backup og meta

ခြေသည်းလက်သည်းလေးတွေ ကျန်းမာစေဖို့ ဘာတွေစားရမလဲ


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေသည်းလက်သည်းလေးတွေ ကျန်းမာစေဖို့ ဘာတွေစားရမလဲ

    ခြေသည်းလက်သည်းလေးတွေက ခန္ဓါကိုယ်ရဲ့ ကျန်းမာရေးအခြေအနေတွေကို တစ်စေ့တစောင်းဖော်ပြပေးနေတဲ့အရာလေးတွေပါ။ခြေသည်းလက်သည်းလေးတွေ ကျန်းမာလှပတာကလည်း အလှတိုးစေတဲ့အချက်တစ်ခုပါပဲ။ မျက်နှာေလးလှဖို့ လိုသလိုခြေသည်းလက်သည်းလေးတွေ သန့်ရှင်းကျန်းမာနေဖို့ကလည်းမေ့ထားလို့မဖြစ်တဲ့ အရာတစ်ခုပေါ့။ တစ်နေ့တာလုပ်ဆောင်မှုတွေမှာ မဖြစ်မနေပါဝင်လုပ်ဆောင်နေရတဲ့ လက်လေးတွေမှာနေရာယူထားတဲ့ လက်သည်းလေးတွေလှပနေတာကလည်း ဆွဲဆောင်မှုတိုးစေနိုင်မယ့်အချက်ပါ။ ဒီတစ်ခေါက်တော့ ကျန်းမာလှပတဲ့ခြေသည်းလက်သည်းလေးတွေ ပိုင်ဆိုင်နိုင်စေဖို့အတွက် ဘာတွေစားသုံးပေးသင့်လဲဆိုတာကိုပြောပြပေးပါရစေ။

    ခြေသည်းလက်သည်းလေးတွေကျန်းမာလှပစေဖို့

    လက်သည်းတွေ ကျိုးလွယ် အက်လွယ်ဖြစ်နေတယ်၊ အရောင်ပြောင်းနေတယ်။ လက်သည်းမှာ အစင်းကြောင်းတွေပေါ်နေတယ်ဆိုတာက ခန္ဓါကိုယ်က လုံလောက်တဲ့ အာဟာရမပြည့်ဝဘူးဆိုတာကိုဖော်ပြနေသလိုရောဂါတစ်ခုခုခံစားနေရတယ်ဆိုတာကိုဖော်ပြနေတာပါ။ ဒါကြောင့်ခြေသည်းလက်သည်းလေးတွေကိုလည်း မပြတ်ဂရုစိုက်ပေးသင့်ပါတယ်။

    ငါး – ငါးကခြေသည်းလက်သည်းလေးတွေနဲ့ ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာစေဖို့အတွက်တော်တော်လေးအထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ငါးမှာပါဝင်တဲ့ ပရိုတင်းဓါတ်တစ်မျိုးကခြေသည်းလက်သည်းတွေကျန်းမာဖို့ အတော်လေးအထောက်အကူဖြစ်စေနိုင်တာပါ။ ဒါကြောင့် ဆယ်လ်မွန်ငါး၊တူနာငါး၊ ပုဇွန်၊ ဂဏန်းလိုမျိုး ပင်လယ်စာတွေကို တစ်ပတ် ၃ ကြိမ်လောက်စားပေးပါ။ အသားထက် ငါးများများစားပေးပါ။

    ဥအမျိုးမျိုး – ဥအမျိုးမျိုးမှာ အရိုး နဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တဲ့ အာဟာရဓါတ်တွေနဲ့ ဗီတာမင်တို့ပါဝင်နေပါတယ်။ ဥအမျိုးမျိုးမှာပါဝင်နေတဲ့ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ဗီတာမင် E၊ သံဓါတ် နဲ့ ဘိုင်အိုတင်လိုမျိုး ဗီတာမင်တွေကခြေသည်းလက်သည်းတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ခြေသည်းလက်သည်းတွေကျိုးတာ၊ အက်တာမျိုးတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဥအမျိုးမျိုးမှာပါဝင်နေတဲ့ Sulfur ကခြေသည်းလက်သည်းတွေကျန်းမာဖို့ အကျိုးရှိတဲ့ အာဟာရဓါတ်တစ်မျိုးပါ။

    ပဲအမျိုးမျိုး – ပဲတွေမှာလည်းခြေသည်းလက်သည်းတွေကျန်းမာဖို့ မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးဖြစ်တဲ့ ဘိုင်အိုတင် ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး ပဲကိုစားသုံးပေးမယ်ဆိုရင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဗီတာမင် B၊ မဂ္ဂနိစ်၊ ပိုတက်ဆီယမ်၊copper၊phosphorous နဲ့ ဗီတာမင် K တို့ပါဝင်ပါတယ်။ ဒါကြောင့် လက်သည်းတွေ ကျိုးပဲ့လွယ်မှုကင်းဝေးစေဖို့ဆိုရင်နေ့စဉ်စားသုံးမှုထဲမှာ ပဲတစ်မျိုးမျိုးကို ထည့်သွင်းစားသုံးပေးပါ။

    ကွေကာအုတ် ကွေကာအုတ်မှာ အရိုးနဲ့ ခြေသည်းလက်သည်းတွေကျန်းမာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Copper နဲ့ ဇင့် ဓါတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါတွေတင်မကသေးပါဘူး အုတ်ဂျုံမှာ ဗီတာမင် B၊ မဂ္ဂနိစ်၊ ဆီလီကွန်တို့ပါဝင်နေတာကြောင့် ကျန်းမာသန်စွမ်းတဲ့ခြေသည်းလက်သည်းလေးတွေပိုင်ဆိုင်စေဖို့အတွက် စားသုံးပေးသင့်ပါတယ်။

    နေကြာစေ့ -နေကြာစေ့မှာ မဂ္ဂနီဆီယမ်ပါဝင်နေသလို သတ္တုဓါတ်တွေပါဝင်နေတာကြောင့် အရိုးနု၊တွယ်ဆက်တစ်ရှုးနဲ့ခြေသည်းလက်သည်းတွေအတွက်တော်တော်လေးအထောက်အကူပြုပေးပါတယ်။ ဗီတာမင် E ပါဝင်နေတာကြောင့်ခြေသည်းလက်သည်းလေးတွေကို အာဟာရပြည့်ဝပြေီး ကျန်းမာလျပနေစေမှာပါ။

    ဖရုံစေ့ – စားလို့လည်းကောင်းသလို ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။ အသားအရေ၊ခြေသည်းလက်သည်း၊ ဆံသားတွေကို ကျန်းမာသန်စွမ်းစေပြီး ကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။ ဝါးစားလိုက်ရင် မွမွလေးနဲ့အရသာရှိတဲ့ ဖရုံစေ့မှာ ဇင့် ပါဝင်နေတာကြောင့် အသားအရေနဲ့ နှုတ်ခမ်းသားခြောက်သွေ့တာ၊ လက်သည်းမှာ အဖြူစက်လေးတွေဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

    နာနတ်သီးအရသာရှိတဲ့ နာနတ်သီးမှာ ဗီတာမင် C နဲ့ အာဟာရဓါတ်တော်တော်များများပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်တွေကို စုပ်ယူရာမှာ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ ခန္ဓါကိုယ်က ပရိုတင်းများများရလေလေ လက်သည်းခြေသည်းလေးတွေက ကျန်းမာသန်စွမ်းလေလေပါ။

    ဟင်းနုနွယ် – သံဓါတ်ပါဝင်မှုများတဲ့ အစားအစာတစ်မျိုးပေါ့၊ အပင်ကနေရရှိတဲ့ ပရိုတင်းဓါတ်လည်းကြွယ်ဝစွာပါဝင်နေပါတယ်။ သံဓါတ်ကခြေသည်းလက်သည်းတွေကို ကျန်းမာသန်စွမ်းစေတဲ့အပြင် ခန္ဓါကိုယ်ရဲ့ ဇီဝတွင်းဖြစ်စဉ်တွေ အထောက်အပံ့ပေးပါတယ်။နောက်ထပ်အားသာချက်တစ်ခုက ဟင်းနုနွယ်မှာ ဗီတာမင် E၊ မဂ္ဂနီဆီယမ် နဲ့ ကယ်လ်ဆီယမ်တို့ပါဝင်နေတာကြောင့် ကျန်းမာတဲ့ခြေသည်းလက်သည်းလေးတွေပိုင်ဆိုင်လိုသူတွေအနေနဲ့ မဖြစ်မနေစားသုံးပေးသင့်တဲ့ စားစရာတစ်ခုပါ။

    အခုပြောခဲ့တဲ့အစားအစာတွေကို ပုံမှန်စားသုံးပေးမယ်ဆိုရင်ခြေသည်လက်သည်းတွေ ကွဲအက်တာ၊ ကျိုးတာ၊ခြေသည်းမှိုစွဲတာလိုမျိုးပြဿနာတွေကင်းဝေးပြီး ကျန်းမာသန်စွမ်းလှပတဲ့ခြေသည်းလက်သည်းလေးတွေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement