backup og meta

အဆင်အပြေဆုံး ချောဆီကို ဘယ်လိုရွေးချယ်ဝယ်ယူမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆင်အပြေဆုံး ချောဆီကို ဘယ်လိုရွေးချယ်ဝယ်ယူမလဲ

    အတူနေချိန်မှာ အဆင်ပြေဆုံးသော ဆက်ဆံရေး ဖြစ်စေဖို့အတွက် ချောဆီကို လိုအပ်နိုင်ပါတယ်။ ဒီလိုဆို အဆင်အပြေဆုံး ချောဆီကို ဘယ်လိုရွေးချယ်ဝယ်ယူမလဲ ဆိုတာကို သိထားဖို့တော့ လိုမှာပါ။

    ချောဆီရဲ့ လုပ်ဆောင်မှုနဲ့ တာဝန်ကို ယောက်ျားလေးတွေရော၊ မိန်းကလေးပါ စိမ်းမယ်မထင်ပါဘူး။ လိင်မှုကိစ္စမှာ အဝင်အထွက် ချောမွေ့ဖို့၊ နာကျင်မှု သက်သာစေဖို့၊ ခြောက်သွေ့နေတဲ့အခါ ပွန်းပဲ့ထိခိုက်ရန် လွယ်ကူစေတဲ့ ပြဿနာကို ဖြေရှင်းဖို့၊ ပွတ်တိုက်ခြင်းဒဏ်ကို သက်သာစေဖို့ အစရှိသဖြင့် ချောဆီကို ကျား၊ မ အသက်အရွယ်မရွေး အသုံးပြုကြပါတယ်။

    အထူးသဖြင့် အမျိုးသမီးတွေအတွက် နာကျင်မှုကို သက်သာစေပြီး လိင်ဆက်ဆံတဲ့နေရာမှာ ပိုပြီး ခံစားမှုကောင်းစေဖို့ ချောဆီက ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေလည်း တစ်ကိုယ်ရေအာသာဖြေတဲ့ နေရာမှာ ချောဆီကို အသုံးပြုပေးမယ်ဆိုရင် အားနဲ့ညှစ်မိတာ၊ လက်နဲ့ ထိခိုက်မိတာကို လျော့နည်းစေပြီး အချိန်ကြာကြာ သုက်လွှတ်မထွက်သွားအောင် ထိန်းပေးနိုင်ပါတယ်။

    အဆင်အပြေဆုံး ချောဆီကို ဘယ်လိုရွေးချယ်ဝယ်ယူမလဲ

    အဆင်အပြေဆုံး ချောဆီကို ဘယ်လိုရွေးချယ်ဝယ်ယူမလဲ ဆိုတော့ ချောဆီမှာ ပါဝင်တဲ့ပစ္စည်းတွေကို လေ့လာကြည့်ရင်း ဘယ်အမျိုးအစားက သင်နဲ့ သင့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်အတွက် အသင့်လျော်ဆုံးဖြစ်မလဲဆိုတာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

    ၁။ Water-based ချောဆီ

    ရေဓာတ်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ချောဆီတွေကိုတော့ အမျိုးသားတွေရော အမျိုးသမီးအများစုပါ ကြိုက်နှစ်သက်ကြပါတယ်။ ထိုးသွင်းဆက်ဆံခြင်းပြုရာမှာတင် မကဘဲ လက်နဲ့ အပြန်အလှန် အာသာဖြေခြင်း၊ ကွန်ဒုံးတွေနဲ့ တွဲဖက်အသုံးပြုလို့ ကောင်းတယ်။ ထိုးသွင်းဆက်ဆံနေချိန်မှာ ကွန်ဒုံးပေါက်ပြဲမသွားစေဖို့ ကာကွယ်ပေးနိုင်တယ်။

    မိန်းမကိုယ်မှာ အသုံးပြုတဲ့အခါ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးလို့ ပွတ်တိုက်မှု၊ နာကျင်မှုဒဏ်ကို သက်သာစေပြီး လိင်ဆက်ဆံပြီးချိန်မှာတောင် မိန်းမကိုယ် ယားယံပြီး နေရထိုင်ရခက်တာမျိုး မဖြစ်စေပါဘူး။ အဝတ်အစား၊ အိပ်ရာခင်းတွေကိုလည်း အစွန်းအထင်းမပေစေဘူး။ အရေပြား ယားယံတာ၊ ချွဲကျိကျိဖြစ်နေတာမျိုးလည်း မရှိဘူး။ ရေနဲ့ ဆေးရုံနဲ့ အလွယ်တကူပြောင်သွားနိုင်ပါတယ်။

    ၂။ Silicone-based ချောဆီ

    မကြာခဏ ယားယံခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ မိန်းမကိုယ်ပိုင်ရှင်လေးတွေအတွက် အသင့်တော်ဆုံး ချောဆီဖြစ်ပါတယ်။ ဆီလီကွန်ပါဝင်မှုကြောင့် ပိုးသားလေးလို နူးညံ့သွားစေပြီး ဓာတ်မတည့်တာ၊ ယားယံတာတွေ မကြာခဏ ဖြစ်တတ်တဲ့ မိန်းကလေးတွေအတွက် ရွေးချယ်ဝယ်ယူသင့်တယ်နော်။

    ဒါ့အပြင် ချောဆီနည်းနည်းထည့်ပြီးတာနဲ့ အကြာကြီး ခံစေလို့ မကြာခဏ ဆီလိမ်းပေးနေစရာမလိုဘဲ တစ်ကြိမ်၊ ၂ကြိမ် လိမ်းပေးရုံနဲ့ အဆင်ပြေချောမွေ့စွာ လိင်ဆက်ဆံနိုင်မှာ ဖြစ်ပါတယ်။

    ၃။ Oil-Based ချောဆီ

    ဒါကတော့ ထိုးသွင်းခြင်း မစတင်ခင်မှာ ချောဆီတစ်ကြိမ်ပဲ သုံးပြီး လက်အပေခံ သက်သာချင်တဲ့ ပုရိသတွေအတွက် အသုံးဝင်ပါတယ်။ သဘာဝဆီကိုပဲ အခြေပြု ထုတ်လုပ်ထားတာဖြစ်ပြီး လိင်ဆက်ဆံခြင်းအတွက်သာမက ကိုယ့်ချစ်သူကို တယုတယ နှိပ်နယ်ပေးဖို့အတွက်လည်း အသုံးဝင်ပါတယ်။

    မကောင်းတဲ့ အချက်ကို ပြောပါဆိုရင်တော့ Latex လို့ခေါ်တဲ့ ရာဘာနဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးကို အသုံးပြုမယ်ဆိုရင်တော့ ပေါက်ပြဲဖို့ လွယ်ကူတယ်ဆိုတာပါပဲ။ မိန်းမကိုယ်တွင်း ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားပြီး ပိုမိုအနံ့အသက်ပြင်းစေဖို့၊ ယားယံစေဖို့နဲ့ တခြားသော ကျန်းမာရေးပြဿနာတွေ ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ ဒါ့အပြင် အဝတ်အစားတွေ၊ အိပ်ရာခင်းတွေမှာ အစွန်းအထင်းဖြစ်လာခဲ့ရင်လည်း ဖျက်ဖို့ အင်မတန်ခက်ခဲတဲ့အတွက် သိပ်ပြီး အသုံးမပြုသင့်ပါဘူးလို့ အကြံပြုလိုက်ပါတယ်။

    အပေါ်မှာ ပြထားတဲ့ ချောဆီ ၃မျိုးကတော့ ဝယ်ယူမှုအများဆုံး ဖြစ်ပြီး ကိုယ်နဲ့ ကိုယ့်ချစ်သူရဲ့ အကြိုက်ပေါ် မူတည်ကာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ချောဆီဝယ်ယူတဲ့အခါမှာ အညွှန်းကို အရင်ဆုံး သေချာဖတ်ကြည့်ဖို့ အရေးကြီးပါတယ်။ ပါဝင်ပစ္စည်းတွေထဲမှာ

    • Glycerin
    • Nonoxynol-9
    • Petroleum
    • Propylene Glycol
    • Chlorhexidine Gluconate တို့ဟာ မိန်းမကိုယ် ယားယံခြင်း၊ နီရဲပြီး ပူစပ်ပူလောင်ဖြစ်ခြင်း၊ ဓါတ်မတည့်ခြင်းကို ပိုပြီး ဖြစ်စေနိုင်တဲ့အတွက် ဒီပစ္စည်းတွေ ပါဝင်တဲ့ ချောဆီကိုတော့ အတတ်နိုင်ဆုံးရှောင်တာ အကောင်းဆုံးပါပဲ။

    ချောဆီအသုံးပြုဖို့ နည်းလမ်းမှန်ဆိုတာ ရှိလား။

    မရှိပါဘူး။ မိန်းကလေးအတွက်ပဲ ဖြစ်စေ၊ ယောက်ျားလေးအတွက်ပဲဖြစ်စေ ထိုးသွင်းဆက်ဆံမှု ရှိရှိ၊ မရှိရှိ ချောဆီကို ကိုယ့်ရဲ့ လိင်အင်္ဂါပတ်လည်မှာ နှံ့စပ်နေအောင် သုတ်လိမ်းပေးဖို့သာ လိုပါတယ်။ တစ်ကိုယ်ရေအာသာဖြေတဲ့ အချိန်မှာလည်း ဒီအတိုင်းပါပဲ။

    မိန်းမကိုယ်ကို ဖြစ်စေ၊ စအိုဝကို ဖြစ်စေ ထိုးသွင်းဆက်ဆံမှု ပြုတော့မယ်ဆိုရင်တော့ အမြဲတမ်း ကွန်ဒုံးကို စနစ်တကျ စွပ်ဖို့ မေ့လို့တော့ မဖြစ်ဘူးနော်။ ပေါက်ပြဲထိခိုက်တာ၊ ပွန်းပဲ့တာ နည်းစေဖို့ ထိုးသွင်းဆက်ဆံခြင်း မပြုမီ လိင်တံစွပ်ထားတဲ့ ကွန်ဒုံးနဲ့ မိန်းမကိုယ်၊ စအိုပတ်လည်မှာ ချောဆီလိမ်းပေးတာ အကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement