backup og meta

သင့်ဆီမှာပွေးရှိနေသလား ဘယ်လိုသိနိုင်မလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ဆီမှာပွေးရှိနေသလား ဘယ်လိုသိနိုင်မလဲ

    ပွေး ဟာ အဖြစ်များတဲ့ အရေပြားရောဂါပိုးတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ အလွန်ကူးစက်လွယ်ပြီး အနီရောင် အကွက်တွေ စက်ဝိုင်းပုံစံ ဖြစ်တာမျိုး ဖြစ်ပါတယ်။ ဒီအနီရောင်အကွက်ဟာ အကြေးခွံပုံစံမျိုးလည်း ရှိတတ်ပါတယ်။ တခါတရံမှာ ဒီအကွက်တွေဟာ ဦးရေပြားမှာ ဆံပင်ကျွတ်ခြင်း၊ ယားယံခြင်းနဲ့ အရည်ကြည်ဖုတွေကို ဖြစ်စေပါတယ်။

    ပွေးဟာ လူတွေမှာရော တိရိစ္ဆာန်တွေမှာပါ ဖြစ်တတ်ပါတယ်။ တိရိစ္ဆာန်ကနေ လူတွေကို ပွေးကူးစက်ခံရမှုတွေ ပါရှိပါတယ်။ ကလေးငယ်တွေမှာ အဖြစ်များပေမယ့် အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။

    ပွေးတွေဟာ သံကောင်တွေကြောင့် ဖြစ်တာမဟုတ်ပဲ tinea လို့ ဆေးပညာအရ အသိများတဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တဲ့ အရေပြား ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ မှိုတွေဟာ အလွန်သေးတယ်တဲ့ အကောင်တွေဖြစ်ပြီး ကိုယ်ခန္ဓါ အရေပြား၊ ဆံပင်၊ လက်သည်းခြေသည်းတွေရဲ့ ဆဲလ်အသေတွေထဲမှာ နေထိုင်ကြပြီး သစ်ပင်အခေါက်မှာ ပေါက်ပွားတဲ့ မှိုတွေနဲ့ သဏ္ဍာန် တူပါတယ်။

    ပွေးကို ဘာက ဖြစ်စေတာလဲ။

    ပွေးကို အရေပြားပေါ်မှာ ရှိတဲ့ မှိုတစ်မျိုးက ဖြစ်စေတာ ဖြစ်ပါတယ်။ မှို သုံးမျိုးရှိပါတယ်။ Trichophyton, microsporum နဲ့ epidermophyon တို့ပဲ ဖြစ်ပါတယ်။ အရေပြားပေါ်ကို ကူးစက်ခံရပြီဆိုရင် စက်ဝိုင်းပုံစံနဲ့ ပြန့်ပွားမှာ ဖြစ်ပါတယ်။ တခါတရံမှာ စက်ဝိုင်းရဲ့ အလယ်မှာ ဘာမှ မရှိပဲ နောက်အဝိုင်းသစ်တစ်ခုဟာ အဟောင်းရဲ့ အစွန်းကနေ ထပ်ဖြစ်လာတာကို တေ့ွနိုင်ပါတယ်။

    ဒီမှိုတွေဟာ မြေကြီးထဲမှာ အချိန်အကြာကြီး နေနိုင်ပါတယ်။ ဒီမြေကြီးနဲ့ ထိတွေ့တဲ့ လူတွေနဲ့ တိရိစ္ဆာန်တွေဟာ မှိုရောဂါ ရနိုင်ပါတယ်။

    ကလေးတွေမှာ ပွေးတွေ အများဆုံး ပေါက်နိုင်ပါတယ်။ ကလေးအချင်းချင်း ပြန့်ပွားနိုင်ပြီးတော့ သူတို့မျှဝေသုံးစွဲတဲ့ ပစ္စည်းတွေက တစ်ဆင့်လည်း ရောဂါ ကူးစက်နိုင်ပါတယ်။ အရွယ်ရောက်ပြီးသူမှာတော့ ပွေးကို တဘက် (သို့) အားကစား ကိရိယာ မျှဝေသုံးစွဲခြင်းကနေ ကူးစက်နိုင်ပါတယ်။

    အမှိုက်တွေနဲ့ ကစားတတ်တဲ့ တိရစ္ဆာန်တွေဟာ ပွေးပေါက်နိုင်ပြီး လူတွေကို ထိတွေ့ခြင်းနဲ့ ကူးစက်နိုင်ပါတယ်။

    ပွေးရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    အများအားဖြင့်ပွေးကို ဦးရေပြားမှာ အတွေ့များတတ်ပေမယ့် ကိုယ်ခန္ဓါ တစ်ခုလုံးမှာ ဖြစ်နိုင်ပါတယ်။ အရေပြားပေါ်မှာ စက်ဝိုင်းပုံစံနဲ့ ပေါ်လာတတ်တာဖြစ်ပါတယ်။ ရောဂါပိုးကူးစက် ခံရတဲ့ အရေပြားဟာ အပြင်အစွန်းက နီမြန်းပြီး ယားယံတတ်ကာ အတွင်းပိုင်းမှာတော့ ရှင်းလင်းနေတတ်ပါတယ်။ အရေပြားမှာ အကြေးခွံတွေ ရှိတတ်ပြီး ယားယံတတ်ပါသေးတယ်။ ပိုမိုပြင်းထန်တဲ့ အခြေအနေတွေမှာတော့

    • အကွင်းတွေဟာ ပွားလာနိုင်ပါတယ်။ အရွယ်ကြီးမားလာနိုင်ပြီး တစ်ခုနဲ့ တစ်ခုလည်း ဆက်သွားနိုင်ပါတယ်။
    • အရေပြားကို အနည်းငယ်ဖေါင်းနေနိုင်ပြီး ယားယံနိုင်ပါတယ်။
    • အရည်ကြည်ဖုနဲ့ ပြည်စုနာတွေဟာ အကွင်းပတ်လည်မှာ ဖြစ်လာနိုင်ပါတယ်။

    ရောဂါပိုမို ဆိုးလာတာနဲ့ အမျှ အကွင်းဟာ ကျယ်လာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ကွင်း (သို့) တစ်ကွင်းထက်ပိုတဲ့ ပွေးကွက်တွေလည်း ရှိနိုင်ပါတယ်။

    မျက်နှာနဲ့ လည်ပင်းမှာ ဖြစ်တဲ့ ပွေးတွေဟာ စက်ဝိုင်းပုံစံ မရှိပေမယ့် သူတို့ဟာလည်း ယားယံပြီး ရောင်ရမ်းနိုင်ပါတယ်။ အရေပြားဟာ ခြောက်သွေ့ပြီး အဖတ်လန်နိုင်ပါတယ်။ ဆံပင်ရှိတဲ့နေရာတွေမှာ ဆံပင်ကျွတ်တာကို တွေ့ရနိုင်ပါတယ်။ သူတို့ကို စောစီးစွာ မကုသရင် ဆံပင်ပြောင်နေတဲ့ အကွက်တွေဟာ တစ်သက်လုံး ဖြစ်သွားနိုင်ပါတယ်။

    လက်မှာ ရှိတဲ့ ပွေးကွက်ကတော့ လက်ဖဝါးနဲ့ လက်ချောင်းတွေ အလယ်ပိုင်းကို ပိုထူလာစေပါတယ်။ လက်တစ်ဖက် (သို့) နှစ်ဖက်လုံးမှာ ဖြစ်နိုင်ပါတယ်။

    ပွေးကွက်ကို ဘယ်လိုရောဂါ အမည်တပ်မလဲ။

    ပွေးကွက်တွေဟာ ရောဂါအမည်တပ်လွယ်ပါတယ်။ ဆရာဝန်ဟာ အရေပြားရဲ့ ပုံစံကိုကြည့်ပြီး ပွေးကွက်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ အခြားစစ်ဆေးမှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

  • ပွေးရောဂါရရင်ဖြစ်တဲ့ fluorescent material ကို ရှာဖွေဖို့ UV rays ကို အသုံးပြုခြင်း
  • ဘယ်မှို အမျိုးအစားက ရောဂါဖြစ်စေလဲဆိုတာသိဖို့ မှန်ပြောင်းအောက်မှာ အရေပြား စစ်ဆေးခြင်း
  • ပွေးကို ဘယ်လိုကုသနိုင်ပါသလဲ။

    သင့်ဆရာဝန်က ရောဂါပြင်းထန်မှုပေါ်မူတည်ပြီး မှိုသတ်ဆေးတွေ ပေးနိုင်ပါတယ်။ Ketoconazole ဟာ မှိုရောဂါသတ်တဲ့ ခရင်မ်တစ်မျိုးဖြစ်ပါတယ်။ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေနဲ့ ခရင်မ်တွေကိုလည်း သုံးနိုင်ပါတယ်။ ဆေးဆိုင်က ဝယ်တဲ့ဆေးတွေမှာတော့ clotrimazole, miconazole နဲ့ အခြား ပါဝင်ပစ္စည်းတွေ ပါတတ်ပါတယ်။ ပွေးကွက်ကို ပြန့်ခြင်းကနေ ကာကွယ်တဲ့ ခေါင်းလျှော်ရည်ကိုလည်း အသုံးပြုသင့်ပါတယ်။

    ပွေးကွက်ပြန်ဖြစ်တာကို ကာကွယ်ဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

    • ရောဂါဖြစ်တဲ့နေရာကို ယားယံစေတဲ့ အဝတ်အစားတွေကို ရှောင်ကျဉ်ခြင်း
    • အိပ်ယာခင်းနဲ့ အဝတ်အစားတွေကို ရောဂါရှိနေစဉ် သီးသန့်လျှော်ခြင်း
    • ရောဂါပိုးရှိနေနိုင်တဲ့ ဘီးအဟောင်းတွေကို လွှင့်ပစ်ခြင်း
    • အရေပြားကို သန့်ရှင်းခြောက်သွေ့အောင် ထားခြင်း
    • ဦးထုပ်၊ တဘက်၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို အခြားသူတွေနဲ့ မျှဝေသုံးစွဲခြင်း မပြုခြင်း

    ပွေးဟာ လူတွေ၊ အရာဝတ္ထုတွေနဲ့ တိရိစ္ဆာန်တွေနဲ့ ထိတွေ့မှုကြောင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပါယတ်။ ပွေးဟာ ကုသပျောက်ကင်းနိုင်ပေမယ့် ယားယံခြင်းနဲ့ ရာသက်ပန် ဆံပင် ဆုံးရှုံးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ပွေးကွက်တွေ တွေ့ခဲ့ပြီဆိုရင် ဆရာဝန် (သို့) အရေပြားဆရာဝန်ကို ပြသသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement