backup og meta

ပျိုပျိုမေတို့ အမျိုးသားနှင့် အတူတူနေရန် မသင့်တော်သော အခြေအနေ ၆ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျိုပျိုမေတို့ အမျိုးသားနှင့် အတူတူနေရန် မသင့်တော်သော အခြေအနေ ၆ခု

    သာယာပျော်ရွှင်သော လိင်မှုဘဝ ဆိုတာ ကျန်းမာရေးနှင့် သက်ဆိုင်တဲ့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ လူတိုင်းဟာ လိင်ဆက်ဆံမယ်၊ မဆက်ဆံဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိကြပါတယ်။ သာမန် ကျန်းမာတဲ့ အမျိုးသမီးတွေအတွက်ကတော့ ထူးထူးခြားခြား ရှောင်ကြဉ်စရာ သတိထားစရာမလိုပေမယ့် အောက်မှာ ပြောပြမယ့် ကျန်းမာရေးအခြေအနေ ၆ခု မှာတော့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်နော်။

    ပျိုပျိုမေတို့ အမျိုးသားနှင့် အတူတူနေရန် မသင့်တော်သော အခြေအနေ ၆ခု

    ပျိုပျိုမေတို့ အမျိုးသားနှင့် အတူတူနေရန် မသင့်တော်သော အခြေအနေ ၆ခု ကတော့

    (၁) Pap smear မယူခင်

    Pap smear ဆိုတာ သားအိမ်ခေါင်းနားက အချွဲလေးတွေယူပြီး ဓာတ်ခွဲခန်းပို့စစ်တဲ့ နည်းတစ်ခုဖြစ်ပါတယ်။ သားအိမ်ခေါင်းအချွဲစစ်ဆေးခြင်းလို့ မြန်မာလိုခေါ်ပါတယ်။ Pap smear မစစ်ခင်ညမှာ အမျိုးသားနဲ့ အတူတူနေခဲ့မယ်ဆိုရင်တော့ သားအိမ်ခေါင်းအချွဲယူတဲ့အခါ အမျိုးသားရဲ့ သုက်ရည်ပါ ပါလာနိုင်ပါတယ်။ အဲ့ဒီအခါ အဖြေအမှားထွက်နိုင်‌ခြေရှိတဲ့ အတွက် Pap smear မစစ်ခင် တစ်ညအလိုမှာတော့ အမျိုးသားနဲ့ အတူတူမနေသင့်ပါဘူး။

    (၂) အကြောင်းရင်းမသိဘဲ မိန်းမကိုယ်မှ သွေးဆင်းနေရင်

    အမျိုးသမီးတွေဟာ တစ်လတစ်ခါ (၂၁-၃၅ ရက်တစ်ခါ) ရာသီသွေးဆင်းလေ့ရှိပါတယ်။ ရာသီစက်ဝန်းတစ်ခုနဲ့ တစ်ခု အကြား အကြောင်းရင်းမသိဘဲ ကြားပေါက် သွေးဆင်းနေပြီဆိုရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ ဒါ့အပြင် အတူတူနေနေစဉ် နဲ့ အတူတူနေပြီးနောက်မှာ မိန်းမကိုယ်မှ သွေးဆင်းခြင်း၊ နာကျင်ခြင်းတို့ ဖြစ်နေပြီဆိုရင်လည်း မီးယပ်ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

    (၃) ကိုယ်ဝန်ဆောင်နေစဉ်

    ကိုယ်ဝန်ဆောင်စဉ်မှာ အမျိုးသားနဲ့ အတူတူနေလို့‌ရလားဆိုတာ အမျိုးသမီးတွေ ဗိုက်အပ်ချိန်မှာ အမေးအများဆုံး မေးခွန်းပါပဲ။ အဖြေကတော့ ကိုယ်ဝန်ဟာ ဘာပြဿနာမှမရှိဘူး ဆိုရင် ရေမြွာမပေါက်မချင်း အတူတူနေလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေချိန် ဗိုက်နာခြင်း၊ သွေးဆင်းခြင်းတို့ ဖြစ်နေရင်တော့ ရပ်ထားဖို့လိုပါမယ်။

    နောက်ထပ်မှတ်သားစရာတစ်ခုကတော့ အချင်းရှေ့ရောက်တဲ့ ကိုယ်ဝန်နဲ့ လမစေ့ခင် ဗိုက်နာတဲ့ အခြေအနေတွေမှာတော့ လိင်ဆက်ဆံရင် လမစေ့ဘဲစောမွေးနိုင်ခြေ၊ ကိုယ်ဝန်ထိခိုက်နိုင်ခြေပိုများတဲ့အတွက် အတူတူမနေသင့်ပါဘူး။

    (၄) ကလေးမွေးပြီး မီးတွင်းကာလ

    ဗိုက်ခွဲပြီးမွေးတာပဲဖြစ်ဖြစ်၊ ရိုးရိုးညှစ်မွေးတာပဲဖြစ်ဖြစ် အမျိုးသားနဲ့ အတူနေခြင်းကို ၆ပတ်တိတိ ရှောင်ကြဉ်ဖို့လိုပါတယ်။ ၄၂ရက်/ ၆ပတ်/ ၁လခွဲ ပြည့်လို့ ရက်ချိန်းပြန်ပြတဲ့ အခါမှာ ချုပ်ရိုးတွေ ကောင်းကောင်းကျက်ပြီဆိုမှ လိင်မှုဘဝ ကို စသင့်ပါတယ်။ အနာကောင်းကောင်း မကျက်သေးခင် အတူတူနေခဲ့ရင် ချုပ်ရိုးကွဲတာ၊ ရောဂါပိုးဝင်နိုင်‌ခြေမြင့်မားတာတွေ ဖြစ်နိုင်ပါတယ်။

    (၅) လိင်ကတဆင့် ကူးစက်တတ်တဲ့ လက္ခဏာတစ်ခုခုရှိနေရင်

    လိင်ကတဆင့် ကူးစက်တဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့ အနံ့နံတဲ့ အဖြူဆင်းတာာ၊ မိန်းမကိုယ်ယားယံတာာ၊ ဆီးပူဆီးကျင်တာ၊ ခါးနဲ့ မိန်းမကိုယ်အတွင်းပိုင်း နာကျင်တာတွေ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ မပြရသေးဘဲ အတူတူမနေသင့်ပါဘူး။ ရောဂါပိုးဝင်နေချိန်မှာ အတူတူနေခြင်းက မိန်းမကိုယ်အတွင်းပိုင်းအင်္ဂါတွေအထိ ပိုးများပျံနှံ့သွားစေနိုင်တဲ့အပြင် အမျိုးသားကိုပါ ကူးစက်စေပါလိမ့်မယ်။

    (၆) ခွဲစိတ်ပြီးခါစအချိန်

    ခွဲစိတ်ပြီးခါစအချိန်မှာ တစ်ခါတရံ အပြင်ပန်းကြည့်ရင် ကောင်းနေတတ်ပေမယ့် အပြည့်အဝအနာမကျက်သေးတဲ့ အခြေအနေတွေရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ခွဲစိတ်ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီး ဆရာဝန် ခွင့်ပြုမှသာ ကိုယ်ရဲ့ လိင်မှုဘဝ ကို ပြန်စသင့်ပါတယ်။

    Takeaways

    အမျိုးသမီးတွေအနေနဲ့ လိင်မှုဘဝ ထက် မိမိကျန်းမာရေးကို ပိုပြီးသတိထားသင့်ပါတယ်။ အထက်ပါ အခြေအနေတွေမှာ လိင်ဆက်ဆံတာကို ခဏနားထားပြီး ကျန်းမာရေးပြန်ကောင်းလာမှ အတူနေတာမျိုးကို လုပ်သင့်ပါတယ်။

    ရေးသားသူ – Dr. Saint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement