backup og meta

အရေပြား မှိုရောဂါအမျိုးမျိုး


Dr. Su Sandy မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြား မှိုရောဂါအမျိုးမျိုး

    အရေပြားတွင်မှိုစွဲခြင်း ဆိုသည်မှာအဘယ်နည်း။

    မှိုစွဲရောဂါများသည် မှိုအမျိုးအစားအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပြီး အရေပြားယားယံခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

    မှိုရောဂါပိုးသည် အရေပြား၏ ဆဲလ်အသေများတွင် ခိုအောင်းကြီးထွားကြသည်။ မှိုရောဂါပိုးပေါ်တွင် မူတည်ပြီး အုပ်စုများခွဲခြားထားသည်။

    အရေပြားတွင် မှိုစွဲသောရောဂါအမျိုးမျိုး

    ကစားသမားခြေထောက် (ခြေပွေး) (Tinea pedis)

    ထိုရောဂါသည် ခြေချောင်းများကြားနေရာကဲ့သို့သော နွေးပြီး စိုစွတ်သော အရေပြားနေရာများတွင် ပေါက်ပွားသည်။ ထိုရောဂါပိုးသည် သင့်ခြေဖဝါးကို နီရဲယားယံစေပြီး အရေပြားများကွာကျစေသည်။ သင်၏ခြေထောက်သည် တဖြည်းဖြည်းနှင့် ခြောက်သွေ့အက်ကွဲလာပြီး အရေကြည်ဖုများလည်းဖြစ်ပေါ်နိုင်သည်။

    ထိုရောဂါကို စိုစွတ်၍ ရောဂါပိုးရှိနေသောကြမ်းပြင်များ ဥပမာအားဖြင့် အများသုံးရေချိုးခန်းများ၊ ရေကူးကန်များ နှင့် ချွေးထုတ်ခန်းများတွင် ဖိနပ်မပါဘဲ သွားသည့်အခါတွင် ကူးစက်ခံရနိုင်သည်။ ခြေထောက်မှတဆင့် ခန္ဓါကိုယ်၏ အခြားနေရာများသို့လည်း ပျံနှံ့နိုင်သည်။

    လက်သည်းခြေသည်းတွင် မှိုစွဲခြင်း (Tinea unguium)

    လက်သည်းခြေသည်းတွင် မှိုစွဲခြင်း သည် များသောအားဖြင့် လက်သည်းခြေသည်းထောင့်တွင် စဖြစ်ပြီး အောက်ခြေဘက်သို့ တဖြည်းဖြည်း ပျံနှံ့သည်။ ဖြစ်ရန်အချိန်ကြာတတ်ပြီး လက်သည်းခြေသည်းများကို အရောင်ပျက်ကာ ကျိုးလွယ်စေသည်။ ပတ်ပတ်လည်ရှိအသားစများသည် ထူလာပြီး လက်သည်းခြေသည်း များလည်း ထူလာသည့်အတွက် ဖိနပ်စီးလျှင်နာတတ်သည်။ ခြေသည်းသည် လက်သည်းထက်ပို၍ ရောဂါပိုးဝင်လွယ်သည်။

    ခြေပွေး ရောဂါရှိသည့်အခါ လက်သည်းခြေသည်းများကို ပျံနှံ့သည့်အတွက် မှိုစွဲသည့်ရောဂါ ဆက်လက်ဖြစ်ပွားနိုင်သည်။ ထိခိုက်ဒဏ်ရာရသည့်အခါတွင်လည်း ထိုသို့ မှိုစွဲသည့် ရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်သည်။

    ခန္ဓါကိုယ် ပွေး (Tinea corporis)

    အပြင်ဘက်တွင်ပေါ်နေတတ်သော ခန္ဓါကိုယ်အစိတ်အပိုင်းများ ဥပမာ လက်မောင်း၊ ခြေထောက်၊ မျက်နှာ စသော နေရာများတွင် ပွေးပေါက်တတ်ပြီး အနီရောင်လက်စွပ်ကွင်းပုံစံအကွက်များပေါ်တတ်သည်။ ပွေးပေါက်သောသူသည် အခြားသူများကို ထိတွေ့လျှင်၊ အဝတ်အစား၊ အိပ်ရာအသုံးအဆောင်များမျှဝေသုံးစွဲလျှင် ရောဂါကူးစက်တတ်သည်။ အိမ်မွေးတိရိစ္ဆာန်များ၊ ခွေးများ၊ ကြောင်များ၊ သိုးများနှင့်ကျွဲနွားများ သည် ပွေးရောဂါပိုးကို သယ်ဆောင်နိုင်သည်။

    ပေါင်ခြံတွင် ပွေးပေါက်ခြင်း

    လူငယ်ယောက်ျားလေးများတွင် အဖြစ်များပြီး ကယ်ပယ်အိတ် မှိုရောဂါ ဟုလည်းခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ကပ်ပယ်အိတ်နှင့်ပေါင်ခြံသည် နီးကပ်စွာတည်ရှိသောကြောင့် မှိုရောဂါပိုးပေါက်ပွားနိုင်သော အခြေအနေကို ဖြစ်ပေါ်စေသည်။ အဝတ်အစားများကို ခပ်ကျပ်ကျပ်ဝတ်ဆင်သော အမျိုးသမီးများတွင်လည်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်လျှင် ပေါင်ခြံနှင့် ခြေထောက်ထိပ်ပိုင်းများတွင် ယားယံခြင်း၊အနီကွက်များထွက်ခြင်းတို့ကို ခံစားရနိုင်သည်။

    ခန္ဓါကိုယ်တွင်ဖြစ်သကဲ့သို့ ပေါင်ခြံတွင် ဖြစ်ခြင်းသည်လည်း အထိအတွေ့အားဖြင့်ကူးစက်ခံရနိုင်ပြီး သင့်ထံမှ အခြားသူများဆီသို့ထိုနည်းလမ်းများဖြင့်ပင် ထပ်မံကူးစက်နိုင်သည်။

    ခြေပွေးရောဂါရှိလျှင် သင်၏ခြေထောက်ကို ကိုင်ပြီးနောက် ထိုလက်ကိုမဆေးပဲ ပေါင်ခြံကို ထိမိလျှင်လည်း ထိုမှတဆင့် ပွေးဖြစ်စေသည်။

    ဦးရေပြားတွင် ပွေးပေါက်ခြင်း (Tinea capitis)

    ထိုမှိုရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း ကလေးငယ်များတွင် အဖြစ်များသည်။ ခေါင်းဦးရေပြားတွင် နေရာမရွေးဖြစ်နိုင်ပြီး အကွက်များဖြစ်တတ်သည်။ လက္ခဏာများသည် အခြားနေရာများတွင် ပွေးပေါက်ခြင်းနှင့်တူတူပင်ဖြစ်ပြီး ဦးရေပြားတွင် အရေပြားအဖတ်များကွာကျပြီး ယားယံစေနိုင်သည်။ ပွေးကွက်နေရာများတွင် ပြည်တည်နိုင်သည်။ ရောဂါဖြစ်နေစဉ်အတွင်း ဆံပင်ကျွတ်ပြီး ထိပ်ပြောင်နိုင်သော်လည်း ရောဂါပျောက်သည့်အခါတွင် ဆံပင်ပြန်ပေါက်နိုင်ပါသည်။

    ခေါင်းဖြီးသောဘီး သို့မဟုတ် အဝတ်အစားများမျှဝေသုံးစွဲခြင်းဖြင့် သင့်တွင် ပွေးရောဂါပိုး ကူးစက်နိုင်ပါသည်။

    Intertrigo (အင်တာထရီကို)

    အချို့သော အရေပြားမှိုစွဲသောရောဂါများသည် yeast ဟုခေါ်သော မှိုတစ်မျိုးကြောင့်ဖြစ်သည်။ Intertrigo (အင်တာထရီကို) သည်အဝလွန်သူများ၏ ဝမ်းဗိုက်ရှိ ခေါက်နေသောအရေပြားများကဲ့သို့သော အရေပြားအတွန့်များကြားတွင် ဖြစ်ပွားသော yeast မှိုရောဂါတစ်မျိုးဖြစ်သည်။ ထိုရောဂါသည် yeastCandida albicans ရောဂါပိုးကြောင့်ဖြစ်ပွားသည်။ ထိုရောဂါပိုးဖြစ်လျှင် အရေပြားသည် နီရဲခြင်း သို့မဟုတ် အညိုရောင်ပြောင်းခြင်းဖြစ်ပြီး စိုစွတ်ကာ အက်ကွဲလာတတ်သည်။

    ညှင်း (Tinea versicolor)

    ဤရောဂါသည် Malassezia ဟုခေါ်သော မှိုတစ်မျိုးကြောင့်ဖြစ်သည်။ ၎င်းသည် အဖြစ်များပြီး လူငယ်များတွင် အဓိကဖြစ်ပွားသည်။ သင့်တွင် ဤရောဂါရှိလျှင် နောက်ကျောဖက်နှင့် ခြေဖဝါးတွင် အရေပြားကွာကျတတ်သည့် အကွက်များဖြစ်ပေါ်ပြီး အရေပြားအရောင်လည်းပျက်ကာ ယားယံသည်။ များသောအားဖြင့် ပန်းရောင် သို့မဟုတ် အညိုရောင်ဖြစ်ပြီး၊ အသားအရောင်ရင့်သူများတွင် အရောင်နည်းနည်းဖျော့တတ်သည်။

    မက္ခရု

    Candida albicans သည် အဖြစ်များသော မှိုတစ်မျိုးဖြစ်ပြီး ပါးစပ်၊ အစာအိမ်၊အရေပြား နှင့် မိန်းမကိုယ် တွင် ဖြစ်ပွားနိုင်သည်။ များသောအားဖြင့် ပြသနာမရှိသော်လည်း၊ မှိုသည် ဆက်လက်ပွားများနိုင်ပြီး အဖြူဖတ်များဖြစ်သော လက္ခဏာရှိနိုင်သည်။ အဝတ်အစား တင်းကျပ်ကျပ်ဝတ်လျှင်၊ ဆေးကြောသန့်စင်ခြင်းမလုပ်လျှင်၊ ပိုးသတ်ဆေးများသောက်နေလျှင်၊ ကိုယ်ဝန်၊ဆီးချိုရောဂါတို့ကြောင့် ခုခံအားကျနေလျှင် ထိုမှိုစွဲရောဂါဖြစ်နိုင်သည်။

    မှိုစွဲခြင်းကိုအဖြူရောင်အကွက်သေးသေးများ အနေဖြင့်တွေ့ရပြီး အနီရောင်အကွက်များလည်းဖြစ်နိုင်သည်။ အမျိုးသမီးများတွင် မိန်းမကိုယ်မှိုစွဲခြင်းကြောင့် ယားယံမှုကို ခံစားရပြီး အဖြူဆင်းနိုင်သည်။ ပါးစပ်ထဲတွင်လည်း အဖြူဖတ်များရှိနိုင်ပြီး ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် အဖြစ်များသည်။ အဖြူဖတ်များကို ပွတ်လိုက်လျှင် အနီကွက်အဖြစ်ကျန်ခဲ့သည်။ ပါးစပ်တွင် ဖြစ်လျှင် အစာစား၊ရေသောက်သည့် အခါနာကျင်နိုင်သည်။

    ရောဂါလက္ခဏာများ

    အရေပြားမှိုစွဲခြင်းတွင် မည်သို့သောလက္ခဏာများရှိနိုင်ပါသလဲ။

    အရေပြားမှိုစွဲခြင်း၏ လက္ခဏာများသည် ဖြစ်ပွားသော နေရာနှင့် မှိုအမျိုးအစားပေါ်တွင် မူတည်သည်။ မှိုစွဲသော အကွက်များသည် အခြားသော အရေပြားရောဂါများနှင့် မှားယွင်းနိုင်သည်။ အရေပြားမှိုစွဲရောဂါသည် အရေပြားအကွက် အမျိုးမျိုးကို ဖြစ်ပေါ်စေသည်။ အချို့သည် အနီရောင်၊ အဖတ်များကွာကျပြီး ယားယံစေသည်။ အချို့သည် ခြောက်သွေ့သောအသားနှင့် တူပြီး အရေပြားများကွာကျတတ်သည်။ ခန္ဓါကိုယ်တွင် တစ်နေရာထဲ သို့မဟုတ် နေရာစုံတွင် ဖြစ်ပေါ်တတ်သည်။ ဦးရေပြားတွင် ဖြစ်လျှင် ဆံပင်ကျွတ်တတ်သည်။

    မှိုရောဂါဖြစ်လျှင် ဆရာဝန်ဆီ သွားပြဖို့လိုချင်မှလိုမည်။ အိမ်တွင်ပင် ဆေးဆိုင်မှ ဆေးဝယ်ပြီး ကုသနိုင်သည်။ ဆေးဝါးနှင့် ပတ်သတ်ပြီး သိလိုလျှင် ဆေးဝါးကျွမ်းကျင်သူပညာရှင်နှင့် ဆွေးနွေးနိုင်သည်။ မသက်သာပဲ ပိုဆိုးလာလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    ရောဂါရှာဖွေခြင်းနှင့် စစ်ဆေးခြင်း

    အရေပြားမှိုစွဲသည့်ရောဂါကို မည်သို့သိနိုင်ပါသနည်း။

    ဆရာဝန်မှ သင်၏ ရောဂါလက္ခဏာများကို မေးမြန်းပြီး စစ်ဆေးပါလိမ့်မည်။ ဆေးဝါးကုသထားသောရာဇဝင်ကိုလည်း မေးမြန်းနိုင်ပါသည်။

    သင့် အရေပြားနှင့် အကွက်ပေါ်နေသောနေရာပေါ်မူတည်ပြီး ရောဂါအမည်တပ်ကြလိမ့်မည်။ သင့်အရေပြားမှ သို့မဟုတ် ဆံပင် သို့မဟုတ် လက်သည်းခြေသည်း ကိုယူပြီး ဓါတ်ခွဲခန်းသို့ ပို့၍ ရောဂါသေချာအောင် စစ်ဆေးနိုင်ပါသည်။

    ရောဂါကုသခြင်း

    အရေပြားမှိုစွဲခြင်းကို မည်သို့ ကုသပါသလဲ။

    ကိုယ့်ဘာသာကိုယ် ကုသခြင်း

    သင်ရေချိုးပြီးလျှင် ရောဂါဖြစ်ပွားနေသောနေရာကို ခြောက်သွေ့အောင် ပြုလုပ်ပါ။ အထူးသဖြင့် အရေပြားအခေါက်အတွန့်များကြားနေရာများဖြစ်သည်။

    သင့်ထံမှ အခြားသူများဆီသို့ မှိုရောဂါကို ပြန့်ပွားစေနိုင်သည့်အတွက် သင်၏ အဝတ်အစားများ၊ အိပ်ရာအသုံးအဆောင်များ၊ မျက်နှာသုတ်ပုဝါ၊ ကိုယ်သုတ်ပုဝါများ ကို သန့်ရှင်းအောင် လျော်ဖွတ်ရန် အရေးကြီးပါသည်။ သင့် အရေပြားကို ခြောက်သွေ့အောင် ထားနိုင်သော ချည်ထည်နှင့် လုပ်သော ချောင်ချိသော အဝတ်အစားများကို ဝတ်ဆင်သင့်ပါသည်။

    ဆေးဝါးများ

    မှိုသတ်ဆေးများကို အရေပြားပေါ်တွင် လိမ်းပေးရန်လိုအပ်ပါသည်။ မှိုသတ်ဆေးများသည် လိမ်းဆေးဖြစ်ပြီး ခရင်မ်၊လိမ်းဆေးရည်၊ခေါင်းလျှော်ရည်၊ မိန်းမကိုယ်ထဲထည့်သောပစ္စည်း၊ ဆေးပေါင်ဒါများ အနေနှင့် ပုံစံအမျိုးမျိုးရှိပါသည်။ အများစုသည် ဆေးဝါးပညာရှင်ရှိသော ဆေးဆိုင်တွင် ဝယ်လို့ရသည့်အတွက် ဆရာဝန်နှင့်ပြသရန်မလိုပါ။ ဆေးဝါးပညာရှင်မရှိလျှင်တော့ မည်သည့် ဆေးနှင့် သင့်တော်သည်ကို သိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ ဆေးဘူးတွင် ပါသော အညွှန်းစာရွက်ကို သေချာဖတ်ပြီး မည်သို့လိမ်းရမည်၊ဘယ်လောက်ကြာကြာလိမ်းရမည်ကို သိအောင်လုပ်သင့်သည်။ သိလိုသည်များကို ဆေးဝါးပညာရှင်ကို မေးမြန်းပါ။

    သင့်တွင် မှိုစွဲနေသော အရေပြားနေရာသည် ကြီးပါက သောက်ဆေးသောက်ရန်လိုအပ်ပါသည်။ လိမ်းဆေးလိမ်းနေခြင်းဖြင့် မသက်သာလျှင် သင့်ဆရာဝန်မှ သောက်ဆေးဆက်ပေးနိုင်ပါသည်။ သောက်ဆေးများတွင် အရေပြားကို ရောင်ရမ်းနာကျင်စေခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများရှိနေနိုင်ပါသည်။

    တစ်ခါတရံ သင့်တွင် ရောဂါလက္ခဏာများ ပျောက်ပြီးမှ ပြန်ပေါ်လာတတ်ပါသည်။ ထိုအခါမျိုးတွင် လက္ခဏာများပျောက်ပြီးနောက် နှစ်ပတ်အထိ ကုသမှုကို ဆက်လုပ်သင့်ပါသည်။ ကုသမှုများကို နှစ်ပတ်မှ ရှစ်ပတ်အထိ သို့မဟုတ် လက်သည်းမှိုရောဂါအတွက် တစ်နှစ်ခွဲအထိ ဆက်လက်ပြုလုပ်ရပါမည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement