backup og meta

စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 04/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ

    စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ …… စအိုမှ မဟုတ်ပါဘူး။ ဘယ်လိုထိုးသွင်းဆက်ဆံမှုမဆို ပြီးသွားတဲ့အချိန်မှာ အနည်းငယ်တော့ သွေးထွက်တတ်ကြပါတယ်။ ဒါဟာ ကျန်းမာရေးပြဿနာကြောင့် မဟုတ်တဲ့အတွက် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ စအိုအတွင်းသားနံရံမှာ ရှိတဲ့ တစ်ရှူးတွေဟာ နူးညံ့လွန်းတာကြောင့်၊ ထိုးသွင်းဆက်ဆံသူ အမျိုးသားရဲ့ လိင်အင်္ဂါက ကြီးလွန်းတာ သို့မဟုတ် ပြင်းပြင်းထန်ထန် လိင်ဆက်ဆံတာကြောင့် သွေးကတော့ ထွက်တတ်ပါတယ်။

    အဲ့လိုမှမဟုတ်ဘဲ သွေးထွက်တာ အရမ်းများလွန်းတာ၊ ပန်းနုရောင် သွေးစလေးတွေ ထွက်လာတာ၊ ၂ရက်နဲ့အထက် ကြာတဲ့အထိ နေလို့ထိုင်လို့ အဆင်မပြေတာ၊ သွေးမတိတ်တော့တာ၊ ဝမ်းသွားရခက်ခဲတဲ့ အခြေအနေတွေ၊ အပြင်းအထန်ဖျားလာတာ အစရှိတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ တခြား ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ သေချာပြသကြည့်ပြီး ပြဿနာအရင်းအမြစ်ကို အဖြေရှာတာပါပဲ။

    စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ

    စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်စို့နော်။

    အဖြစ်များတဲ့ သွေးထွက်ရခြင်း အကြောင်းရင်းတွေ

    ၁။ စအိုအတွင်းသားနံရံ ပွန်းပဲ့ခြင်း (Anal Fissures)

    ထိုးသွင်းဆက်ဆံနေစဉ် စအိုပတ်လည်နဲ့ စအိုအတွင်းသား နံရံလမ်းကြောင်းမှာရှိတဲ့ နူးညံ့လွန်းတဲ့ တစ်ရှူးတွေ ထိခိုက်ပွန်းပဲ့မိတာကြောင့် သွေးထွက်နိုင်ပါတယ်။ လိင်တံရဲ့ ထပ်ခါတလဲလဲ ပွတ်တိုက်မှုကြောင့်လည်း ဖြစ်တတ်ပါတယ်။ တချို့သော လက်ချောင်းကို အသုံးပြုပြီး စအိုကို နှိုးဆွတဲ့အခြေအနေမျိုးမှာ လက်သည်းတွေ ရှည်နေရင် အတွင်းသားနံရံကို ကုတ်ခြစ်မိပြီး ပွန်းပဲ့နိုင်ပါတယ်။

    ၂။ အတွင်းလိပ်၊ အပြင်လိပ် (Internal or External Hemorrhoids)

    လိပ်ခေါင်းရှိနေတဲ့သူတွေ စအိုဖြင့် လိင်ဆက်ဆံမှု ပြုတဲ့အခါ ပွန်းပဲ့ထိခိုက်မိပြီး သွေးထွက်နိုင်ပါတယ်။ ပုံမှန်အားဖြင့် လိင်ဆက်ဆံမှုမတိုင်ခင် စအိုအတွင်း သွေးကြောတွေ ရောင်နေတာကို သတိမထားမိတတ်ဘဲ ဆက်ဆံမှုအပြီး သွေးတွေ ထွက်လာတော့မှသာ သတိထားမိတတ်ကြတာပါ။ သွေးကြောရောင်စေတဲ့ အကြောင်းရင်းတွေထဲမှာ လက်ချောင်း၊ လိင်နှိုးဆွအရုပ်တွေ၊ လိင်အင်္ဂါကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လိပ်ခေါင်းရှိတဲ့သူတွေ လိင်ဆက်ဆံနေစဉ် စအိုအတွင်း နေလို့ အဆင်မပြေတာ၊ နာကျင်မှုဝေဒနာ ခံစားရတာပါ ဖြစ်နိုင်ပါတယ်။

    ၃။ စအိုကြွက်နို့ (Condylomata)

    လိင်မှတစ်ဆင့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး စအိုပတ်လည်နဲ့ အတွင်းထဲမှာ သေးငယ်တဲ့ အဖုလေးတွေအနေနဲ့ ဖြစ်တည်နေတတ်ပါတယ်။ ယားယံမှုက လွဲပြီး နာကျင်မှု၊ နေထိုင်ရခက်ခဲမှု တစ်စုံတစ်ရာ မရှိဘဲ လိင်ဆက်ဆံနေစဉ် လိင်တံနဲ့ ပွတ်တိုက်မိတဲ့အခါမှသာ သွေးထွက်နိုင်ပါတယ်။

    ၄။ ဝမ်းချုပ်ခြင်း (Constipation)

    မကြာခဏ ဝမ်းချုပ်တတ်တဲ့သူတွေ၊ ဝမ်းမမှန်တဲ့သူတွေဆိုရင် လိင်ဆက်ဆံတဲ့အခါ ပွန်းပဲ့ထိခိုက်ဖို့ ပိုလွယ်ကူပါတယ်။ ဝမ်းကို အားနဲ့ညှစ်ရတာကြောင့် စအိုကြွက်သားတွေက နာကျင်နေချိန်မှာ လိင်တံရဲ့ ပွတ်တိုက်အားက အတွင်းသားနံရံကို ထိခိုက်စေပြီး သွေးထွက်စေတယ်၊ နာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။

    ၅။ ဝမ်းချူဆေးရည် အသုံးများတာ (Overusing Enemas)

    ဝမ်းမမှန်တဲ့သူတွေ သို့မဟုတ် စအိုဖြင့် လိင်ဆက်ဆံခြင်းမပြုမီ ဝမ်းရှင်းတဲ့အနေနဲ့ ဝမ်းချူဆေးရည်ကို အသုံးပြုတတ်ကြပါတယ်။ စအိုနဲ့ အစာအိမ်အတွင်း အရည်စီးဝင်သွားပြီး အထဲမှာကျန်နေတဲ့ ဝမ်းတွေနဲ့ အစာဟောင်းတွေကို ဝမ်းအဖြစ် ထွက်လာစေပါတယ်။ ပုံမှန်အားဖြင့်တော့ အန္တရာယ်မရှိပေမဲ့ အမြဲလိုလို အသုံးပြုနေတဲ့အခါ စအိုအတွင်းတစ်ရှူးတွေ အားနည်းလာပြီး လိင်ဆက်ဆံနေစဉ် ပွန်းပဲ့ထိခိုက်မှု ပိုများလာတတ်ပါတယ်။

    သွေးထွက်ရုံ၊ နာကျင်တာတင်မကဘဲ ယားယံလွန်းတာ၊ ဝမ်းသွားဖို့ အခက်အခဲဖြစ်တာ၊ မခံမရပ်နိုင်အောင် နာကျင်တာ၊ သွေးမတိတ်တာ၊ ဝမ်းဗိုက်အောက်ပိုင်း ဖောရောင်တာ၊ အောင့်သလို ခံစားနေရတာ၊ အဖျားရှိပြီး အော့အန်ချင်သလို ဖြစ်နေတယ်ဆိုရင် ကုသမှုအမြန်ဆုံးခံယူတာ အကောင်းဆုံးပါပဲ။

    သွေးတိတ်စေဖို့ လုပ်ပေးသင့်တဲ့ အိမ်တွင်းနည်းလမ်းကောင်းတွေ

    အနည်းငယ် သွေးထွက်တာ၊ နာကျင်မှုဝေဒနာ ခံစားရတာတွေအတွက် ဒီနည်းလမ်းကို အသုံးပြုလို့ ရပါတယ်။

    ၁။ ရေနွေးနွေးထဲမှာ ၁၀ မိနစ်ကနေ မိနစ် ၂၀အထိ စိမ်ထားပေးပါ။ ကိုယ်က ရေစိမ်ဖို့ မတတ်နိုင်ဘူးဆိုရင် ရေနွေးနဲ့ တင်ပါးတစ်ဝိုက်ကို ရေပတ်တိုက်ပေးပါ။

    ၂။ နာကျင်ကိုက်ခဲမှုကို သက်သာစေမယ့် လိမ်းဆေးတစ်မျိုးမျိုးကို ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ပြီး လိမ်းပေးလို့ ရပါတယ်။ ဆေးနည်းနည်းလောက်ကို လက်ညှိုးပေါ်တင်ပြီး စအိုတစ်ဝိုက်ကို ပွတ်လိမ်းပေးရုံပါပဲ။

    ၃။ ဝမ်းသွားရခက်တာ၊ အထဲက စပ်သလိုလို ဖြစ်နေရင်တော့ ဝမ်းပျော့ဆေး ဝယ်သောက်လို့ ရသလို စအိုအတွင်း ထည့်တဲ့ ဆေးတောင့်နဲ့လည်း အဆင်ပြေပါတယ်။

    ၄။ ရေများများသောက်ပေးပါ။

    ၅။ အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ များများစားပေးပါ။

    ၆။ ဝမ်းချုပ်စေတဲ့ ကဖင်းဓာတ်ပါတဲ့ အအေးတွေ၊ ကော်ဖီတွေ၊ အဆီ၊ အပူအစပ်၊ အကြော်အလှော် နည်းနည်းရှောင်ပေးပါ။

    ပုံမှန်အားဖြင့် သွေးထွက်တာက ၂ရက်လောက်ဆိုရင် ပျောက်နိုင်တဲ့အတွက် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ လိင်ဆက်ဆံမှုအပြီး သွေးတွေအရမ်းထွက်လာတာ၊ မခံမရပ်နိုင်အောင် နာကျင်လာပြီဆိုရင်တော့ အမြန်ဆုံး ဆေးကုသမှုခံယူသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 04/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement