backup og meta

အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 01/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ

    အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ အကြောင်း လေ့လာလိုက်ရအောင်နော်။

    လိင်ကိစ္စမှာစိတ်ဝင်စားမှု လျော့နည်းတာဟာ ပုံမှန်ဖြစ်ပြီး လိင်စိတ် စွမ်းအားဟာလည်း ဘဝတစ်လျှောက်မှာ ကွဲပြားမှု ရှိပါတယ်။ သင့်ချစ်သူနဲ့ တစ်ခါတစ်ရံလိင်မဆက်ဆံချင်တာကလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း အချိန်အကြာကြီး လိင်စိတ် လျော့နည်းတာဟာ အချို့သူတွေအတွက် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ လိင်စိတ် လျော့နည်းခြင်းဟာ မမြင်နိုင်တဲ့ ကျန်းမာရေးအခြေအနေတွေရဲ့ လက္ခဏာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

    အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ

    အောက်ဖော်ပြပါအချက်တွေကတော့ အမျိုးသားတွေမှာ လိင်စိတ်လျော့နည်းခြင်းရဲ့ အကြောင်းတရားများ ဖြစ်ပါတယ်။

    ၁။ ယောက်ျားဟော်မုန်းနည်းခြင်း။

    ယောက်ျားဟော်မုန်းဟာ အမျိုးသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ ၎င်းကို ဝှေးစေ့အတွင်းကနေ ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းဟာ ကြွက်သားတွေနဲ့ အရိုးတွေ သန်မာစေပြီး သုက်ပိုးထွက်ရှိမှုကို အားပေးပါတယ်။ ဟော်မုန်းပမာဏဟာလည်း လိင်စိတ်ရရှိဖို့အတွက် အဓိကကျပါတယ်။ သင့်ယောက်ျားဟော်မုန်းပမာဏဟာ ၃၀၀ ကနေ ၃၅၀ ng/dl အောက်ကျပြီဆိုရင်တော့ သင့်မှာ ကျားဟော်မုန်းကျဆင်းနေပါပြီ။ သင့်ယောက်ျားဟော်မုန်းပမာဏကျဆင်းရင် သင့်လိင်စိတ်လည်း ကျဆင်းတတ်ပါတယ်။

    အသက်ကြီးလာရင် ယောကျာ်းဟော်မုန်းပမာဏလည်း အလိုလိုကျဆင်းတတ်ပါတယ်။ ဒါပေမယ့် လုံးလုံးလျားလျားကျတယ်ဆိုရင်တော့ လိင်စိတ်လျော့နည်းခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ သင့်မှာ ဘာဖြစ်နေတယ်ဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ သင့်ဟော်မုန်းပမာဏ မြင့်မားစေဖို့ အားဖြည့်ဆေးတွေ (သို့) ဆေးဝါးတွေ သောက်သုံးနိုင်ပါတယ်။

    ၂။ ဆေးသောက်ခြင်း

    အချို့ဆေးတွေ သောက်သုံးခြင်းကလည်း ယောက်ျားဟော်မုန်းပမာဏကို ကျဆင်းစေခြင်းကြောင့် လိင်စိတ်ကျဆင်းရပါတယ်။ ဥပမာ သွေးတိုးကျဆေးဖြစ်တဲ့ ACEI နဲ့ beta blockers လိုမျိုးဟာ သင့်သုက်လွှတ်ခြင်းနဲ့ လိင်တံထောင်မတ်ခြင်းကို အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ယောက်ျားဟော်မုန်းအားနည်းတဲ့ အချက်တွေကို ကြုံတွေ့နေပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ သူတို့က သင့်ကို အခြားဆေးတွေ ပြောင်းလဲပေးပါလိမ့်မယ်။

    ၃။ ခြေထောက် ဂနာမငြိမ်ဖြစ်တဲ့ ရောဂါ

    ခြေထောက် ဂနာမငြိမ်ဖြစ်တဲ့ ရောဂါဟာ ခြေထောက်ကို ထိန်းချုပ်မရနိုင်အောင် တစ်ချိန်လုံးလှုပ်နေတာဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ဒီရောဂါရှိတဲ့သူတွေဟာ မရှိတဲ့သူတွေထက် ပန်းညှိုးရောဂါ ပိုမိုဖြစ်စေနိုင်ပါတယ်လို့ ပြောပါတယ်။

    လေ့လာမှုတစ်ခုမှာတော့ ခြေထောက် ဂနာမငြိမ်တာမျိုး တစ်လမှာ ငါးခါထက် ပိုမိုဖြစ်ပွားတတ်တဲ့ အမျိုးသားတွေဟာ မဖြစ်ပွားတဲ့သူတွေထက် ပန်းညှိုးခြင်းဖြစ်ဖို့ ၅၀% ပိုများတယ်လို့ ဆိုပါတယ်။ ဖြစ်တဲ့ အကြိမ်ရေများလေလေ ပန်းညှိုးရောဂါဖြစ်နိုင်ခြေ များလေလေပါ။

    ၄။ စိတ်ကျခြင်း

    စိတ်ကျခြင်းဟာ လူတစ်ယောက်ဘဝရဲ့ အစိတ်အပိုင်းအတော်များများကို ပြောင်းလဲပစ်နိုင်ပါတယ်။ စိတ်ကျရောဂါရှိသူတွေဟာ သူတို့အရင်ကြိုက်နှစ်သက်တဲ့ လှုပ်ရှားမှုတွေ (လိင်ဆက်ဆံခြင်းအပါအဝင်)ကို စိတ်ဝင်စားမှု လျော့ကျ (သို့) လုံးဝကို စိတ်မဝင်စားပဲ နေတတ်ပါတယ်။

    ထပ်ပြောရရင် လိင်စိတ်လျော့နည်းခြင်းဟာ စိတ်ကျရောဂါဆေးတွေရဲ့ ဆိုးကျိုးကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် SSRI ဆိုတဲ့ ဆေးပါ။ သင့်မှာ စိတ်ကျဆေးတွေသောက်နေပြီး လိင်စိတ်လျော့နည်းနေတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ သင့်ဆရာဝန်က ဆေးပမာဏပြောင်းပေးပါလိမ့်မယ်။ ဒါမှမဟုတ်လည်းနောက်ဆေးတစ်မျိုး ပြောင်းပေးပါလိမ့်မယ်။

    ၅။ နာတာရှည်ရောဂါများ

    နာတာရှည် ရောဂါတစ်ခုခုကြောင့် (ဥပမာ ကြာရှည်စွာ နာကျင်ခြင်း)ကြောင့် နေမကောင်းဘူးဆိုရင် လိင်ဆက်ဆံခြင်းကို သင်စိတ်ပါမှာမဟုတ်ပါဘူး။ ကင်ဆာစတဲ့ အချို့ရောဂါတွေဟာ သင့်ခန္ဓာကိုယ်က နေကောင်းဖို့ နေ့စဉ်ကြိုးစားနေတာမို့ သုက်ပိုးပမာဏကျဆင်းစေနိုင်ပါတယ်။

    နာတာရှည်ရောဂါရှိပြီဆိုရင် လိင်ဆက်ဆံဖော်နဲ့ အဲဒီအချိန် ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာ တိုင်ပင်ပါ။ ကိုယ့်ရဲ့ နာတာရှည်ရောဂါကို ကုသနိုင်ဖို့လည်း ကြိုးစားပါ။

    ၆။ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ။

    လေ့လာမှု အတော်များများက အိပ်စက်စဉ် အသက်ရှူခဏရပ်သွားတဲ့ ရောဂါ (OSA) ရှိရင် ယောက်ျားဟော်မုန်းပိုမိုနည်းပါးနိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာသင့်လိင်စိတ်ကို ကျဆင်းစေပါတယ်။ လေ့လာမှုတစ်ခုမှာ သုတေသီတွေက ပြင်းထန်သော OSA ရောဂါ ရှိသူတွေရဲ့ တစ်ဝက်လောက်ဟာ ညဘက်မှာ ယောက်ျားဟော်မုန်းပမာဏ အတော်နည်းပါးပါတယ်လို့ ဆိုပါတယ်။ သူတို့မှာ အိပ်စက်ချိန်လည်း နည်းပါးတတ်ပါတယ်။

    ဒီလေ့လာမှုက ယောက်ျားဟော်မုန်း ကျဆင်းခြင်းဟာ အသက်ကြီးတဲ့ အမျိုးသားတွေမှာ အအိပ်နည်းခြင်းနဲ့ ဆက်စပ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

    ၇။ အသက်ကြီးလာခြင်း

    လိင်စိတ် နဲ့ပတ်သက်တဲ့ ယောက်ျားဟော်မုန်းဟာ အမျိုးသားတွေ ဆယ်ကျော်သက်မှာ အများဆုံး ထွက်တတ်ပါတယ်။ အမျိုးသားအများစုဟာ လိင်စိတ် ကွာခြားမှုကို အသက် ၅၅ ကနေ ၆၀ အရွယ်လောက်မှာ သတိထားမိတတ်တယ်လို့ Mayo Clinic က ဆိုပါတယ်။

    အသက်ကြီးလာတဲ့အခါမှာ လိင်စိတ် အထွတ်အထိပ်ရောက်ဖို့၊ သုက်ပိုးလွှတ်ဖို့နဲ့ သာယာမှုရဖို့ အချိန်ပိုကြာလာတာကိုတွေ့ရမှာပါ။ သင့်ရဲ့ လိင်တံဟာလည်းထောင်မတ်မှု သိပ်မရှိတော့ဘဲ အချိန်ပိုယူရတာကိုတွေ့ရမှာပါ။ ဒါပေမယ့်လည်း ဒီပြဿနာတွေကို ကူညီဖြေရှင်းပေးမယ့် ဆေးတွေ ရှိနေပါပြီ။

    ၈။ စိတ်ဖိစီးမှု

    စိတ်ဖိစီးမှု ရှိရင်လည်း လိင်စိတ် လျော့နည်းနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ဖိစီးမှုဟာ ဟော်မုန်းပမာဏကို လျော့နည်းစေလို့ ဖြစ်ပါတယ်။ စိတ်ဖိစီးရင် သွေးကြောကျဉ်းလာတတ်ပါတယ်။ သွေးကြောကျဉ်းခြင်းဟာ သွေးလည်ပတ်မှုကို လျော့နည်းစေပြီး ဒါဟာ လိင်တံထောင်မတ်မှုဆိုင်ရာ ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ The Journal of Nervous and Mental Disease ထဲမှာပါတဲ့ လေ့လာမှုတစ်ခုက စိတ်ဖိစီးမှုဟာ လိင်မှု ပြဿနာတွေအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်လို့ ဆိုပါတယ်။

    ရေးသားသူ – Dr . Phyu Mon Latt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 01/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement