backup og meta

ကလေးယူပြီးရင် လင်မယားကြား ဆက်ဆံရေးပြောင်းလဲသွားနိုင်လား


Ye Myo Myat မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးယူပြီးရင် လင်မယားကြား ဆက်ဆံရေးပြောင်းလဲသွားနိုင်လား

    အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အမေးများတဲ့ ပြဿနာတွေထဲမှာ ကလေးရသွားပြီးတော့မှ လင်မယားနှစ်ဦးက အရင်လို ချစ်ခင်ကြည်နူးနေတာမျိုး မရှိတော့ဘဲ အမြဲတမ်း ပူပင်စိတ်ညစ်သောက ရောက်နေရတာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေလည်း တော်တော်များတာ သတိထားမိပါတယ်။ တကယ်တော့ ကလေးယူတယ်ဆိုတာ လင်နဲ့မယား နှစ်ဦးလုံးရဲ့ ဘဝကို အနည်းနဲ့ အများတော့ လှုပ်ခတ်သွားနိုင်ပါတယ်။

    အဲ့တော့ ဒီမေးခွန်းရဲ့ အဖြေကို ပြောပါဆိုရင်တော့ တချို့သော အိမ်ထောင်သည်တွေအတွက် ကလေးရပြီးတဲ့နောက်မှာ ဆက်ဆံရေး အနည်းငယ်ပြောင်းလဲသွားတတ်ပါတယ်။ ဒါပေမယ့်လည်း အရမ်းတော့ စိတ်ပူစရာမလိုပါဘူး။ ဒါတွေက ဇနီးမောင်နှံအများစု ကျော်ဖြတ်ကြရမယ့် ဘဝအခက်အခဲ ခရီးလမ်းက သစ်ငုတ်တစ်ခုသာသာပါပဲ။

    ဒီဆောင်းပါးမှာတော့ ဘယ်လိုအကြောင်းအရာတွေကြောင့် ကလေးယူပြီးတော့မှ ဇနီးမောင်နှံဆက်ဆံရေး ပြောင်းလဲသွားတတ်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    ၁။ ကလေးအတွက် စိုးရိမ်ပူပန်ရတာ

    ဘယ်မိဘမဆို (အထူးသဖြင့် သားဦး သမီးဦးမွေးတဲ့ မိခင်လောင်း၊ ဖခင်လောင်းတွေ) ကိုယ့်ကလေးအတွက်ကို အမြဲတမ်း ပူပန်နေရတတ်ပါတယ်။ အဲ့တော့ ကိုယ့်ကလေးမှ ကလေး နိုးတဲ့အချိန်မှာလည်း ကလေးကိုပဲ အရိပ်တကြည့်ကြည့်၊ အိပ်နေတဲ့အချိန်မှာလည်း ကလေးအကြောင်းက ခေါင်းထဲရောက်နေတော့ အိပ်ကောင်းခြင်းမအိပ်ရနဲ့ စိုးရိမ်ပူပန်နေတဲ့အခါ ဇနီးမောင်နှံကြား အရင်လိုမဟုတ်တော့ဘဲ အနည်းငယ် နွေးထွေးမှုမရှိတော့သလို ဖြစ်စေနိုင်ပါတယ်။

    ၂။ ကလေးကို အလှည့်ကျစောင့်ကြည့်နေရတာ

    မွေးကင်းစကလေးတွေမှာက ပုံမှန်အိပ်ချိန်အတိအကျ မရှိသလို မနက်နဲ့ ညကိုလည်း ကွဲကွဲပြားပြား သိနားလည်သေးတာမဟုတ်ပါဘူး။ အဲ့လိုဆိုတော့ မိဘတွေအနေနဲ့ အလှည့်ကျစီ အိပ်ပြီး နိုးတဲ့သူက ကလေးကို နို့တိုက်တာ၊ သေးခံအဝတ်လဲပေးတာ၊ ကလေးဖျားနေလားဆိုပြီး ယပ်ခတ်ပေးရတာ၊ စောင့်ကြည့်ပေးရတာတွေ လုပ်ရပါတယ်။ အတူမနေရတဲ့အချိန်တွေက များလာတော့ ဆက်ဆံရေးက အရင်ကလောက်တော့ ဘယ်နွေးထွေးနိုင်ပါတော့မလဲ။

    ၃။ ကလေးသည်သာ ပထမဖြစ်သွားခြင်း

    ဒါကတော့ မိဘတော်တော်များများမှာ တွေ့ရတတ်ပါတယ်။ ချစ်သူဖြစ်စ၊ လက်ထပ်ပြီးကာစမှာ နှစ်ယောက်တစ်ကမ္ဘာအဖြစ်နဲ့ ကြည်နူးနေတဲ့အချိန် ကလေးတစ်ယောက်ကပါ ဝင်လာတဲ့အခါ ဇနီးမောင်နှံ ၂ဦးလုံးရဲ့ စိတ်အာရုံ၊ ဂရုစိုက်မှုတွေဟာ ကလေးဘက်ကို မြှားဦးလှည့်သွားပါတယ်။ အရင်တုန်းကလို ဘယ်နှစ်နှစ်ပြည့်မို့ အထိမ်းအမှတ်ပွဲလေးလုပ်တာ၊ ညစာအတူစားတာ၊ ကြင်နာယုယခဲ့ရတာ၊ အမှတ်တရတွေ၊ လက်ဆောင်တွေ လုပ်ပေးတာတွေဟာလည်း ကလေးကို ပူနေရတဲ့စိတ်ကြောင့် အနည်းငယ်မေ့ပျောက်သလို ဖြစ်သွားတတ်ပါတယ်။

    ၄။ လိင်ကိစ္စအတွက် အချိန်ပေးလို့မရတော့တာ

    ဇနီးမောင်နှံဆိုတာကတော့ ၂ယောက်ထဲအတူရှိတဲ့အချိန်ဆို ချစ်တင်းနှောဖို့ ကြိုးစားတတ်ကြတာ သဘာဝပါပဲ။ ကလေးကြီးလာရင်တောင် ကျောင်းသွားပို့ရတာနဲ့ ကျူရှင်ပို့ရတာနဲ့ အိမ်မှာ ၂ယောက်ထဲ လွတ်လွတ်လပ်လပ် ရှိနိုင်သေးတယ်၊ ရင်ဝယ်ပိုက်အရွယ် ဖြစ်နေတဲ့အခါ တစ်ခုခုဆိုတာနဲ့ ငိုနေတော့ မိဘတွေလည်း လိင်ကိစ္စလုပ်တော့မယ်ကြံလိုက်၊ ကလေးသွားချော့ရတာနဲ့ ပျက်သွားလိုက်ဆိုတော့ အဆင်မပြေတော့ဘူးပေါ့။

    ၅။ တာဝန်ဝတ္တရားတွေ များလာတာ

    ကလေးယူတယ်ဆိုတာ တစ်နည်းအားဖြင့် ကျွေးစရာပါးစပ်တစ်ပေါက် ပိုလာတယ်ဆိုတာနဲ့ အတူတူပါပဲ။ အဲ့တော့ ဖခင်လောင်းတွေမှာ အရင်ကထက် ပိုပြီးအလုပ်လုပ်ရတယ်၊ မိသားစုဝင်ငွေနဲ့ အသုံးစရိတ် ကာမိဖို့ ပိုက်ဆံပိုရှာကြရတယ်၊ မိခင်လောင်းတွေမှာလည်း ကိုယ့်ကိုယ်ကိုယ်ထက် ကလေးကို ပိုပြီး ဂရုစိုက်ရတယ်၊ အိမ်အလုပ်၊ ခင်ပွန်းအတွက် ကူပေးစရာရှိတာ၊ ကလေးကို နို့တိုက်ဖို့၊ ဂရုစိုက်ဖို့ အစရှိသဖြင့် လုပ်နေရတယ်။ ဇနီးမောင်နှံနှစ်ဦးလုံးလည်း ကိုယ့်အတွက်၊ ကိုယ့်အိမ်ထောင်ဖက်အတွက် ဂရုစိုက်ဖို့ မအားတော့ဘဲ ကလေးအတွက်၊ မိသားစုအတွက် ခွဲဝေယူရတဲ့ တာဝန်တွေ ပိုများလာတဲ့အခါ အရင်ကထက် ပိုပြီး စိတ်ဖိစီးမှုတွေ ဖြစ်လာတဲ့အခါ သည်းခံနိုင်စွမ်းနည်းသွားပြီး ဒေါသဖြစ်လွယ်လာမယ်၊ စိတ်ကတောက်ကဆ ဖြစ်လာတယ်၊ တပူပူတကျက်ကျက်နဲ့ ရန်ဖြစ်လာကြတော့တာပါပဲ။

    ဒီလိုပြဿနာတွေက အမြဲတမ်းလိုလို ဖြစ်နေမှာလား၊ ဒါဆို ကလေးမယူရတော့ဘူးလားဆိုပြီး ပြန်မေးစရာဖြစ်လာတာပေါ့။ ကျွန်တော့်အနေနဲ့ အကြံပေးလို့ရတာကတော့

    • ကလေးမမွေးခင်မှာ ကိုယ့်ရဲ့ အိမ်ထောင်ဘဝကို အပျော်ဆုံးဖြစ်အောင် နေထိုင်ပါ

    မျိုးရိုးမပြုတ်ချင်ဘူးဆိုတဲ့ အတွေးနဲ့ပဲ ကလေးမယူပါနဲ့

    • ကလေးမယူခင်မှာ ကိုယ့်ရဲ့ ဝင်ငွေအတိုင်းအဆကို ပြန်တွက်ပါ

    • ကိုယ့်ရဲ့ မိသားစုအခြေအနေက ၂ယောက်ကနေ ၃ယောက်အဖြစ် ရှေ့ဆက်တက်ဖို့ ခိုင်မာနေပြီလားဆိုတာ စဉ်းစားကြည့်ပါ

    • ကလေးယူဖို့ စိတ်ကူးမရှိသေးရင် တားဆေးသောက်ပါ၊ ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံပါ

    • ကလေးယူတော့မယ်ဖြစ်စေ၊ မယူချင်သေးဘူးဖြစ်စေ ဆုံးဖြတ်ချက်တိုင်းဟာ ခင်ပွန်းရော ဇနီးနှစ်ဦးစလုံးက သဘောတူညီမှု ရှိရပါမယ်၊ လုံးဝသဘောမတူရင်တောင် ညှိနှိုင်းမှုတစ်ခုခု ရှိထားဖို့ လိုပါတယ်

    • ကလေးယူဖို့ အရမ်းမလောပါနဲ့၊ ကလေးရတဲ့အခါကျရင် ဘယ်လိုဂရုစိုက်ပေးဖို့လိုလဲ၊ ဘာတွေ ကြိုပြီးပြင်ဆင်ထားရမလဲဆိုတာ အရင်လေ့လာပါ

    • အပေါ်မှာ ပြောထားခဲ့တဲ့ ပြဿနာတွေက သားဦး သမီးဦးမွေးထားတဲ့ မေမေ ဖေဖေတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူတိုင်းဖြစ်မှာ မဟုတ်တဲ့အတွက် ကလေးယူဖို့ကို ကြိုတွေးပြီး ကြောက်လန့်နေစရာမလိုပါဘူး။ ဇနီးရော ခင်ပွန်းပါ ၂ဦးလုံး တက်ညီလက်ညီကြိုးစားမယ်၊ စိတ်တူကိုယ်တူ ရှိမယ်၊ အခက်အခဲမှန်သမျှ အတူကျော်ဖြတ်ဖို့ ဝန်မလေးဘူးဆိုရင်တော့ ဒီပြဿနာတွေကို အလွယ်တကူနဲ့ ကျော်လွှားသွားနိုင်မှာ အသေအချာပါပဲ။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement