backup og meta

ဝက်ခြံလေးတွေ ဝေးဝေးပြေးစေဖို့ဆို ဒါလေးတွေ သိထားမှဖြစ်မယ်နော်


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံကထွက်နေပြန်ပြီ၊ စိတ်ညစ်လိုက်တာ။ ဘာဝယ်သုံးသုံးအဆင်မပြေဘူး၊ မျက်နှာပေါ်က ဝက်ခြံဧည့်သည်က လုံးဝမပြန်ဘူးဖြစ်နေတယ်။ အခန့်မသင့်ရင် အမာရွတ်ကဖြစ်ကျန်မှာဆိုတော့ ဝက်ခြံသက်သာအောင် ဘယ်လိုလုပ်ရမလဲ။ ဒီမေးခွန်းတွေအတွက် အဖြေကတော့ အရာရာဟန်ချက်ညီအောင်ထိန်းဖို့ဆိုတဲ့အချက်ပဲ ရှိပါတယ်။ ဝက်ခြံဖြစ်စေတဲ့အကြောင်းရင်းထဲမှာဟော်မုန်းအပြောင်းအလဲဖြစ်လို့၊ အိပ်စက်ပုံမူမမှန်လို့၊ အစားအသောက်မဆင်ခြင်လို့၊ သန့်ရှင်းမှုကိုဂရုမစိုက်လို့၊ချွေးပေါက်ပိတ်လို့၊ချွေးပေါက်ကျယ်လို့ စတာတွေပါဝင်ပါတယ်။ ဒါတွေကိုထိန်းညှိနိုင်ရင် ဝက်ခြံဆိုတာ ဘယ်ရှာရမှန်းသိမှာတောင် မဟုတ်တော့ပါဘူး။

    ဝက်ခြံပျောက်ချင်ရင် အရင်ဆုံး မမေ့သင့်တဲ့အချက်က –

    ဝက်ခြံတွေကို မညှစ်၊မဖဲ့ပါနဲ့။

    ဝက်ခြံဖြစ်လာရင် ညှစ်မယ်ဆိုတာချည်းပဲနော်။ ညှစ်လိုက်လို့ အဆံထွက်သွားရင် ဝက်ခြံပျောက်မယ်လို့ ဘယ်သူပြောလဲမသိ။ အခန့်မသင့်ရင် ပိုးဝင်မယ်၊ ဝက်ခြံပိုရင်းပြီးပျောက်ဖို့ကြာမယ်၊ပျောက်ရင်လည်း အမာရွတ်တွေ၊ ချိုင့်ခွက်တွေဖြစ်ကျန်မယ်ဆိုတာလေး မသိကြဘဲကိုး။ ဝက်ခြံအမာရွတ်ဖြစ်ပြီဆိုရင် သေချာဂရုစိုက်ရင်တောင် လုံးဝပျောက်ကင်းဖို့ လနဲ့ချီပြီးစောင့်ရတတ်ပါတယ်။

    ချွေးပေါက်မပိတ်ဆို့အောင် ဂရုစိုက်ပါ။

    အရေပြားက မွှေးညှင်းပေါက်လေးတွေမှာ ဆဲလ်သေတွေနဲ့ အဆီတွေပိတ်ဆို့မှုကြောင့်ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ပိတ်ဆို့နေတဲ့ချွေးပေါက်ထဲကို ဘက်တီးရီးယားတွေဝင်ရောက်သွားတဲ့အခါ နီမြန်းရောင်ရမ်းနေတဲ့ ဝက်ခြံတွေထွက်လာပါတော့တယ်။ ချွေးပေါက်တွေပိတ်ဆို့မှုကို သက်သာစေဖို့ဆိုရင် မျက်နှာအရေပြားပေါ်ကမွှေးညှင်းပေါက်တစ်ခုချင်းစီကို သန့်စင်ပေးနိုင်မယ့် မျက်နှာသစ်ဆေးကိုရွေးချယ်အသုံးပြုဖို့လိုအပ်မှာဖြစ်ပါတယ်။

    မျက်နှာသစ်ပါ

    ဝက်ခြံဖြစ်တတ်လို့ သန့်အောင်ဆိုပြီး ခဏခဏမျက်နှာသစ်ရင်လည်းပိုဆိုးစေနိုင်တယ်နော်။ တစ်နေ့ကို နှစ်ကြိမ်ပဲ မျက်နှာသစ်တာ အကောင်းဆုံးပါ။ ဝက်ခြံဖြစ်တတ်တဲ့သူတွေအတွက် သီးသန့်ထုတ်တဲ့ မျက်နှာသစ်ဆေးတွေကိုပဲသုံးဖို့ သင့်တော်ပါလိမ့်မယ်။ မဟုတ်ရင် ကိုယ်နဲ့မသင့်တော်တဲ့ မျက်နှာသစ်ဆေးရဲ့ပါဝင်ပစ္စည်းတွေကြောင့် အခြေအနေပိုဆိုးစေနိုင်တယ်နော်။

    ဆဲလ်သေတွေကိုဖယ်ရှားပါ။

    ဝက်ခြံဖြစ်တတ်တဲ့သူတွေဟာ သိပ်မပြင်းတဲ့ facial scrubတွေသုံးပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးသင့်ပါတယ်။ Scrubတွေက အရေပြားအပေါ်ယံအလွှာက ဆဲလ်သေတွေကိုဖယ်ရှားပေးတာမို့ချွေးပေါက်တွေကိုပွင့်စေပါတယ်။ တစ်ပတ်တစ်ကြိမ်တော့scrub သုံးပါ။

    Toner သုံးပါ။

    မျက်နှာကို သန့်စင်စေမယ့်နည်းတွေတော့လုပ်ပြီး toner မသုံးဘူးဆိုရင်ချွေးပေါက်တွေကျယ်စေနိုင်ပါတယ်။ချွေူးပေါက်ကျယ်ရင် ဆားဝက်ခြံတွေပိုဆိုးစေပြီး ဝက်ခြံကြီးတွေလည်းဖြစ်လာနိုင်ခြေပိုများစေပါတယ်။ချွေးပေါက်ပြန်ကျဉ်းပြီး အသားအရေနူးညံ့စေဖို့ မျက်နှာသန့်စင်ပြီးတိုင်း toner သုံးပါ။

    Moisturizer သုံးပါ။

    ဒါတွေလုပ်ပြီးရင် အသားအရေကို အစိုဓါတ်ပြန်ထိန်းပေးဖို့ moisturizer တစ်ခုခုသုံးသင့်ပါတယ်။ဘယ်အသားအရေအမျိုးအစားပဲဖြစ်ဖြစ် အသားအရေနဲ့ လိုက်ဖက်မယ့်Moisturizer သုံးဖို့လိုပါမယ်။

    ဝက်ခြံသက်သာစေမယ့်ခရင်မ်တွေလိမ်းပေးပါ။

    ဝက်ခြံသက်သာစေနိုင်တဲ့ ခရင်မ်တွေကို လုံလောက်တဲ့ ပမာဏအတိုင်း မကြာခဏလိမ်းပေးတာက ဝက်ခြံတွေကို အချိန်တိုအတွင်းပျောက်ကင်းစေနိုင်ပါတယ်။ အရေပြားဆရာဝန်နဲ့ပြပြီး ကုသမှုခံယူနေတာဆိုရင်တော့ သုံးရမယ့် ခရင်မ်တွေ၊ ဆေးတွေကို ဆရာဝန်ကညွှန်းပေးမှာပါ။

    ကိုယ်နဲ့လိုက်ဖက်မယ့် အသားအရေထိန်းပစ္စည်းကိုရွေးချယ်ဝယ်ယူပါ။

    လူတစ်ယောက်နဲ့တစ်ယောက် အရေပြားအမျိုးအစားချင်းမတူကြပါဘူး။ ဝက်ခြံသက်သာစေဖို့ အရေပြားသုံးပစ္စည်းတွေသုံးတဲ့အခါမျိုးမှာလည်း ကိုယ့်အသားအရေ အမျိုးအစားနဲ့လိုက်ဖက်တာကိုရွေးချယ် အသုံးပြုဖို့လိုအပ်ပါတယ်။ အဆီဓါတ်မပါဝင်တဲ့ အစိုဓါတ်ထိန်းခရင်မ် နဲ့ ဂျယ်လ်အမျိုးအစား အစိုဓါတ်ထိန်းခရင်မ်တွေကိုရွေးချယ်ဝယ်ယူပါ။နေလောင်ကာခရင်မ်ဝယ်ယူတဲ့အခါမှာလည်း ဂျယ်လ်ကို အခြေခံပြီးထုတ်ထားတာမျိုးကို အဓိကထားဝယ်ယူပေးပါ။

    အစားအသောက် ဆင်ခြင်ပါ။

    အချိုဓါတ်များတဲ့ အစားအသောက်တွေကသွေးတွင်း သကြားဓါတ်ကိုတိုးစေနိုင်ပြီး အင်ဆူလင်ထုတ်လုပ်မှုကို လည်းတိုးလာစေပါတယ်။သွေးတွင်း အင်ဆူလင်ပမာဏ တိုးလာတဲ့အခါမွှေးညှင်းပေါက်လေးတွေကို ပိတ်ဆို့စေပြီး အဆီတွေပိုထွက်လာစေပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ အသီးအရွက်တွေ၊ပဲအမျိုးမျိုးနဲ့ အစေ့အဆန်တွေ ထည့်သွင်းစားသုံးပေးပါ။ ကာဗိုဟိုက်ဒရိတ်စားသုံးမှုကို ကန့်သတ်လိုက်ပါ။

    မျက်နှာနဲ့ထိတွေ့ရမယ့် အရာတွေကို သန့်သန့်ရှင်းရှင်းထားပါ။

    မျက်နှာအသားအရေနဲ့ နေ့တိုင်း ထိတွေ့ရနိုင်တဲ့အရာတွေကတော့ ခေါင်းအုံး၊ စောင်နဲ့ မျက်နှာသုတ်ပဝါတွေပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒါတွေ မသန့်ရှင်းရင် အရေပြားယားယံတာမျိုးနဲ့ ဓါတ်မတည့်တာမျိုးကို ဖြစ်စေတတ်ပါတယ်။ စောင်နဲ့ ခေါင်းအုံးစွပ်တွေကို မကြာခဏလဲပေးပါ။ သူတို့ကို လျှော်တဲ့အခါမှာလည်း အမွှေးနံ့မပြင်းတဲ့ ဆပ်ပြာကိုသုံးပါ ၊ ပြင်းထန်တဲ့ အစွန်းချွတ်ဆေးနဲ့ ချီးချွတ်ဆေးတွေမသုံးမိဖို့ ဂရုစိုက်ပါ။

    အိပ်ရေးပျက်မခံပါနဲ့။

    ညဘက် အိပ်ရေးပျက်တာတွေများလာရင်ဝက်ခြံပြဿနာပိုဖြစ်စေတတ်ပါတယ်။ အရင်တည်းက ကိုယ်က ဝက်ခြံပြဿနာရှိတဲ့သူဆိုရင် ပိုဆိုးလာပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ အိပ်ရေးပျက်ရင် မျက်နှာပေါ်က အဆီဂလင်းတွေပို အလုပ်လုပ်ရပြီးအဆီပြန်တာများတတ်လို့ပါ။

    စိတ်ဖိစီးမှုတွေကိုနေရာမပေးပါနဲ့။

    စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေက ဝက်ခြံကို ပိုဆိုးစေနိုင်တဲ့ကော်တီဆောနဲ့ အက်ဒရီနယ်လင်ဟော်မုန်းတွေကို တိုးစေနိုင်ပါတယ်။ ဒီဟော်မုန်းတွေက အဆီဂလင်းတွေကို အဆီထုတ်လုပ်မှုတိုးစေပြီးချွေးပေါက်တွေကို ပိတ်ဆို့စေပါတယ်။

    အသားအရေကို နည်းလမ်းမှန်မှန်၊ စိတ်ရှည်ရှည်နဲ့ ဂရုစိုက်ပေးရင် မိတ်ကပ်လိမ်းနည်းသင်တန်းတွေတက်စရာမလို၊ လိမ်းပြင်စရာမလိုဘဲ ကြည်လင်လှပတဲ့မျက်နှာလေးကို ဝက်ခြံကင်းကင်းနဲ့ အလိုလိုပိုင်ဆိုင်ရပါလိမ့်မယ်။ မယုံမရှိနဲ့၊ ဒီအချက်တွေသာ လိုက်နာလိုက်ပါတော့။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 05/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement