backup og meta

အမျိုးသမီးတွေ လိင်မဆက်ဆံဘဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 28/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးတွေ လိင်မဆက်ဆံဘဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

    လိင်ဆက်ဆံခြင်းဟာ မျိုးဆက်ပွားများနိုင်ဖို့ ကိစ္စကို အသာဖယ်ထားမယ်ဆိုရင် စိတ်ကိုပျော်ရွှင်စေပြီး ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ ကိစ္စတစ်ခုပါ။ လူတိုင်းမှာ လိင်စိတ်ခံစားချက်၊ စိတ်ဆန္ဒရှိနိုင်ပေမယ့် လိင်ဆက်ဆံဖို့ အခွင့်အရေးကတော့ ဆတူညီတူရကြမှာမဟုတ်ပါဘူး။ တချို့စုံတွဲတွေမှာ အကြောင်းအမျိုးမျိုးကြောင့် မရည်ရွယ်ပါဘဲနဲ့ အကြာကြီး အတူမနေဖြစ်တာမျိုး ရှိတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ လိင်မဆက်ဆံဘဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ …..  ကောင်းတာတွေလား ဆိုးတာတွေလား။

    အမျိုးသမီးတွေ လိင်မဆက်ဆံဘဲ အချိန်အကြာကြီး နေမိမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ

    အမျိုးသမီးတွေဟာ များသောအားဖြင့် လိင်ဆက်ဆံခြင်းကို ပွင့်လင်းစွာလက်ခံလိုက်ဖို့ ခက်ခဲတတ်ကြပါတယ်။ တချို့က မဆက်ဆံချင်လို့ ငြင်းပယ်ကြတာဖြစ်နိုင်သလို၊ တချို့ကတော့ အခွင့်အလမ်းမသာလို့ ဆက်ဆံခွင့်မရကြတာမျိုးဖြစ်နိုင်ပါတယ်။ ဘာသာရေး၊ လူမှုရေးနဲ့ တခြားအကြောင်းအမျိုးမျိုးကြောင့် တစ်သက်တာလုံး မေထုံအမှုကို ရှောင်ကျဉ်ကြသူတွေလည်း ရှိကြပါတယ်။ ဒါတောင်မှ ဒီနေ့ခေတ်ဟာ ယခင်ခေတ်ကာလတွေထက်ပိုပြီး ပွင့်လင်းမြင်သာလာတာမို့ လိင်မှုကိစ္စအပေါ် အတင်းအကျပ်ထိမ်းချုပ်မှုတွေ ယခင်ကထက်တော့ နည်းပါးလာနေပါတယ်။

    ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ အမျိုးသမီးတစ်ယောက် အချိန်အကြာကြီး လိင်မဆက်ဆံပဲ နေထိုင်နေမိမယ်ဆိုရင် ခန္ဓာကိုယ်မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ၊ လက္ခဏာတွေပြသလာတတ်တယ်ဆိုတာကိုတော့ သိနားလည်ထားဖို့ လိုမှာပါ။

    ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ

    အမျိုးသမီးတစ်ယောက် အချိန်ကာလကြာမြင့်စွာ လိင်မှုကိစ္စတွေနဲ့ ကင်းကွာနေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာအရ ဆိုးဆိုးရွားရွား အနှုတ်လက္ခဏာဆောင်တဲ့ ကိစ္စတွေဖြစ်လာစရာတော့မရှိပါဘူး။

    ၅ နှစ်အတွင်း တစ်ကြိမ်မှ လိင်ဆက်ဆံခြင်းမပြုခဲ့သူတွေနဲ့ ၁ နှစ်အတွင်း တစ်ကြိမ်မှ လိင်ဆက်ဆံခြင်းမရှိသူတွေအကြား ခြားနားချက်ကို လေ့လာကြည့်ရာမှာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကွာခြားချက် သိပ်မရှိတာကို မြင်တွေ့ခဲ့ရပါတယ်။

    ဒါပေမယ့် ခြားနားချက်မရှိခြင်းဟာ တစ်ကဏ္ဍဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လိင်ဆက်ဆံသူတွေဟာ မဆက်ဆံသူတွေနဲ့ ပုံမှန်အခြေအနေမှာတူညီနေကြတာမှန်ပေမယ့် အကျိုးကျေးဇူးရရှိမှုအပိုင်းမှာတော့ ကွာခြားပါတယ်။ လိင်ဆက်ဆံသူတွေဟာ အကျိုးကျေးဇူးတစ်ချို့ရရှိမှာဖြစ်ပြီးတော့ မဆက်ဆံသူတွေကတော့ ရရှိမှာမဟုတ်ပါဘူး။

    ဘယ်လို အကျိုးကျေးဇူးလဲလို့ မေးလာရင်တော့ “happy hormones” ထုတ်လုပ်နိုင်စွမ်းပါပဲ။ ဒီဟိုမုန်းဟာ သွေးဖိအားကိုကျဆင်းစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ကျစေတဲ့ ဟိုမုန်းဖြစ်ပါတယ်။ ဒီနေရာမှာတောင် happy hormones ထွက်ရှိမှုပမာဏဟာ တစ်ကိုယ်တော်အာသာဖြေတာနဲ့ တကယ့်လိင်ဆက်ဆံတာအကြားမှာ ကွာဟချက် ကြီးပါတယ်။ တကယ့်လိင်ဆက်ဆံမှုကု happy hormones ကို ပိုထုတ်ပေးနိုင်ပါတယ်။

    ဒါတင်မကပါဘူး။ အောက်ပါအချက်တွေကိုလည်း ကြုံရနိုင်ပါတယ်။

  • အထွတ်အထိပ်ရောက်ဖို့ လွယ်ကူစေမယ် – အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ လိင်မှုခံစားချက်နဲ့ ထိတွေ့ဆက်ဆံမှုအပေါ် မူတည်ပြီး ခန္ဓာကိုယ်အပေါ် သက်ရောက်စေတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ မိန်းမကိုယ်ဟာ ဆက်ဆံမှုနည်းလေလေ သဘာဝချောဆီထုတ်နိုင်စွမ်း နည်းလေလေဖြစ်ပြီး ကြာလေ ပိုခက်ခဲလေလေဖြစ်စေတာမျိုး၊ အထွတ်အထိပ်ရောက်ဖို့ ခက်တာမျိုးတွေ ဖြစ်စေတတ်တယ်လို့ ဆိုပါတယ်။ ပုံမှန်ဆက်ဆံသူတွေဆိုရင်တော့ ပြောင်းပြန်အကျိုးရမှာပေါ့။
  • သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ် – လိင်မဆက်ဆံတာကြာလာရင် ခန္ဓာကိုယ်မှာ သွေးလည်ပတ်စီးဆင်းမှုအပိုင်း ပြဿနာတွေ ရှိလာနိုင်ပါတယ်။ လိင်ဆက်ဆံတာဟာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးသလိုမျိုး ခန္ဓာကိုယ်အတွက်လိုအပ်ချက်တစ်မျိုးဖြစ်ပါတယ်။ တစ်ပတ်မှာ ၂ ကြိမ် လိင်ဆက်ဆံသူတွေဟာ နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်နိုင်ခြေ နည်းပါးတယ်လို့ ဆိုပါတယ်။
  • ဆီးလမ်းကြောင်း ကျန်းမာစေတယ် – ပုံမှန်လိင်ဆက်ဆံတဲ့ အမျိုးသမီးတွေဟာ တင်ပါးဆုံရိုးနဲ့ ဆီးလမ်းကြောင်းကို ကျန်းမာစေတဲ့ အကျိုးကျေးဇူးကိုလည်း ရဦးမှာပါ။
  • မိန်းမကိုယ်ပြာနှမ်းခြင်းကို ကာကွယ်နိုင်မယ် – မိန်းမကိုယ်ပြာနှမ်းခြင်း (Blue Vulva) ဟာ ကျန်းမာရေးပြဿနာတစ်မျိုးဖြစ်ပြီးတော့ လိင်ဆက်ဆံမှုနည်းပါးတဲ့အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ လိင်ဆက်ဆံမှုနည်းပါးတာကြောင့် မိန်းမကိုယ်မှာ သွေးလည်ပတ်စီးဆင်းမှုမကောင်းဖြစ်ပြီး ပြာနှမ်းလာတဲ့ဝေဒနာတစ်မျိုးပါ။
  • စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ

    ပုံမှန်လိင်ဆက်ဆံခြင်းမရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာအရ ချို့ယွင်းနိုင်ခြေနည်းပါးပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ရနိုင်ခြေကတော့ အလွန်များပါတယ်။

    လိင်မှုကိစ္စဟာ လူတစ်ယောက်ခြင်းစီရဲ့ သွေးလည်ပတ်စီးဆင်းမှုနဲ့ ပျော်ရွှင်စေမှုတွေနဲ့ တိုက်ရိုက်ပတ်သတ်နေတာမို့ ဦးနှောက်နဲ့ ဆက်နွယ်နေတဲ့ကိစ္စလို့ ဆိုနိုင်ပါတယ်။ သွေးလည်ပတ်မှုမကောင်းရင် ဦးနှောက်ဆီသွေးရောက်ရှိမှုနည်းနိုင်သလို happy hormones ထုတ်လုပ်နိုင်စွမ်းကျဆင်းတာ stress hormone ပမာဏမြင့်တက်တာမျိုးတွေဖြစ်လာမယ်ဆိုရင် စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းလွယ်တာနဲ့ ဒေါသထွက်လွယ်တာလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ရင်ဆိုင်လာရနိုင်ပါတယ်။

    ဒီကိစ္စတွေက အချိန်အကြာကြီး လိင်မှုကိစ္စ မရှိတာနဲ့ တိုက်ရိုက်သက်ဆိုင်တာတော့ မဟုတ်ပါဘူး။ အကြာကြီး အတူမနေဖြစ်ဘူးဆိုတော့ လင်မယားဆက်ဆံရေး ပြဿနာတွေ၊ မနေဖြစ်လောက်အောင် မအားလပ်စေတဲ့ လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

    ခြုံငုံပြောဆိုရမယ်ဆိုရင် လိင်မှုကိစ္စဟာ သဘာဝဖြစ်စဉ်တစ်မျိုးဖြစ်တာကြောင့် အတင်းအကျပ်ထိန်းချုပ်ရှောင်ကျဉ်သင့်တဲ့ အရာမျိုးမဟုတ်ပါဘူး။ တစ်ဖက်မှာလည်း တွေ့ကရာလူနဲ့ ကြုံသလို နှီးနွယ်တာမျိုးကလည်း မှန်ကန်သင့်လျော်တဲ့ အမူအကျင့်မဟုတ်ပါဘူး။ STIs လို ကူးစက်ရောဂါတွေ အန္တရာယ်ကို စိုးရိမ်ဖို့ လိုအပ်ပါတယ်။

    မှန်ကန်ပြီး စိတ်ချရတဲ့ လိင်ဆက်ဆံမှု အစီအစဉ်တွေကို စနစ်တကျ စီမံချမှတ်ထားပြီး စိတ်ရောလူပါ ကျန်းမာနေအောင် နေထိုင်တာကမှသာ နည်းမှန်လမ်းမှန် နေထိုင်မှုပုံစံဖြစ်မှာပါလို့ အကြံပေးပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 28/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement