backup og meta

လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ဒီလိုဖျောက်ရအောင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ဒီလိုဖျောက်ရအောင်

    စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ပူပန်တဲ့အခါ၊ တစ်ခုခုတွေးနေတဲ့အခါမျိုးမှာ လူတွေက အမှုမဲ့အမှတ်မဲ့ လုပ်မိနေတဲ့ အပြုအမူလေးတွေရှိနေတတ်ပါတယ်။ ဒါကကိုယ်ပိုင်အမှတသညာတစ်ခုပေါ့။ စာဖတ်ပရိသတ်ကြီးရော ဘာလုပ်တတ်တာလဲ။ခေါင်းကုတ်နေတတ်တာလား။ မျက်နှာကို ပွတ်မိနေတတ်တာလား။လက်ချောင်းလေးတွေ ခြေချောင်းလေးတွေလှုပ်နေတတ်တာလား။ ဒါမှမဟုတ် လက်သည်းကိုက်တတ်တာလား။ ကျန်တာတွေကပြဿနာမရှိပေမယ့် သင်က လက်သည်းကိုက်တတ်တဲ့သူဆိုရင်တော့ ဒီအကျင့်ကပြင်မှဖြစ်မှာပါ။ ကလေးမို့လက်သည်းကိုက်တာကမေမေဖေဖေတွေမှာ တာဝန်ရှိတာဆိုပေမယ့် အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်ပြီ လက်သည်းကိုက်နေသေးရင်တော့ သတိထားပြီးပြင်ရပါတော့မယ်။

    လက်သည်းကိုက်တာကို ရပ်တန့်သင့်တဲ့အကြောင်းအရင်းတွေ

    လက်သည်းကိုက်တာကပြဿနာကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် ခပ်ပေါ့ပေါ့သဘောထားရမှာတော့လည်း မဟုတ်ပါဘူး။ လက်သည်းကိုက်တဲ့အခါ –

    လက်သည်းတွေပျက်စီးလာနိုင်တယ် – လက်သည်းကိုက်တာက အချိန်ကြာလာတာနဲ့အမျှ လက်သည်းနဲ့ လက်သည်းတဝိုက်က တစ်ရှုးတွေထိခိုက်ပျက်စီးစေပြီး လက်သည်းရဲ့ဖြစ်ပေါ်မှုကို ထိခိုက်စေနိုင်ပါတယ်။ လက်သည်းတွေကိုလည်း ပုံမကျ ပန်းမကျဖြစ်စေနိုင်ပါတယ်။

    အပြုံးလှလှလေးတွေပျောက်ဆုံးလာနိုင်တယ် – လက်သည်းကမာကြောတဲ့အရာပါ။ ဒီမာကြောတဲ့အရာကို ကိုက်နေတဲ့အခါ သွားတွေက ပျက်စီးလာနိုင်ပါတယ်။ရေရှည်မှာ လက်သည်းကိုက်တာကြောင့်မေးရိုးပြဿနာတွေတောင်ရှိလာနိုင်ပါတယ်။ အပြုံးလေးတွေလှပချင်ရင် လက်သည်းကိုက်တဲ့အကျင့်ကိုဖျောက်ပါ။

    နာမကျန်းဖြစ်စေနိုင်တယ် – လက်တွေက ဘက်တီးရီးယားတွေရဲ့ အဓိကနားခိုရာနေရာပါ။ လက်သည်းလေးတွေအောက်မှာ ဘက်တီးရီးယားတွေက အများဆုံး ခိုအောင်းနေနိုင်ပါတယ်။ လက်သည်းတွေကို ခဏခဏကိုက်တဲ့အခါ ဘက်တီးရီးယားတွေ ပါးစပ်ထဲရောက်သွားပြီး ဖျားနာမှုေတွဖြစ်လာနိုင်ပါတယ်။ ဒါတင်မကပါဘူး။ လက်သည်းကိုက်တာက အရေပြားကိုပါထိခိုက်ပျက်စီးစေနိုင်ပါတယ်။

    လက်သည်းမကိုက်မိအောင် ဘာတွေလုပ်ရမလဲ

    လက်သည်းမကိုက်မိအောင် သတိထားပေမယ့်လည်း မရဘဲ သတိလက်လွတ်ဖြစ်သွားတိုင်း ကိုက်မိနေမယ်ဆိုရင်တော့ ဒီအချက်လေးတွေက အသုံးဝင်မယ်ထင်ပါတယ်။

    လက်သည်းကို ခပ်တိုတိုညှပ်ထားပါ – လက်သည်းတိုနေတာက လက်သည်းကိုက်မိနိုင်ခြေကို နည်းသွားစေမှာပါ။

    လက်သည်းနီ ခါးခါးဆိုးထားပါ – လက်သည်းကို ကိုက်တဲ့အခါ လက်သည်းနီရဲ့ ခါးတဲ့အရသာကြောင့် ဆက်မကိုက်တော့အောင် ကာကွယ်နိုင်မှာပါ။

    လက်သည်းပုံဖော်ပါ -လေဒီတွေအတွက် အသင့်တော်ဆုံးနည်းလမ်းပေါ့။ လက်သည်းမှာ ပုံလှလှလေးဖော်ထားတဲ့အခါ အလှပျက်မှာကို စိုးရိမ်ပြီး လက်သည်းကို သိပ်မကိုက်မိတော့ပါဘူး။ ဒါကလည်း လက်သည်းမကိုက်မိအောင် အသုံးတည့်မယ်ထင်ပါတယ်။

    လက်သည်းကိုက်တဲ့ အကျင့်အစား တစ်ခုခုအစားထိုးပါ – လက်သည်းကိုက်တတ်တဲ့အကျင့်နေရာမှာ အလေ့အထကောင်းတစ်ခုကို အစားထိုးဖို့ကြိုးစားကြည့်ပါ။ လက်သည်းကိုက်တာအစား Stress ball ကစားတာမျိုးပေါ့။ လက်တွေကို မနားတမ်းအလုပ်များနေအောင်လုပ်ထားတာက လက်သည်းကိုက်ဖို့ အချိန်နည်းသွားစေမှာပါ။

    လက်အိတ်ဝတ်ထားပါ -အေးမြတဲ့ရာသီဥတုအနေအထားမှာတော့ ဒီနည်းလမ်းက အဆင်ပြေမှာပါ။ လက်အိတ်ဝတ်ထားတာက လက်သည်းမကိုက်မိအောင် ကာကွယ်ပေးနိုင်မှာပါ။

    အကြောင်းရင်းခံကို ရှာဖွေပါ – လက်သည်းကိုက်မိရခြင်းက လက်သည်းတွေရှည်နေလို့လား၊ စိတ်ဖိစီးနေတာလား၊ စိုးရိမ်စိတ်များနေတာလား၊ဘယ်လိုအခြေအနေမျိုးကြောင့် လက်သည်းကိုက်မိရတာလဲဆိုတာကိုသေချာဆန်းစစ်ပါ။ပြီးရင်တော့ ကာကွယ်မှုလုပ်ဖို့ပြင်ဆင်ပါ။

    တဖြည်းဖြည်းချင်း အကျင့်ဖျောက်ပါ – အလေ့အကျင့်တစ်ခုက အလွယ်တကူဖျောက်ရခက်ပါတယ်။ ဒါပေမယ့်ဖြည်းဖြည်းချင်းကြိုးစားသွားမယ်ဆိုရင်တော့အောင်မြင်မှာ အသေအချာပါပဲ။ ဒါကြောင့် လက်သည်းကိုက်တတ်တဲ့ အကျင့်ကို သတိထားပြီးဖြည်းဖြည်းချင်းဖျောက်သွားပါ။

    ကဲ လက်ချောင်းထိပ်လေးတွေရောင်ရမ်းနာကျင်တာ၊ ပိုးဝင်တာ၊ သွားနဲ့မေးရိုးတွေထိခိုက်တာ၊ လက်သည်းတွေမလှမပဖြစ်တာတွေကနေ ကင်းဝေးနိုင်ဖို့ အခုပြောခဲ့တဲ့အချက်လေးတွေအတိုင်းလိုက်လုပ်ကြည့်ပြီး လက်သည်းကိုက်တတ်တဲ့အလေ့အထကိုဖျောက်လိုက်ကြရအောင်နော်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement