို့ရဲ့ အက်ဆစ်ရည်တွေက အရေပြားကိုပျက်စီးစေနိုင်တာကြောင့် ကုသရမယ့်အချိန်ကိုပိုပြီးရှည်ကြာစေပါတယ်။ ဒါကြောင့် ဒီအရာကိုတော့ လုံးဝမလုပ်လိုက်ပါနဲ့။ ဒီပြဿနာကို မီးဖိုချောင်ထဲကပစ္စည်းတွေကလည်း ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။

    ဘယ်လူမျိုးဘယ်အသားအရောင်မဆို ဝက်ခြံပေါက်ပြီးဖြစ်လာတဲ့ အသားအရေအရောင်ပြောင်းခြင်းကို ပျောက်ကင်းစေနိုင်မယ့် နည်းလမ်း ၅ခုကို ဖော်ပြထားပါတယ်။ ပြီးတော့ ဒီနည်းလမ်းတွေက ဝက်ခြံပေါက်စေနိုင်တဲ့ အကြောင်းရင်းတွေကိုလည်းကုသပေးနိုင်တယ်လေ။

    နည်းလမ်း ၁

    ကောင်းမွန်တဲ့ ဖော်မြူလာနဲ့ထုတ်ထားပြိးနူးညံ့ပျော့ပျောင်းတဲ့အလှကုန်ပစ္စည်းတွေကိုသာအသုံးပြုပါ။ ဒီအချိန်မှာ ဝက်ခြံအမာရွတ်တွေပျောက်ချင်ဇောနဲ့မျက်နှာသန့်စင်ပေးနိုင်တဲ့ ပွတ်တိုက်ချေးချွတ်ခြင်းနဲ့ အသားအရေကိုထိခိုက်စေတဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ ကုသမှုတွေကိုသင်အရမ်းကိုပြုလုပ်ချင်နေမှာပါ။ ဒါပေမဲ့ ဒါတွေကအသားအရေကိုပိုပြီးပျက်စီးစေတဲ့အပြင် အရေပြားရဲ့ သူ့အလိုလို ပြန်လည် ကုသနိုင်စွမ်းကိုလည်း နှေးကွေးစေပါတယ်။ ပွတ်တိုက်ချေးချွတ်ခြင်းဟာအသားအရေကိုစုတ်ပြဲစေပြီးကုသခြင်းကိုနောက်ကျစေကာ အသားအရေထိခိုက်စေသော ပါဝင်ပစ္စည်းများ ကလည်း ကုသခြင်းကိုေ နှးကွေးစေပါတယ်။

    နည်းလမ်း ၂

    AHA သို့မဟုတ် BHA ချေးချွတ်ဆေးကိုနေ့တိုင်းသုံးပါ။ ကောင်းမွန်စွာဖော်စပ်ထုတ်လုပ်ထားတဲ့ AHA / BHA တွေရဲ့ ကောင်းကွက်တွေကတော့ (အထူးသဖြင့် BHA) တကယ်အံ့မခန်းပါပဲ။ BHA(beta hydroxyl acid or active ingredient salicylic acid) ကို နေ့စဉ်သုံးခြင်းကအသားအရေရဲ့အပေါ်ယံလွှာကိုပဲချေးချွတ်သန့်စင်ပေးနိုင်တာမကဘဲချွေးပေါက်တွေထဲထိရောက်နိုင်ပြီး ဝက်ခြံဖြစ်စေတဲ့ ပိတ်ဆို့နေတဲ့အရာတွေကိုပါ ပျော်ဝင်စေနိုင်ပါတယ်။ BHA က ရောင်ရမ်းနီရဲနေတာတွေကိုလည်းသက်သာစေနိုင်ပါသေးတယ်။ ဒါကြောင့် ဒီအဆင့်တစ်ခုတည်းနဲ့ဲတင် ဝက်ခြံဖြစ်နိုင်ခြေတွေမြင့်လာတာကိုလျှော့ချပေးနိုင်ပြီးလက်ရှိဖြစ်နေတဲ့ ဝက်ခြံပေါက်ပြီးကျန်ခဲ့တဲ့ အရာတွေ အမာရွတ်တွေကိုလည်းပျောက်ကွယ်သွားစေနိုင်ပါတယ်။

    Alpha hydroxy acid (glycolic acid ကဲ့သို့သော AHA များ) ကတော့ အရေပြားရဲ့ မျက်နှာပြင်ပေါ်မှာပဲ အလုပ်လုပ်ပြီး BHA လိုပဲ အရောင်မညီတာတွေကိုသေချာပေါက် ပျောက်ကွယ်လွင့်ပါးစေနိုင်ပါတယ်။ AHA တွေကတော့ အဆီတွေကိုမထိုးဖောက်နိုင်တဲ့အပြင် ချွေးပေါက်တွေရဲ့အတွင်းပိုင်းကိုလည်းBHAလိုမသန့်စင်ပေးနိုင်ပါဘူး။ ဒါကြောင့် သူတို့တွေကိုတော့ ဝက်ခြံပေါက်ခြင်းနဲ့ ချွေးပေါက်ပိတ်ခြင်း တွေအတွက် အားကိုးလို့မရနိုင်ပါဘူး။

    နည်းလမ်း ၃

    နေလောင်ဒဏ်ခံနိုင်စွမ်း SPF ၂၅နှင့်အထက်ပါဝင်တဲ့ နေလောင်ခံပစ္စည်းတွေကို ခြွင်းချက်မရှိ နေ့တိုင်းသုံးပေးပါ။ အကာအကွယ်မပါဘဲ ခရမ်းလွန်ရောင်ခြည်တွေနဲ့ ထိတွေ့တာကသင့်အရေပြားရဲ့ ကုသနိုင်စွမ်းကိုထိခိုက်စေပါတယ်။ (နေပူသည်ဖြစ်စေတိမ်ထူသည်ဖြစ်စေ ခရမ်းလွန်ရောင်ခြည်တွေကသင့်အရေပြားပေါ် ကျရောက်နေမှာပါ) ဆိုလိုတာကအနီရောင်အမှတ်တွေကပိုပြီးကြာကြာဖြစ်နေတော့မှာပါ။ နေရောင်မလှုံဘူးဆိုရင်တောင် ခရမ်းလွန်ရောင်ခြည်တွေနဲ့ ထိတွေ့နေတာက အရေပြားဆဲလ်တွေကို ပျက်စီးစေပါပြီးကုသခြင်းကို နှေးကွေးစေကာထိရောက်မှုလည်းနည်းသွားမှာပါ။ သင့်အသားအရည်ကိုခရမ်းလွန်ရောင်ခြည်ဒဏ်ကနေနေ့တိုင်းကာကွယ်တာက အရောင်မညီတာကိုပျောက်ကွယ်သွားစေဖို့ အဓိကကျတဲ့အပြင် သင့်အသားအရည်ကိုလည်းကျန်းမာလှပတဲ့ပုံစံမျိုးပိုပြီးကြာကြာဖြစ်စေနိုင်မှာပါ။

    နည်းလမ်း ၄

    ဓါတ်တိုးဆန့်ကျင်အာနိသင် တွေပါဝင်တဲ့ ပစ္စည်းတွေကိုသုံးပါ။ အထူးသဖြင့် ဗီတာမင်Cနဲ့ retinol ကဲ့သို့သောဆဲလ်တွေပေါ် ထိရောက်တဲ့ပစ္စည်းတွေပေါ့။ ဒီလိုကောင်းကျိုးဖြစ်စေတဲ့ ဓါတ်တိုးဆန့်ကျင်တွေနဲ့ ဆဲလ်တွေအတွက်ထိရောက်စေတဲ့ ပစ္စည်း ၂မျိုးဟာ သင့်အသားအရေကိုထပ်ပြီးပျက်စီးသွားတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သင့်ဆဲလ်တွေကိုပျက်စီးခြင်းကနေ ပြန်လည်ကောင်းမွန်စေတဲ့ အစွမ်းတွေကို မြှင့်တင်ပေးရင်းနဲ့ပေါ့။ ဒီလိုပစ္စည်းပေါင်းများစွာပါဝင်တဲ့ တိုနာနဲ့ Moisturizer (အစိုဓါတ်ထိန်းအလှဆီ)တွေသုံးခြင်းက သင့်အသားအရည်ကိုပြန်လည်ပြုပြင်ပေးဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။

    အချို့သောပစ္စည်းတွေ ဥပမာ- niacinamideနဲ့ retinol စတာတွေကသင့်မျက်နှာပေါ်က ဝက်ခြံပေါက်ပြီးကျန်ခဲ့တဲ့ စိတ်အနှောက်အယှက် ဖြစ်စရာအရောတွေအတွက် တကယ်ကောင်းမွန်တဲ့ အရာတွေပါ။

    နည်းလမ်း ၅

    ကျွမ်းကျင်ပညာရှင်တွေဆီကအကူအညီရယူပါ။ လေ့လာချက်တွေကတော့ ဝက်ခြံပေါက်ပြီးကျန်ခဲ့တဲ့ အနီရောင် သို့မဟုတ် အညိုရောင် စတဲ့ အရောင်မညီတဲ့ပြဿနာတွေဟာ Intense Pulsed Light (IPL)ဆိုတဲ့ အလင်းကုထုံးကိုတော့ သုံးရင် အတော်အဆင်ပြေနိုင်တယ် လို့ဆိုပါတယ်။ ဒါကြောင့် သင့်မှာမကြာခင်သွားစရာလာရာလူမှုရေးကိစ္စရှိနေလို့ ဒီအရောင်မညီတာတွေအမြန်ပျောက်စေချင်ပြီးအရေပြား ထိန်းသိမ်းမှုကိုပြီးပြည့်စုံချင်တယ်ဆိုရင် IPL က အဖြေမှန်ဖြစ်ပါလိမ့်မယ်။ (ပိုဆိုးတဲ့ အသားရောင်တွေအတွက်ကတော့ IPL မှာ လေဆာထည့်သုံးဖို့လိုမလိုအရေပြားအထူးကုနဲ့တိုင်ပင်ပါ) အခြားနည်းလမ်းတစ်ခုကတော့ prescription tretioin (Retin-A, Renova) ပါပဲ။ အလှအပဆိုင်ရာအရေပြားအထူးကုက လုပ်ပေးတဲ့ BHA သို့မဟုတ် AHA သုံးပြီးအပေါ်ယံအရေပြားဆဲလ်သေတွေကို ကွာကျခြင်းလုပ်ငန်းစဉ်ကို လစဉ်လုပ်ခြင်းကိုဆိုလိုတာပါ။

    တကယ်တမ်း ဝက်ခြံအမာရွတ်အစစ်တွေအတွက်ကျတော့ ကုသမှုနည်းလမ်းတွေက မလွယ်ကူလှပါဘူး။ ကြီးကြီးမားမား အသားအရေပျက်စီးမှုနဲ့ အတူဆုံးရှုံးသွားတဲ့ ကော်လာဂျင်တွေကြောင့် သူတို့တွေကိုတော့ ဘယ်အလှကုန်ပစ္စည်းကမှ ပျောက်ကင်းအောင်မလုပ်ပေးနိုင်ပါဘူး။ အရေပြားတစ်ရှူးပြန်ဖြည့်ခြင်း (dermal filler)က ဝက်ခြံအမာရွတ်အပေါက်တွေအရာတွေကို ဖြည့်ပေးနိုင်ပါတယ်။ အကောင်းဆုံးရလဒ် ရဖို့အတွက် ဒီ dermal fillers တွေကို AHA or BHA peeling လုပ်ခြင်းနဲ့ဖြစ်စေသို့မဟုတ် အသေးစားလေဆာကုထုံးနဲ့ဖြစ်စေ ပေါင်းစပ် ကုသပေးနိုင်ပါတယ်။

    Microdermabrasion (ကိရိယာသုံးပြီးအပေါ်ယံထူထဲ၊ မညီညာသောအလွှာကိုဖယ်ရှားခြင်း)ကလည်းကုသနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပေမယ့် လေဆာကုထုံးသို့မဟုတ် အားပြင်းAHA or BHA peels တွေထက် ပိုပြီးအသားအရေပျက်စီး နိုင်ခြေများပါတယ်။ ဒါ့အပြင် ရလဒ်ကလည်းထူးပြီးတော့ ကောင်းနေတာမျိုးမရှိပါဘူး။

    အထက်မှာဖော်ပြထားတဲ့ နည်းလမ်းတစ်ခုစီမှာကောင်းကျိုးရောဆိုးကျိုးပါရှိတာမို့ အရေပြားအထူးကုနဲ့တိုင်ပင်ဖို့ကအရေ ကြီးပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement