backup og meta

အပြာရုပ်ရှင် စွဲလမ်းစိတ်အကြောင်း သိထားသင့်သမျှ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 28/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပြာရုပ်ရှင် စွဲလမ်းစိတ်အကြောင်း သိထားသင့်သမျှ

    အပြာရုပ်ရှင် ဆိုတာ ရှေးနှစ်ပေါင်းများစွာကတည်းက ခေတ်စားလာခဲ့တာပါ။ ရှေးရိုးအစွဲကြီးတဲ့ လူကြီးတွေ၊ ပတ်ဝန်းကျင်ဒေသတွေမှာတော့ အပြာရုပ်ရှင်ကို ညစ်ညမ်းရုပ်ရှင်လို့ နာမည်တပ်လေ့ ရှိကြပေမယ့် တကယ်တမ်းတော့ ဒါက လိင်ဆက်ဆံမှုလိုပဲ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။ အပြာရုပ်ရှင်တွေဟာ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေကြားမှာ အလွန်ရေပန်းစားပြီး လူလတ်ပိုင်းတွေနဲ့ တချို့သော လူကြီးပိုင်းတွေပါ ကျား၊ မ မရွေး ကြည့်တတ်ကြပါတယ်။

    တကယ်တော့ လူတွေထင်ထားသလို အပြာရုပ်ရှင်ကြည့်ခြင်းဆိုတာ မှားယွင်းတဲ့ အလေ့အကျင့်တစ်ခုဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေး ဆိုသလို အမြဲတမ်းပဲ ကြည့်နေတတ်တဲ့ အကျင့်ကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ပြဿနာတွေဖြစ်လာပြီဆိုရင်တော့ ဒီစိတ်ကို ထိန်းချုပ်ကြည့်သင့်ပါပြီ။

    ဒါဟာ တကယ်ပဲ စိတ်စွဲလမ်းခြင်းလား။

    လူတိုင်း အပြာရုပ်ရှင်ကြည့်ကြပါတယ်။ တချို့တွေက တစ်လ တစ်ကြိမ်လောက်ကြည့်မယ်၊ တချို့လူတွေကတော့ တစ်ရက်ကို တစ်ကြိမ် ပုံမှန်အလုပ်တစ်ခုလို သဘောထားပြီး ကြည့်မယ်၊ အပျော်ကြည့်မယ်၊ တစ်ကိုယ်ရေ အာသာဖြေမယ်။ ဒီလောက်ပါပဲ။ ဒါကို စိတ်စွဲလမ်းခြင်း (Addiction) လို့ ခေါင်းစဉ်တပ်လို့ မရပါဘူး။ အခုခေတ်မှာဆိုရင် အပြာရုပ်ရှင်တွေကို ပိုပြီးတောင် လွယ်လွယ်ကူကူရှာဖွေကြည့်ရှုနိုင်ပြီဆိုတော့ ကိုယ်အားတဲ့ အချိန်လေးမှာ ကြည့်တာ မဆန်းပါဘူး။

    အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ တစ်နေကုန် တစ်နေခမ်း ကြည့်နေမယ်၊ အပြာရုပ်ရှင်အကြောင်းပဲ စိတ်ကရောက်နေပြီး တခြားဘာမှ အာရုံမစိုက်နိုင်တော့ဘူးဖြစ်နေမယ်၊ အဆိုးဆုံးကတော့ ကိုယ့်ချစ်သူနဲ့ လိင်ဆက်ဆံရတာက အပြာရုပ်ရှင်လောက်တောင် ခံစားမှု မကောင်းတော့ဘူးဆိုရင်တော့ ပြဿနာအနည်းငယ် ရှိနေပါပြီ။

    အပြာရုပ်ရှင် စွဲလမ်းစိတ်ရဲ့ လက္ခဏာတွေက ဘယ်လိုမျိုးလဲ။

    • တစ်နေ့ပြီး တစ်နေ့ အပြာရုပ်ရှင်ကြည့်တဲ့အချိန်က ပိုပိုတိုးလာတယ်။
    • အစားပျက်၊ အအိပ်ပျက်ခံပြီး အပြာရုပ်ရှင် ဝက်ဘ်ဆိုဒ်တွေကို ရှာဖွေနေမယ်။
    • အပြာရုပ်ရှင်တွေထဲကလို ကိုယ့်ချစ်သူနဲ့ လိင်ဆက်ဆံဖို့ အတင်းအကြပ် ကြိုးစားမယ်။
    • အပြာရုပ်ရှင် မကြည့်ဘဲ လိင်ဆက်ဆံနေတဲ့အချိန် တစ်ခုခု လိုနေသလို ခံစားရမယ်။
    • မကြည့်ဘဲ မနေနိုင်လောက်အောင် စိတ်က ဒီထဲပဲ ရောက်နေတယ်။

    ဒီလက္ခဏာတွေ ရှိနေတယ်ဆိုရင်တော့ ကိုယ့်မှာ စွဲလမ်းစိတ် ရှိနိုင်ပါတယ်။ သာမန် တစ်နေ့ တစ်ကြိမ် ကြည့်ပြီး အာသာဖြေတာလောက်နဲ့တော့ စွဲလမ်းစိတ်လို့ ခေါင်းစဉ်မတပ်ပါဘူး။

    ဘာကြောင့် ဒီလိုစွဲလမ်းစိတ်တွေ ဖြစ်လာရတာလဲ။

    လူပျို၊ အပျိုဖော်ဝင်ကာစမှာ အပြာရုပ်ရှင်တွေကို စပြီး ရှာဖွေကြည့်တတ်ကြပါတယ်။ ဒီလိုအရွယ်ဆိုတာ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး စူးစမ်းလိုစိတ်၊ သိလိုစိတ်တွေ ပိုပြင်းလာတတ်တာကြောင့်လဲ ပါပါတယ်။ အစပိုင်းမှာတော့ ဒီလိုပဲ စိတ်ဝင်စားတဲ့အနေနဲ့၊ တစ်ခါမှ မကြည့်ဖူးတဲ့ အရာတစ်ခုကို အသစ်အဆန်းအနေနဲ့ ကြည့်မယ်။ ဒီလိုကြည့်ပြီး အာသာဖြေတဲ့ အရသာကို သဘောကျသွားတဲ့အခါ နောက်နေ့တွေမှာလည်း ဆက်ကြည့်ဖို့ ကြိုးစားတယ်။

    အဲ့လို အမြဲမပြတ် ကြည့်ရင်းကနေ ကိုယ်မသိလိုက်ခင် အချိန်လေးမှာပဲ အပြာရုပ်ရှင်တွေနဲ့ပတ်သက်ပြီး မကြည့်ရ မနေနိုင်တဲ့အထိ စွဲလမ်းစိတ်တွေ ဝင်သွားပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြဿနာရှိနေပြီ၊ နောက်မကြည့်တော့ဘူးလို့ ဆုံးဖြတ်ပြီးနောက်ပိုင်းမှာလည်း စိတ်ထိန်းမရဘဲ ဆက်ကြည့်ရင်း ကိုယ့်ပြဿနာတော်တော်ဆိုးနေပြီလို့ ခံစားရတာတွေ ဖြစ်လာနိုင်ပါတယ်။

    ကိုယ့်ဘာသာ ထိန်းချုပ်လို့ရမယ့် နည်းလမ်းတွေ ရှိလား။

    စွဲလမ်းစိတ်အခြေအနေက သိပ်ပြီး မပြင်းသေးဘူးဆိုရင်တော့ အောက်မှာ ပြထားတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ထိန်းချုပ်ကြည့်နိုင်ပါတယ်။

    • ကိုယ့်ဖုန်း၊ ကွန်ပျူတာထဲက အပြာရုပ်ရှင်၊ အပြာဝတ္ထု၊ ရုပ်ပုံမှန်သမျှ အကုန်ဖျက်ပစ်ပါ။
    • ခက်ခက်ခဲခဲနဲ့ ဒေါင်းထားသမျှ ရုပ်ရှင်တွေကို ဖျက်ပစ်ပါ။
    • ကိုယ်နဲ့ ခင်တဲ့သူတစ်ယောက်ကို အပြာဝက်ဘ်ဆိုဒ်တွေ ဖွင့်ကြည့်လို့ မရတဲ့ ဆော့ဖ်ဝဲတစ်ခုခု သွင်းခိုင်းဖို့ အကူအညီတောင်းပါ။
    • အပြာရုပ်ရှင် မကြည့်ရ မနေနိုင်တော့ဘူးလား၊ အရမ်းကြည့်ချင်နေပြီလား၊ အဲ့စိတ်ပျောက်သွားအောင် တစ်ခုခု ထလုပ်ပါ။
    • အရမ်းကြည့်ချင်လာပြီဆိုရင် ဒီအပြာရုပ်ရှင်ကို အမြဲကြည့်နေရင် ကိုယ့်ရဲ့ အလုပ်ခွင်၊ ဘဝမှာ ဘယ်လိုတွေ ထိခိုက်သွားနိုင်လဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးပါ။
    • ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ အခြေအနေကို ပြောပြထားပါ။ ကိုယ်က အပြာရုပ်ရှင်ကြည့်မလို့ လုပ်နေရင် သူ့ကို တားခိုင်းပါ။

    နောက်ထပ်ရော ဘာနည်းလမ်းတွေနဲ့ ထိန်းချုပ်လို့ ရမလဲ။

    အပြာရုပ်ရှင်အပေါ် စွဲလမ်းစိတ်အပြင် တခြားစိတ်ကျန်းမာရေးပြဿနာတွေ ရှိ၊ မရှိကို သေချာစစ်ကြည့်ဖို့အတွက်က စိတ်ကျန်းမာရေး ကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ကြည့်တာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ အခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံးဖြစ်မယ့် စိတ်ကုထုံးနည်းလမ်းတွေနဲ့ အချိန်ယူပြီး ကုသပေးမှာပါ။ လိုအပ်ရင် ကိုယ့်မိသားစု၊ ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ပါ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်ပြီး လုပ်ပေးလို့ရမယ့် အားပေးကူညီမှုတွေကို တိုင်ပင်ပြောပြပေးမှာဖြစ်ပါတယ်။

    အပြာရုပ်ရှင် စွဲလမ်းစိတ်ကို မကုသဘဲ ပစ်ထားလိုက်ရင် ဘာတွေဖြစ်နိုင်မလဲ။

    ဒီလိုစွဲလမ်းမှုတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ဘဝကို တဖြည်းဖြည်းချင်း ဖျက်ဆီးသွားနိုင်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အရှုပ်အထွေးတွေ ဖြစ်လာတာ၊ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး စိတ်တိုင်းကျမှု မရရှိတာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာတာ၊ တန်ဖိုးမထားတတ်တော့တာ၊ လူမှုပတ်ဝန်းကျင်မှာလည်း အထင်အမြင်သေးစရာတွေလည်း ဖြစ်လာတတ်ပါတယ်။ အလုပ်ပျက်၊ အအိပ်ပျက်၊ အစားပျက်တာကြောင့် ကျန်းမာရေးနဲ့ စိတ်အခြေအနေက ပိုပြီးတောင် ဆိုးလာမှာပါ။ ဒါကြောင့် ကိုယ့်မှာ ဒီလိုမကြည့်ရင် မနေနိုင်တဲ့ အပြာရုပ်ရှင် စွဲလမ်းစိတ်တွေ ရှိနေတယ်ဆိုရင်တော့ အမြန်ဆုံး ထိန်းချုပ်ဖို့ စတင်တာအကောင်းဆုံးပဲလို့ အကြံပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 28/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement