backup og meta

ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့

    လူရယ်လို့ဖြစ်လာပြီဆိုရင် လိင်မှုကိစ္စဆိုတာ ကြုံရနိုင်ပါတယ်။ အဲ့တော့ ချစ်တဲ့သူနှစ်ဦး ချစ်တင်းနှောပြီးတဲ့အချိန်တိုင်း လုပ်မိတတ်တဲ့ အမှားလေးတွေနဲ့ ဘာတွေကို အဓိကထားပြီး လုပ်သင့်လဲဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ခုဆောင်းပါးလေးမှာ ပြောပြပေးလိုက်ချင်ပါတယ်။ ကဲ …. ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့ ။

    ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့

    ၁။ သန့်ရှင်းရေးလုပ်ပါ။

    သန့်ရှင်းရေးလုပ်တယ်ဆိုတာ ရေအမြန်ချိုးခိုင်းတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ လိင်ဆက်ဆံတယ်ဆိုတာ သာယာမှုနဲ့ ချစ်ကြည်နူးမှုတွေ ပြည့်ဝနေတယ်ဆိုပေမယ့် သူ့နောက်ကွယ်မှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေဆိုတာ ကပ်ပါလာနိုင်တယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် ကာမဆက်ဆံပြီးတိုင်း ခဏလောက်နားပြီးတာနဲ့ သန့်စင်ပေးပါ။

    ယောက်ျားလေးဆိုရင် လိင်အင်္ဂါတစ်ဝိုက်နဲ့ ထိပ်အရေပြားကို အောက်လှန်ဆွဲချပြီး သန့်စင်ပါ။ မိန်းကလေးဆိုရင်လည်း မိန်းမကိုယ် အစပ်နားလောက်ကို ရေများများနဲ့ သန့်စင်ပေးပါ။ ပြီးရင် လက်ကိုလည်း သေချာဆပ်ပြာနဲ့ ဆေးကြောဖို့ မမေ့ပါနဲ့။ ဒါတွေကိုတော့ ဦးစားပေးပြီး သန့်ရှင်းရေးလုပ်ပေးနိုင်ရင် ရပါတယ်။

    ၂။ အတင်းကာရော တိုက်ချွတ်ဆေးကြောစရာမလိုပါဘူး။

    ဒါကတော့ မိန်းကလေးတွေ တော်တော်များများ လုပ်မိတတ်တဲ့ အမှားတစ်ခုပါ။ သန့်ချင်တဲ့ဇောနဲ့ မိန်းမကိုယ်အတွင်းကို ဓာတုဗေဒပစ္စည်းတွေ ပါတဲ့ ဆပ်ပြာနဲ့ ပွတ်တိုက်လိုက်တာ၊ လက်နဲ့ ထိုးသွင်းနှိုက်ချွတ်ပြီး ဆေးကြောတာတော့ မလုပ်သင့်ပါဘူး။ အခန့်မသင့်ရင် မိန်းမကိုယ်ယားယံတာ၊ ပွန်းပဲ့ထိခိုက်မိပြီး ရောဂါပိုးဝင်ဖို့ ပိုလွယ်သွားနိုင်ပါတယ်။ အကောင်းဆုံးက ရေများများနဲ့ သေချာသန့်စင်ပြီးရင် ခြောက်အောင်သုတ်ပေးပြီး ဒီအတိုင်းထားထားပါ။

    ၃။ ရေချိုးဖို့ အလျင်မလိုပါနဲ့။

    ကာမဆန္ဒအထွတ်အထိပ်ကို ရောက်ပြီးတာနဲ့ ချက်ချင်းကြီးထပြီး ရေချိုးတာမျိုးက မလုပ်သင့်ပါဘူး။ ကုတင်ပေါ်မှာ ဖက်ရင်း၊ စကားပြောရင်း၊ အမောဖြေလို့ ပြီးသွားပြီ၊ အနည်းငယ် သန့်ရှင်းရေးလုပ်ပြီးသွားပြီဆိုမှ အတူရေချိုးတာဖြစ်ဖြစ် လုပ်ပေးပါ။ ရေချိုးဖို့အတွက် အလျင်လိုစရာမလိုပါဘူး။

    ၄။ ဆီးသွားပါ။

    လိင်ဆက်ဆံနေရင်းကနေ အမျိုးသားရော၊ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံအပြီး နာရီဝက်အတွင်း တစ်ကြိမ်လောက်ဖြစ်ဖြစ် အပေါ့စွန့်ဖို့ အရေးကြီးတယ်နော်။ မိန်းကလေးတွေဆိုရင်လည်း အပေါ့သွားပြီး မိန်းမကိုယ်ကို အရှေ့မှအနောက်သို့ ရေဆေးသန့်စင်ပေးပါ။

    ၅။ ရေသောက်ပါ။

    လိင်ဆက်ဆံနေတဲ့အချိန် နှစ်ဦးသား ချွေးတွေလည်းထွက်၊ မောလည်းမောနေမှာပဲလေ။ အဲ့အခါမှာ ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးတဲ့အနေနဲ့ရော၊ ဆီးသွားရလွယ်ကူအောင် ရေတစ်ခွက်လောက်တော့ အဝသောက်ပေးပါ။

    ၆။ ချောင်ချိတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပါ။

    လိင်ဆက်ဆံပြီးတဲ့အချိန်ဆို ချွေးထွက်တာ သဘာဝပဲနော်။ ဒါကပြဿနာမရှိပေမဲ့ ဘက်တီးရီးယားဆိုတာ ချွေးပြန်နေတဲ့နေရာဆို ပေါက်ဖွားတာ အရမ်းမြန်တာကြောင့် ဒါကို သေချာဂရုစိုက်ဖို့တော့လိုပါတယ်။ အဲ့တော့ ရေချိုးပြီးတာနဲ့ လေဝင်လေထွက်ကောင်းမယ့် အတွင်းခံ၊ အဝတ်အစားတွေကိုပဲ အဓိကဝတ်ပေးပါ။ အတွင်းခံမဝတ်ရင်တော့ ပိုကောင်းပါတယ်။

    ၇။ သွေးအမြဲစစ်ပါ။

    ကိုယ်က တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးတာမဟုတ်ဘဲ အပျော်အပါးလိုက်စားထားတာတွေလည်း ရှိတယ်ဆိုရင်တော့ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ။ ၃လတစ်ကြိမ် သွေးသွားစစ်ကြည့်ပါ။ ရောဂါဆိုတာ ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးဆိုပေမဲ့ ဖြစ်လာခဲ့ရင်လည်း စောစောသိတာနဲ့အမျှ ကိုယ့်ဘက်က ပြင်ဆင်လို့ရတာတွေ ပြင်ဆင်ထားလို့ ရပါတယ်။

    ၈။ ကိုယ်ဝန်မလိုချင်ဘူးဆိုရင်ရော။

    ကလေးယူဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုရင် ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံပါ။ ဒါမှမဟုတ် နောက်တစ်နည်းအနေနဲ့ အမျိုးသမီးကို သန္ဓေတားဆေး၊ အရေးပေါ်တားဆေး သောက်ခိုင်းလို့ရပါတယ်။

    မလိုအပ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေနဲ့ ကူးစက်ရောဂါတွေ မဖြစ်စေဖို့ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အမြဲအသုံးပြုကြပါလို့ ထပ်မံတိုက်တွန်းရင်း အားလုံးပဲ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးသုခပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement