backup og meta

စအိုမှ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စအိုမှ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ

    စအိုမှ လိင်ဆက်ဆံ ခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ ဆိုတာလည်း အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေ အတွက်ပါ သိထားသင့်တဲ့ အချက်တွေပါပဲ။

    လေ့လာချက်တစ်ခုအရ အမျိုးသားချင်း လိင်ဆက်ဆံသူများရဲ့ ၉၀ ရာခိုင်နှုန်းနှင့် လိင်စိတ်နိုးကြွတဲ့ အမျိုးသမီးများရဲ့ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိဟာ စအိုကတစ်ဆင့် လိင်ဆက်ဆံခံရတာကို ကြိုက်နှစ်သက်ကြပါတယ်။

    စအိုမှ လိင်ဆက်ဆံ ခြင်းဆိုတာ ဘာလဲ

    အမျိုးသားရဲ့ လိင်တံကို စအိုထဲ ထိုးသွင်းပြီး ဆက်ဆံတာကို ခေါ်တာပါ။ စအိုဆိုတာ အာရုံကြောများ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်လို့ ဒီလိုဆက်ဆံမှုပုံစံဟာ ကျန်းမာရေးအရ ထိခိုက်စေနိုင်တာတွေ ရှိပါတယ်။ စအိုဟာ အဆက်ဆံခံရသူအတွက် လိင်မှုဆိုင်ရာ ခံစားမှုတွေ ပေးနိုင်တဲ့နေရာဖြစ်သလို၊ ထိုးသွင်းဆက်ဆံသူအတွက်လည်း တင်းကြပ်မှုကို ပေးစွမ်းနိုင်ပါတယ်။ တချို့သောလူတွေအတွက် စအိုကတစ်ဆင့် ဆက်ဆံခြင်းဟာ အဆင်ပြေတယ်ဆိုပေမယ့် သေသေချာချာ ဂရုစိုက်ရမယ့်အချက်တွေလည်း ရှိပါတယ်။

    စအိုမှ လိင်ဆက်ဆံ ခြင်းဟာ ဘေးကင်းရဲ့လား

    စအိုကတစ်ဆင့် ဆက်ဆံခြင်းဟာ လိင်ဆက်ဆံနည်းအားလုံးထဲမှာ ကျန်းမာရေးအရ အန္တရာယ်အများဆုံး ဖြစ်ပါတယ်။

    ၁။ မိန်းမကိုယ်လို မဟုတ်ဘဲ စအိုမှာ သဘာဝအရ ထွက်တဲ့ ချောဆီမရှိပါဘူး။ ဒါကြောင့် ထိုးသွင်းဆက်ဆံမယ်ဆိုရင် စအိုမှာ ထိခိုက်ဒဏ်ရာတွေ ရနိုင်ပြီး အဲဒီကတစ်ဆင့် ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ ဝင်လာနိုင်ပါတယ်။ HIV ပိုးလို လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေလည်း ကူးစက်နိုင်ပါတယ်။ စအိုကတစ်ဆင့် လိင်ဆက်ဆံခံရသူဟာ မိန်းမကိုယ်ကတစ်ဆင့် ဆက်ဆံခံရသူထက် HIV ပိုးကူးစက်ခံရနိုင်ချေ အဆ(၃၀) ပိုများတယ်လို့ တွေ့ရှိချက်တွေက ဆိုထားပါတယ်။ ချောဆီတစ်မျိုးမျိုး သုံးမယ်ဆိုရင်တော့ အထိုက်အလျောက် အဆင်ပြေနိုင်ပြီး ရာနှုန်းပြည့်တော့ ထိခိုက်ဒဏ်ရာတွေကို ကာကွယ်နိုင်မယ် မဟုတ်ပါဘူး။

    ၂။ အဲဒီအပြင် စအိုအတွင်းနေရာတွေဟာ ပြင်ပအရေပြားထက်စာရင် ပိုပြီး နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် စုတ်ပြဲနိုင်ချေ၊ ရောဂါပိုးဝင်နိုင်ချေ ပိုများပါတယ်။

    ၃။ စအိုနေရာဟာ မစင်များနဲ့ ထိတွေ့နေရတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ စအိုနေရာမှာ ကြွက်သားတစ်ခု ရှိပြီး အဲဒီကြွက်သားကို ကျုံ့ထားလိုက်ရင် မစင်တွေအပြင်ထွက်မသွားအောင် ထိန်းထားလို့ရပါတယ်။ အဲဒီကြွက်သား ကျုံ့ထားတဲ့အချိန်ဆို စအိုကတစ်ဆင့် ဆက်ဆံရတာဟာ အဆင်မပြေပါဘူး။ ထပ်ကာထပ်ကာ စအိုကတစ်ဆင့် ဆက်ဆံမှုပြုတဲ့အခါမှာတော့ အဲဒီကြွက်သားဟာ တဖြည်းဖြည်း အားနည်းလာပြီး အထဲက မစင်တွေကို ထိန်းထားနိုင်စွမ်း လျော့လာတတ်ပါတယ်။ ဒီအခါ မစင်စွန့်ဖို့ မထိန်းနိုင်တော့တာတွေ၊ ထွက်ကျတာတွေ ရှိလာနိုင်ပါတယ်။ Kegel exercise လို့ခေါ်တဲ့ လေ့ကျင့်ခန်းမျိုးတွေ လုပ်ပြီး ကြွက်သားတွေ ပြန်သန်စွမ်းလာအောင်တော့ လေ့ကျင့်လို့ ရပါတယ်။

    ၄။ စအိုဟာ ဘက်တီးရီးယားပိုးတွေနဲ့ ပြည့်နေပါတယ်။ ဒါကြောင့် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မကူးပါဘူးဆိုရင်တောင် စအိုထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေတော့ ကူးစက်ခံရနိုင်ပါတယ်။ စအိုနဲ့ ဆက်ဆံပြီးမှ မိန်းမကိုယ်ကတစ်ဆင့် ဆက်ဆံမယ်ဆိုရင်တော့ အဲဒီရောဂါပိုးတွေဟာ မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းကိုပါ ကူးစက်သွားနိုင်ပါတယ်။

    တခြားသော အန္တရာယ်များ

    စအိုကတစ်ဆင့် လိင်ဆက်ဆံခြင်းကြောင့် တခြားပြဿနာတွေလည်း ရှိနိုင်ပါတယ်။ စအိုနဲ့ဆက်ဆံပြီး ပါးစပ်နဲ့ ထပ်ဆက်ဆံမယ်ဆိုရင် အသားရောင်အသားဝါပိုးတွေ၊ ရေယုန်တွေ၊ HPV ပိုးတွေနဲ့ တခြားသောပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။

    သိပ်အဖြစ်များပေမယ့်လည်း စအိုကတစ်ဆင့် ဆက်ဆံခြင်းကြောင့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေလည်း ရနိုင်ပါတယ်။ စအိုကွဲသွားတာ၊ လိပ်ခေါင်းကို ထိမိတာတွေကြောင့် သွေးတွေအလွန်အကျွံ ထွက်လာရင်တော့ အရေးပေါ်အခြေအနေအဖြစ် ဆေးရုံဆေးခန်း သွားသင့်ပါတယ်။ ခွဲစိတ်တာ၊ ပိုးသတ်ဆေးသောက်တာ၊ စတဲ့ ကုသမှုများနဲ့ ဆေးရုံတက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။

    အဲဒီလိုပြဿနာတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲ

    အကောင်းဆုံးနည်းလမ်းကတော့ စအိုကတစ်ဆင့် လိင်ဆက်ဆံခြင်း မပြုကြဖို့ပါပဲ။ ဘယ်လိုမှ ရှောင်လို့မဖြစ်ပါဘူးဆိုတောင် ကွန်ဒုံးသုံးပြီး ဆက်ဆံခြင်းက ရောဂါကူးစက်မှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

    လုပ်ဆောင်သင့်တဲ့ အချက်အချို့ကတော့

    ၁။ စအိုထဲ ထိုးသွင်းပြီးပြီဆိုရင် နောက်ကွန်ဒုံးအသစ် မလဲဘဲ ပါးစပ် ဒါမှမဟုတ် မိန်းမကိုယ်ထဲ ထိုးသွင်းဆက်ဆံခြင်း မပြုပါနဲ့။

    ၂။ ချောဆီအသုံးပြုခြင်းက စုတ်ပြဲမှုများကို လျော့နည်းစေပါတယ်။ Latex နဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေမှာတော့ ရေပါဝင်တဲ့ ချောဆီအမျိုးအစားများကို အသုံးပြုဖို့ လိုပါတယ်။

    ၃။ စအိုကတစ်ဆင့် ဆက်ဆံခြင်းမပြုမီ အနားယူခြင်းက စုတ်ပြဲမှုများကို သက်သာစေပါတယ်။ မဆက်ဆံခင် ရေနွေးနဲ့ ရေချိုးတာ၊ မှောက်လျက်အနေအထားနဲ့ ဆက်ဆံတာက ထိုးသွင်းမှုကို ပိုပြီး လွယ်ကူစေပါတယ်။

    ၄။ ဘယ်လိုမှ သက်သောင့်သက်သာ မရှိဘူးဆိုရင် စအိုနဲ့ဆက်ဆံမှုကို ရပ်လိုက်ပါ။

    ၅။ စအိုကတစ်ဆင့် ဆက်ဆံပြီးလို့ သွေးထွက်လာတယ်၊ စအိုနားတစ်ဝိုက်မှာ အသားလုံးလို ခံစားမိတယ်၊ တခုခု မူမမှန်တာ ထွက်လာတယ်လို့ စိတ်ထဲသံသယရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement