backup og meta

အမျိုးသားများ အိပ်ရာထဲမှာ လုပ်လေ့ရှိကြတဲ့ အမှား (၆) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများ အိပ်ရာထဲမှာ လုပ်လေ့ရှိကြတဲ့ အမှား (၆) မျိုး

    အမျိုးသားများ အိပ်ရာထဲမှာ လုပ်လေ့ရှိကြတဲ့ အမှား (၆) မျိုး

    အမျိုးသား အများစု ခံယူထားကြတာက သူတို့တွေဟာ လိင်ကိစ္စနဲ့ ပတ်သတ်လာရင် မြင်းရိုင်းတစ်ကောင်လို စွမ်းဆောင်နိုင်တယ်ထင်ကြပေမဲ့ အမျိုးသားအများစုဟာ အိပ်ရာထဲမှာလည်း အမှားတွေကို လုပ်မိနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်ရံမှာ ကိုယ်နည်းစနစ်တွေကို မသိလို့ သူမက မကျေမနပ်ဖြစ်နေတာမဟုတ်ဘဲ အိပ်ရာထဲမှာ အမှားတွေလုပ်မိတာကြောင့် အဖော်ဖြစ်သူ အမျိုးသမီး စိတ်မကျေမနပ် ဖြစ်တဲ့ အချိန်တွေရှိတတ်ပါတယ်။ အမျိုးသမီးတွေဟာ ဒီကိစ္စနဲ့ ပတ်သတ်ရင် ထုတ်ပြောတတ်သူတွေ မဟုတ်ကြတဲ့ အတွက် ယောက်ျားလေးတွေဟာ သူတို့ရဲ့ အဖော် ဘာကြောင့် လိုအင်ဆန္ဒ မပြည့်ဝတာလဲဆိုပြီး ခေါင်းရှုပ်တတ်ကြပါတယ်။ ဒါ့ကြောင့် လိင်ကိစ္စပိုင်းဆိုင်ရာမှာ တိုးတက်ချင်တယ်ဆိုရင် ကိုယ့်ရဲ့အမှားတွေနဲ့ တခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာယူတာက အကောင်းဆုံး ဖြစ်ပါတယ်။

    ၁။ အမျိုးသမီးဖြစ်သူရဲ့ စိတ်ဆန္ဒနည်းပါးနေခြင်းဟာ သူဆွဲဆောင်မှုမရှိလို့ ဆိုပြီးထင်တတ်ကြတယ်။

    အမျိုးသမီး ချောချောလေးတစ်ယောက်လောက်ကို တွေ့ရလိုက်တဲ့ အချိန်မှာ ယောကျ်ားလေးတွေရဲ့ ခန္ဓာကိုယ်က အနည်းငယ်အချက်ပြပါတယ်။ ကိုယ့်ရဲ့ အဖော်အမျိုးသမီးနဲ့ လူရှင်းတဲ့ အချိန်မှာတွေ့မယ်ဆိုရင် အမျိုးသားလိင်အင်္ဂါက အနည်းငယ်ထောင်မတ်လာနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ဟာ ဆွဲဆောင်မှုရှိတဲ့ သူ့ရဲ့ အဖော်အမျိုးသားပဲဖြစ်ဖြစ်၊ တခြားယောကျ်ားလေးပဲဖြစ်ဖြစ် တွေ့လိုက်မယ်ဆိုရင် သူ့တို့ လိင်အင်္ဂါတွေက ချက်ခြင်း အချက်ပြတာမျိုး မရှိကြပါဘူး။ ဒီလိုဖြစ်ခြင်းထက် “ဒီတစ်ယောက်ကတော့ ကြည့်လို့ကောင်းတယ် ” ဆိုတာလောက်ပဲပြောကြမှာ ဖြစ်ပြီး သူမရဲ့ လိင်အင်္ဂါတွေကတော့ အချက်ပြမှာ မဟုတ်ပါဘူး။ ယောက်ျားလေးတွေရဲ့ လိင်ဆက်ဆံလိုစိတ်ဆန္ဒဟာ ခန္ဓာကိုယ်က အရင်းတည်ပြီး အမျိုးသမီးတွေကတော့ သူမရဲ့ မှတ်ဉာဏ်၊ စိတ်ကူးနဲ့ အထိအတွေ့တို့မှ အခြေခံပေါက်ဖွားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတစ်ယောက်ကို ချက်ခြင်း ဝုန်းဒိုင်းကြဲလို့မရပါဘူး။

    ၂။ အမျိုးသမီးတွေ လိင်စိတ်ထကြွဖို့ ခက်ခဲတာကို စိတ်မရှည်ကြဘူး။

    အမျိုးသားနဲ့ အမျိုးသမီး လိင်စိတ်ထကြွတဲ့ ပုံစံဟာ ဂတ်စ်မီးဖိုနဲ့ မီးသွေးမီးဖိုလိုပါပဲ။ ဂတ်စ်မီးဖိုက ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ မီးတောက်လာပေမဲ့ မီးသွေးမီးဖိုကတော့ ချက်ခြင်းမီးမတောက်လာပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ ဆန္ဒကိုက ချက်ခြင်း မီးတောက်ချင်တယ်ဆိုရင်တောင် သူတို့ရဲ့ ဇီဝကမ္မဗေဒဖွဲ့စည်းပုံက ချက်ခြင်းစိတ်ဆန္ဒ ပြင်းပြလာချင်စိတ်ကို ခွင့်မပြုပေးပါဘူး။ အဲ့ဒီအချိန်မှာ အဖော်ဖြစ်သူ အမျိုးသားက စိတ်ပျက်နေတာကို အမျိုးသမီးတွေ သတိထားမယ်ဆိုရင် သူမရဲ့ စိတ်ဆန္ဒပြင်းပြစိတ်က ပိုနှေးကွေးနိုင်ပါတယ်။ ဒါကို ကုစားနိုင်မယ့် အချက်ကတော့ အချိန်ယူပါ။ တဖြည်းဖြည်း စိတ်ဆန္ဒပြင်းပြခြင်းလာတာကို စိတ်ရှည်ပါ။ မချင့်မရဲ ဖြစ်တဲ့စိတ်ကို နိုင်အောင်ထိန်းပါ။

    ၃။ ပြီးပြည်စုံတဲ့ လိင်ဆက်ဆံမှုဟာ အမျိုးသားရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်တယ်လို့ ထင်နေခြင်း။

    အမျိုးသားတစ်ယောက်ဟာ သူတို့ အင်္ဂါထောင်မတ်ခြင်းနဲ့ ကြာချိန်အပေါ် အလွန်အကြူး စိုးရိမ်နေမယ်ဆိုရင် အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံမှုဆိုင်ရာ ရင်းနှီးမှုကို ပျက်ဆီးစေနိုင်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ သူတို့ရဲ့ ထောင်မတ်ခြင်းနဲ့ ပတ်သတ်ပြီး အလွန်အကျွံစိုးရိမ်နေမယ်ဆိုရင် လိင်ဆက်ဆံတဲ့အခါ အထွတ်အထိပ်သို့ ရောက်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံတဲ့ အခါမှာ အဖော်ဖြစ်သူနဲ့ စိတ်ချင်းနီးကပ်နေဖို့လိုပြီး စကားများလည်းပြောပေးဖို့လိုပါတယ်။ လိင်တံထောင်မတ်တဲ့ ပြဿနာရှိနေမယ်ဆိုရင်တောင် ဒီကြားကာလအချိန်လေးဟာ ၂ ဦး ပိုနီးကပ်စေမယ့် အချိန်လည်း ဖြစ်ပါတယ်။

    ၄။ လိင်အင်္ဂါကို အရင်ဆုံးသွားထိတွေ့ခြင်း။

    အမျိုးသားအများစုက အဖော်အမျိုးသမီး ရဲ့ လိင်ဆက်ဆံချင်စိတ်ကို နှိုးဆွဖို့ဆုံးဖြတ်လိုက်တာနဲ့ အမျိုးသမီး အင်္ဂါကို သွားထိတွေ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေ ကိုယ်တိုင်ကလည်း သူတို့ရဲ့ လိင်အင်္ဂါကို တိုက်ရိုက်လှုံ့ဆော်တာကို ကြိုက်နှစ်သက်ကြတဲ့အတွက် သူတို့ရဲ့ အဖော်အမျိုးသမီးတွေလည်း လိင်အင်္ဂါကို တိုက်ရိုက်ထိတွေ့တာကို ကြိုက်နှစ်သက်မယ်လို့ ထင်တာကြောင့်ပါ။ ဒါပေမဲ့ အဖော်အမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ခွင့်မပေးသေးဘဲ လိင်အင်္ဂါကို အရင်သွားထိတွေ့ခြင်းဟာ အတင်းအကျပ်ကျူးလွန်ခံရတဲ့ စိတ်ခံစားချက်ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံဖို့ ပြင်ဆင်မယ်ဆိုရင် အရင်ဆုံး မြေစမ်းခရမ်းပျိုးအဆင့်ကနေ စိတ်ရှည်ရှည်နဲ့ စတင်သင့်ပါတယ်။

    ၅။ အမျိုးသမီးအင်္ဂါအစေ့ကို လှုံဆော်ရမဲ့အစား မွေးလမ်းကြောင်းကို လှုံဆော်နေတတ်ခြင်း။

    အမျိုးသမီးမွေးလမ်းကြောင်းမှာ ဖြစ်ပေါ်တဲ့ ခံစားချက်ဟာ အမျိုးသားလိင်အင်္ဂါမှာ ဖြစ်ပေါ်တဲ့ ခံစားချက်နဲ့လုံးဝကွာခြားတာတော့ မဟုတ်ပါဘူး။ သို့ပေမဲ့ အမျိုးသားလိင်အင်္ဂါမှာ ဖြစ်ပေါ်တဲ့ ခံစားချက်ဟာ အထိအတွေ့အပေါ်မှာ အခြေခံပေမဲ့ အမျိုးသမီး လိင်အင်္ဂါကြတော့ ကျုံ့ခြင်းနဲ့ ဖိအားတို့ကြောင့် ခံစားချက်ဖြစ်ပေါ်တာပါ။ အမျိုးသမီးတွေမှာ အမျိုးသားလိင်အင်္ဂါနဲ့ ခံစားပုံခြင်း ဆင်တဲ့ အရာကတော့ အမျိုးသမီး အင်္ဂါစေ့ (clitoris) ဖြစ်ပါတယ်။ ကွာခြားတာကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာဗေဒ ဖွဲ့စည်းပုံက ပိုနူးညံပြီး တုံ့ပြန်မှုအားကောင်းတာပါပဲ။ လိင်ဆက်ဆံတဲ့အချိန်မှာ ခံစားချက်ကိုပေးစွမ်းနိုင်တာက လိင်အင်္ဂါအစေ့သာ ဖြစ်ပြီး မွေးလမ်းကြောင်း မဟုတ်ပါဘူး။ ဒါ့ကြောင့် အမျိုးသမီး လိင်အင်္ဂါတွေကို ကိုယ့်လိင်အင်္ဂါတွေလိုပဲလို့ မတွေးမိဖို့လိုပါတယ်။ အမျိုးသမီးတစ်ယောက်အတွက် ဘယ်လို အထိအတွေ့မျိုးက ပိုပြီး ခံစားမှုကောင်းနိုင်စေလဲဆိုတာလေ့လာပြီး အတင်းအကြပ် မဖြစ်စေရန် အချိန်ယူဖို့လိုပါတယ်။ အမျိုးသမီးအများစုကတော့ လိင်မဆက်ဆံခင် အမျိုးသမီး လိင်အင်္ဂါစေ့ကိုလှုံဆော်ပြီး အထွတ်အထိပ်ရောက်တာကို ကြိုက်နှစ်သက်ကြပါတယ်။

    ၆။ လိင်ဆက်ဆံချိန် ကိုယ်ကသာဦးဆောင်နေခြင်း။

    အမျိုးသားအများစုကတော့ လိင်ဆက်ဆံချိန်မှာ ဦးဆောင်တတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ အမျိုးသမီးတွေကလည်း ဦးဆောင်တတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်က မတူပါဘူး။ အမျိုးသမီးအများစုဟာ အဖော်အမျိုးသားကပဲ ဦးဆောင်နေကြတာကို မကြိုက်ကြပါဘူး။ သူတို့မှာလည်း ဘယ်လို လိင်ဆက်ဆံတဲ့အခါ လုပ်ဆောင်ချင်တဲ့ ရွေးချယ်မှုတွေရှိကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အဖော်ဖြစ်သူ စိတ်ကျေနပ်စေဖို့ ဂရုစိုက်ဖို့လိုအပ်ပြီး တစ်ခါတစ်ရံ သူမကိုလည်း ဦးဆောင်ခွင့်ပြုသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement