backup og meta

အမျိုးသမီးများနဲ့ လိင်စိတ်အထွတ်အထိပ် ရောက်မှုအကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများနဲ့ လိင်စိတ်အထွတ်အထိပ် ရောက်မှုအကြောင်း

    အမျိုးသားနဲ့ အမျိုးသမီး အတူနေတဲ့အခါမှာ အမျိုးသားတွေရဲ့ လိင်စိတ်အထွတ်အထိပ် ရောက်မှုက သိသာထင်ရှားပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကျတော့ လိင်စိတ်အထွတ်အထိပ် ရောက်မှုက အမျိုးသားတွေလောက် သိသာထင်ရှားတာမျိုးမရှိပါဘူး။

    တချို့အမျိုးသမီးတွေက သူတို့လိင်စိတ်အထွတ်အထိပ်ရောက်လားဆိုတာကို သူတို့ကိုယ်တိုင်လည်းမသိဘူး။ အိမ်ထောင်ကျ ကလေးတွေရပြီး အသက်ကြီးသွားတဲ့အထိ လိင်စိတ်အထွတ်အထိပ်ရောက်မှုအကြောင်း သေချာမသိသွားရတဲ့သူတွေလည်းရှိတယ်။

    အမျိုးသမီးတွေက အတူနေတဲ့အခါတိုင်းမှာလည်း အထွတ်အထိပ်ရောက်တယ်ဆိုတာကို မသိရဘူး။ အတူနေတဲ့အခါ အမျိုးသမီးတွေ လိင်စိတ်အထွတ်အထိပ်မရောက်တာက အမျိုးသမီးတွေအတွက်တင် ပြဿနာမဟုတ်ဘူး။ အမျိုးသားတွေမှာလည်း ပြဿနာဖြစ်နေတယ်။ အမျိုးသားတွေရဲ့ အတ္တတစ်ခုက သူတို့နဲ့ဆက်ဆံရင် အထွတ်အထိပ်ရောက်သွားတယ်ဆိုတာကို လိုချင်ကြတယ်။ ဒီတော့ သူတို့ရဲ့ဆက်ဆံဖော်အဆင်မပြေဖြစ်တာက သူတို့နဲ့လည်း သက်ဆိုင်တယ်လို့ ခံစားကြရလေ့ရှိတယ်။ အခုချိန်ထိလည်း အမျိုးသမီးတွေရဲ့ လိင်စိတ်အထွတ်အထိပ်ရောက်မှုကိစ္စက ဝေခွဲရခက်တဲ့မေးခွန်းတွေအများကြီးရှိနေတုန်းပါပဲ။

    လိင်စိတ်အထွတ်အထိပ် ဆိုတာ

    ယောက်ျားလေးတွေအတွက်တော့ သိပ်ပြီးရှင်းပြစရာမလိုပါဘူး။ အမျိုးသမီးတွေအတွက်ကျ ဒီကိစ္စက နည်းနည်းဖြေရခက်တယ်။ အစားအစာတစ်ခုကို အရသာမခံဘဲ သူ့ရဲ့အရသာကို ရှင်းပြရသလိုဖြစ်နေတယ်။ ရှင်းပြရခက်တယ်။ မြည်းစမ်းကြည့်လိုက်မှ သိသွားတာမျိုးဆိုတော့။ ကိုယ်တိုင်ခံစားဖူးမှ သိသွားမယ့်အရာတစ်ခုဖြစ်နေတယ်။

    စကားနဲ့ပဲ ပြောရမယ်ဆိုရင်တော့ လိင်မှုကိစ္စရဲ့ အဆုံးသတ်ခံစားမှုလို့ ပြောရမယ်ထင်တယ်။ အမျိုးသားရော အမျိုးသမီးရော လိင်စိတ်အထွတ်အထိပ်ကိုခံစားရနိုင်တယ်။ လိင်စိတ်အထွတ်အထိပ်ရောက်မှုက လိင်မှုကိစ္စသက်သက်ဆိုတာထက်ပိုပါတယ်။ လိင်စိတ်အထွတ်အထိပ် ရောက်မှုက ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစေတဲ့ ဟော်မုန်းတွေထွက်ရှိစေတယ်။ စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ကိုယ်ခံအားကောင်းစေတာ၊ ပျော်ရွှင်စေတာစသဖြင့်ကောင်းကျိုးတွေအများကြီးရှိတယ်။

    အမျိုးသားနဲ့ အမျိုးသမီး လိင်စိတ်အထွတ်အထိပ် ရောက်မှု တူညီသလား

    အမျိုးသားတချို့ရဲ့ နားလည်မှုလွဲမှားမှုက အမျိုးသမီးတွေ အထွတ်အထိပ်ရောက်ပုံက သူတို့နဲ့အတူတူပဲလို့ ထင်တာပဲ။ တကယ်က လုံးဝမတူဘူး။ အမျိုးသမီးတွေ အထွတ်အထိပ်ရောက်ပုံကို မြင်သာထင်သာရှိစေတာက တုန်ခါမှုနဲ့ ဆက်တိုက်ဆိုသလို ညှစ်လာတဲ့ သားအိမ်ကြွက်သားနဲ့ မိန်းမကိုယ်လမ်းကြောင်းတလျှောက်က ကြွက်သားတွေပါ။

    အမျိုးသားတွေလို မသိသာပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ ပြီးမြောက်မှုက ၁၃ စက္ကန့်ကနေ စက္ကန့် ၅၀ လောက်ထိ ကြာမြင့်နိုင်ပါတယ်။ အမျိုးသမီးတွေဟာ အထွတ်အထိပ်ရောက်ပြီးသွားရင်လည်း အမျိုးသားတွေလို ပြန်ကျသွားတာမျိုးမရှိဘူး။ ဆက်တိုက်ဆိုသလို ဆက်ပြီး ခံစားရနိုင်တယ်။

    အမျိုးသမီးများနဲ့ လိင်စိတ်အထွတ်အထိပ် ရောက်မှုအကြောင်း

    အတူနေတိုင်း အမျိုးသမီးတွေ အထွတ်အထိပ်ရောက်လား။

    ဒါက အမျိုးသားတွေရော အမျိုးသမီးတွေရော အသိချင်ဆုံးမေးခွန်းပါ။ အတူနေတိုင်းအမျိုးသမီးတွေ ပြီးမြောက်လားပေါ့။ ယောက်ျားတွေကတော့ အတူနေတိုင်း ပြီးမြောက်နိုင်ပေမယ့် အမျိုးသမီးတွေကတော့ မပြီးမြောက်နိုင်ပါဘူး။ အမျိုးသမီးတွေ အထွတ်အထိပ်ရောက်ဖို့က အမျိုးသားတွေထက် ၃ ဆ ပိုခက်ခဲပါတယ်။

    အံ့သြစရာကောင်းတဲ့ ရှာဖွေတွေ့ရှိချက်တစ်ခုကတော့ မိန်းမကိုယ်လမ်းကြောင်းက ဖွဲ့စည်းတည်ဆောက်ပုံအရ လိင်စိတ်အထွတ်အထိပ် ရောက်ဖို့အတွက် အဓိကမဟုတ်ပါဘူးတဲ့။ သဘောကတော့ အမျိုးသားနဲ့ထိုးသွင်းဆက်ဆံမှုက အထွတ်အထိပ်ရောက်ဖို့အတွက် အဓိကမဟုတ်ဘူးဆိုတာပါပဲ။

    အမျိုးသမီးတွေရဲ့ အထွတ်အထိပ်ရောက်မှု ၇၅ ရာခိုင်နှုန်းဟာ မအင်္ဂါစေ့ (Clitoris) ကိုလှုံ့ဆော်မှုကနေ ဖြစ်ပေါ်ပါတယ်။ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကသာ ထိုးသွင်းဆက်ဆံခြင်းနဲ့ အထွတ်အထိပ်ကိုရောက်နိုင်ပါတယ်။ နှစ်ခုကိုပေါင်းစည်းခြင်း (ထိုးသွင်းမှုနဲ့ မအင်္ဂါစေ့ လှုံ့ဆော်မှု)ကတော့ အထွတ်အထိပ်ကိုရောက်နိုင်မှု မြင့်တက်စေနိုင်ပြီး ပြီးမြောက်မှုကိုလည်း ပိုပြီးအရှိန်မြင့်တက်စေတယ်လို့ဆိုပါတယ်။

    မေးခွန်းကိုပြန်ကောက်ရရင်တော့ အမျိုးသမီးတွေဟာ အတူနေတိုင်း ပြီးမြောက်မှုကို မခံစားရနိုင်ပါဘူး။ အကြောင်းက ထိုးသွင်းဆက်ဆံမှုသက်သက်နဲ့ ပြီးမြောက်ဖို့က ခဲယဉ်းလို့ပါ။ အမျိုးသမီးတွေရဲ့ သုံးပုံတစ်ပုံ (အတော်များတဲ့ပမာဏပါ) ဟာ သူတို့ရဲ့ လက်ရှိအချိန်ထိ အထွတ်အထိပ်ရောက်မှုကို မခံစားဖူးပါဘူးတဲ့။ အမျိုးသားတွေကတော့ ၉၉ ရာခိုင်နှုန်းကျော်ဟာ ပြီးမြောက်မှုကို သိရှိခံစားနိုင်ပါတယ်။

    ဘာကြောင့် မပြီးတာလဲ။

    မပြီးဘူးဆိုရင် နောက်ထပ်မေးခွန်းတစ်ခုက ဘာလို့ မပြီးရတာလဲပေါ့။ အဖြေရဲ့ ပထမတစ်ခုကတော့ အပေါ်မှာ ပြောထားတဲ့အတိုင်း အမျိုးသမီးတွေဟာ မအင်္ဂါစေ့ကို လှုံ့ဆော်မှုကနေ အဓိက ပြီးမြောက်တယ်။ ထိုးသွင်းမှုနဲ့ ပြီးမြောက်မှုနည်းတယ်။ နောက်ထပ် အကြောင်းတွေကတော့

    • တစ်ခါမှ မခံစားဖူးလို့

    တချို့အမျိုးသမီးတွေဟာ ပြီးမြောက်တယ်ဆိုတဲ့ခံစားချက်ကိုလုံးဝမသိဘူး။ ခံလည်းမခံစားဖူးဘူး။ သူတို့ဘာသာလည်းမကြိုးစားဖူးဘူး။ ဒီတော့ ဘယ်လိုဆိုတာကိုလုံးဝမသိဘူး။

    • စိတ်မပါလို့

    ဒါကတော့ရှင်းပါတယ်။ အမျိုးသမီးတွေရဲ့ လိင်စိတ်တက်ကြွမှုက အမျိုးသားတွေနဲ့ယှဉ်ရင် နည်းတယ်။ စိတ်မပါဘူးဆိုရင် ပြီးမြောက်မှုမဖြစ်နိုင်ဘူးပေါ့။ ဒါကတော့ အမျိုးမျိုးဖြစ်နိုင်တယ်။ လိင်စိတ်မပါတာဖြစ်နိုင်သလို ဆက်ဆံဖော်အမျိုးသားကို စိတ်မပါတာ မချစ်ခင်တာလည်းဖြစ်နိုင်တယ်။

    • စဦးအပျိုး လုံးဝမလုပ်လို့

    အမျိုးသမီးတွေရဲ့ လိင်စိတ်က အမျိုးသားတွေလိုမျိုး ဟုန်းကနဲတောက် ဟုန်းကနဲငြိမ်းသွားတဲ့ ကောက်ရိုးမီးလိုမဟုတ်ဘူး။ တဖြည်းဖြည်းအချိန်ယူပြီး တောက်လောင်အောင်လုပ်ရတဲ့ ထင်းမီးလိုပဲ။ အဲဒါကို အပျိုးလုံးဝအချိန်မပေးဘူးဆိုရင် မပြီးမြောက်နိုင်ဘူးပေါ့။

  • အချိန်သေချာမယူလို့
  • အမျိုးသမီးတွေ ပြီးမြောက်ဖို့က အချိန်ယူရပါတယ်။ ပျမ်းမျှအားဖြင့် မိနစ်နှစ်ဆယ်လောက်အချိန်ယူရပါတယ်။ အဲဒီလောက်အချိန်ပေးပြီး လှုံ့ဆော်ဆက်ဆံမှုတွေမလုပ်ဘူးဆိုရင် မပြီးမြောက်နိုင်ပါဘူး။

    • စိုးရိမ်ပူပန်နေလို့

    အမျိုးသမီးတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်လို့ မလုံမခြုံဖြစ်နေတယ်။ ဒါမှမဟုတ် ပတ်ဝန်းကျင်နဲ့ပတ်သက်လို့ဖြစ်ဖြစ် တခြားအကြောင်းအရာတွေကြောင့်ဖြစ်ဖြစ် စိုးရိမ်ပူပန်မှုတွေဖြစ်နေတယ်ဆိုရင် အထွတ်အထိပ်ရောက်ဖို့ခဲယဉ်းပါတယ်။

    ဘယ်လိုလုပ်မလဲ။ ဘယ်လိုကူညီနိုင်မလဲ။

    ဒီနိုင်ငံမှာ ရွံစရာကောင်းတဲ့အရာတစ်ခုလို့ ယူဆတဲ့အထဲမှာ လိင်မှုကိစ္စလည်းပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေက လိင်မှုကိစ္စနဲ့ပတ်သက်ရင် သူတို့ကိုယ်သူတို့ အတင်းအကျပ်ပိတ်ပင်တားဆီးကြတယ်။ တကယ်က လိင်မှုကိစ္စက ကာမအာရုံကို ခံစားတာတစ်ခုထက်ပိုပါတယ်။ ကောင်းကျိုးတွေအများကြီးရှိတယ်။ ရွံစရာတစ်ခုမဟုတ်ဘူး။ မှားယွင်းတဲ့အမူအကျင့်တစ်ခုမဟုတ်ဘူး။ ဒါကို အရင်နားလည်ရပါမယ်။

    အမျိုးသမီးတွေ အထွတ်အထိပ်ရောက်ဖို့ အမျိုးသမီးတွေကိုယ်တိုင်လုပ်ရမှာက

    • ကိုယ်တိုင်စမ်းသပ်ကြည့်ပါ။ အဓိက ပြဿနာကတော့ အမျိုးသမီးတွေဟာ ပြီးမြောက်မှုကို တစ်ခါမှ မခံစားဖူး မစမ်းသပ်ဖူးတော့ ဘယ်လိုကို ခေါ်မှန်းကိုမသိတာပါ။ ကိုယ့်ခန္ဓာအကြောင်းကို ကိုယ်က အသိဆုံးဖြစ်တာကြောင့် အရင်ဆုံးက ကိုယ့်ဘာသာ စမ်းသပ်ကြည့်ပါ။ ဘယ်လိုမျိုးက ကိုယ့်ကို စိတ်ဖြစ်ပေါ်စေလဲ။ ဘယ်လိုထိကိုင်မှုမျိုးက အနေအထားမျိုးက ပိုအဆင်ပြေမလဲဆိုတာကို ကိုယ့်ဘာသာ ကိုင်တွယ်စမ်းသပ်ကြည့်ပါ။ အကောင်းဆုံးနည်းလမ်းကတော့ မအင်္ဂါစေ့ကို ကိုယ့်ဘာသာ နှိုးဆွကြည့်ပါ။
    • ကိုယ့်ဆက်ဆံဖော်ကို ပွင့်ပွင့်လင်းလင်းပြောပါ။ ဆက်ဆံမှုပြုတဲ့အခါမှာ ကိုယ့်အဖော်ကို ကိုယ်ဘယ်လိုပုံစံမျိုးဆိုအဆင်ပြေလဲ။ ဘယ်လိုအနေအထားမျိုးက ကိုယ့်အတွက် ပြီးမြောက်ဖို့ ပိုလွယ်ကူလဲ။ ဘယ်လိုလိုချင်လဲဆိုတာတွေကို ကိုယ့်အဖော်ကိုပြောပြပါ။ အမျိုးသားတွေမှာလည်း သူများစိတ်ထဲက အကြောင်းအရာကို မသိနိုင်တာဆိုတော့ ကိုယ်က ပွင့်ပွင့်လင်းလင်းပြောပြမှ သူတို့ဘက်က လုပ်ပေးနိုင်ပါလိမ့်မယ်။ အထင်သေးမှာကြောက်တာတို့ ဒါကိုအရမ်းကြိုက်နေတယ်ထင်မှာစိုးတာတို့က အမျိုးသမီးအများစုရဲ့ အကြောက်တရားပါ။ သိအောင်ပြောရရင်တော့ အမျိုးသားတွေဘက်က အဲဒီလိုပြောပြတယ်ဆိုရင် ပိုပြီးအဆင်ပြေပါတယ်။
    • အာရုံကိုတစ်ခုတည်းထားပါ။ အတူနေတဲ့အခါမှာလည်း အမျိုးသမီးတွေဟာ အာရုံမျိုးစုံကိုရောက်နေတတ်တယ်။ ပူပန်ကြောင့်ကျမှုမျိုးစုံ ဖြစ်ပေါ်နေတယ်။ အဲဒါတွေကို ဖယ်ရှားထားပါ။ အတူနေချိန်ခဏမှာ ကျန်တာတွေကို မတွေးနေပါနဲ့။

    အမျိုးသမီးများနဲ့ လိင်စိတ်အထွတ်အထိပ် ရောက်မှုအကြောင်း

    အမျိုးသားတွေလုပ်ပေးနိုင်တာက

    • အတင်းကာရော စိတ်မပါလက်မပါတွေမှာ မလုပ်ပါနဲ့။ အမျိုးသားတွေက အမျိုးသမီးတွေထက်စာရင် လိင်စိတ်ပြင်းထန်ပါတယ်။ ဒီတော့ အမျိုးသမီးစိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အတင်းကာရောလုပ်တာမျိုးတွေက အမျိုးသမီးကို စိတ်မပါစေပါဘူး။ စိတ်မပါရင် မပြီးမြောက်နိုင်ပါဘူး။
    • စဦးအပျိုးကို အချိန်ယူပါ။ အပေါ်မှာပြောထားသလိုပဲ အမျိုးသမီးတွေရဲ့ စဦးအပျိုးဟာ အရေးကြီးပါတယ်။ ဒါကို ရောက်တာနဲ့တက်ဖို့ ကြိုးစားနေရင်တော့ ကိုယ့်ဆက်ဆံဖော်စိတ်ညစ်ရပါလိမ့်မယ်။
    • စိတ်ရှည်ပါ။ အမျိုးသမီးတွေ ပြီးမြောက်ဖို့က အချိန်ယူရပါတယ်။ ကိုယ်က စိတ်ရှည်လက်ရှည်ရှိဖို့လိုပါတယ်။
    • ခဏခဏမမေးပါနဲ့။ အတူနေတိုင်းပြီးဖို့ မမျှော်လင့်ပါနဲ့။ အမျိုးသားတွေရဲ့ ဆန္ဒက သူတို့ပြီးမြောက်သလို အမျိုးသမီးတွေလည်းပြီးမြောက်စေချင်တယ်။ ဒီတော့ ပြီးမြောက်လားဆိုတဲ့မေးခွန်းကို ခဏခဏမေးတတ်ကြတယ်။ ပြဿနာက အဲဒီလိုမေးတဲ့အခါတိုင်း အမျိုးသမီးဘက်မှာ ဖိအားပိုများလာတယ်။ ဒီတော့ အထွတ်အထိပ်ရောက်ဖို့ပိုခက်လာတယ်။ အတူနေတဲ့အချိန်တိုင်းမှာ အမျိုးသမီးက မပြီးမြောက်နိုင်ပါဘူး။ ဒါကိုသိထားပါ။
    • မအင်္ဂါစေ့ကို နူးညံ့စွာ လှုံ့ဆော်ပေးပါ။ အမျိုးသမီးတွေအထွတ်အထိပ်ရောက်မှုရဲ့ ၇၅ ရာခိုင်နှုန်းဟာ မအင်္ဂါစေ့ကို လှုံ့ဆော်မှုကနေဖြစ်လို့ ဒီလိုလှုံ့ဆော်ပေးမှုက အမျိုးသမီးရဲ့ ပြီးမြောက်မှုအတွက် အကျိုးသက်ရောက်မှုများပါလိမ့်မယ်။

    လိင်စိတ်အထွတ်အထိပ် ရောက်ရှိတယ်ဆိုတာ

    အမျိုးသားရော အမျိုးသမီးရော လိင်စိတ်အထွတ်အထိပ်ကိုခံစားရနိုင်တယ်။ လိင်စိတ်အထွတ်အထိပ်ရောက်မှုက လိင်မှုကိစ္စသတ်သတ်တစ်ခုထက်ပိုပါတယ်။ လိင်စိတ်အထွတ်အထိပ်ရောက်မှုက ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစေတဲ့ ဟော်မုန်းတွေထွက်ရှိစေတယ်။ စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ကိုယ်ခံအားကောင်းစေတာ၊ ပျော်ရွှင်စေတာစသဖြင့်ကောင်းကျိုးတွေအများကြီးရှိတယ်။

    ဒီလောက်ဆိုရင်တော့ အားလုံးသိချင်သမျှတွေအတွက် အဖြေတွေရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement