backup og meta

နာကျင်မှုကို သာယာကြသူများ (Sadomasochism)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာကျင်မှုကို သာယာကြသူများ (Sadomasochism)

    “Fifty Shades of Grey” ဆိုတာ သိကြမယ်ထင်ပါတယ်။ စာရေးဆရာမ E.L.James ရဲ့ အလွန်ရောင်းအားကောင်းတဲ့ စာအုပ်ဖြစ်ခဲ့ပြီး Fifty Shades of Grey, Fifty Shades Darker နဲ့ Fifty Shades Freed ဆိုပြီး စာအုပ် ၃ အုပ်ရှိပါတယ်။ ရုပ်ရှင်ဇာတ်ကားအဖြစ်လည်းပြန်လည်အသက်သွင်းထားပြီး မကြာခင်မှာနောက်ဆုံး ၃ ကားမြောက်ဖြစ်တဲ့ Fifty Shades Freedတောင် ထွက်လာတော့မှာဖြစ်ပါတယ်။ ဒီစာအုပ်ဖတ်ရင်ပဲဖြစ်ဖြစ် ရုပ်ရှင်ကြည့်ရင်ပဲဖြစ်ဖြစ် ပရိသတ်တွေ ခံစားရမှာတွေကတော့ “လွှမ်းမိုးမှု နဲ့ နာကျင်မှုကို သာယာတဲ့ လိင်ဆက်ဆံခြင်း” ဆိုတဲ့ မျက်စိကို အဝတ်နဲ့အုပ်ပြီး ခုတင်တိုင်တွေမှာ လက်တွေကို ကြိုးတုပ်တာတွေ၊ ကြာပွတ်နဲ့ ရိုက်တာ၊ ကိုယ်ပေါ်ကို ဖယောင်းစက်တွေ ချတာအပြင် တခြားပိုမိုပြင်းထန်တာတွေလည်း ရှိပါသေးတယ်။ အသေးစိတ်တွေကိုတော့ စာအုပ်နဲ့ ရုပ်ရှင်တွေထဲမှာ ပါပါတယ်။ အသက် ၁၈ နှစ်အောက်တွေ သို့မဟုတ် မိသားစုနဲ့ အတူ ကြည့်ရှုရန်တော့ မသင့်တော်ပါဘူး။ ဒီထဲမှာပြထားတဲ့ နာကျင်မှုကို သာယာကြသူများ (Sadomasochism) အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    ဒီဆောင်းပါးမှာတော့ Fifty shades of Grey ထဲကလို နာကျင်မှုတွေကိုသာယာတဲ့လိင်ဆက်ဆံခြင်းဆိုတာဘာလဲဆိုတဲ့အကြောင်း တင်ပြမှာဖြစ်ပါတယ်။

    နာကျင်မှုကို သာယာကြသူများ (Sadomasochism) ဆိုတာ ဘာလဲ။

    နာကျင်မှုကို သာယာကြသူများ (Sadomasochism) ဆိုတာ လိင်ဆက်ဆံစဉ် မိမိကိုယ်ကို သို့မဟုတ် မိမိအဖော်အား နာကျင်စေခြင်း၊လွှမ်းမိုးခြင်းမှ ရရှိသော စိတ်ခံစားမှုအား သာယာခြင်း၊ ကြိုက်နှစ်သက်ခြင်းကို ဆိုလိုပါသည်။

    ဖြစ်စေတဲ့ အကြောင်းအရာများ

    ဖြစ်စေတဲ့ အကြောင်းအရာရယ်လို့တော့ တိတိကျကျမရှိပါဘူး။ သူ့ဖာသာသူဖြစ်လာနိုင်သလို၊ တချို့ကလည်း မျိုးရိုးလိုက်တာဖြစ်နိုင်တယ်လို့လေ့လာမှုအချို့အရသိရှိရပါတယ်။

    ဘယ်သူတွေမှာတွေ့ရများလဲ

    စိတ်ရောဂါအထူးကုပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေအရဆိုရင် ဒီလို သာယာမှုမျိုးကို ပညာတတ်အသိုင်းအဝိုင်းတွေ၊ လူကုံထံ အဆင့်အတန်းမြင့်တဲ့ သူတွေမှာတွေ့ရများပါတယ်။ Charles Moser, Ph.D., M.D., of the Institute for Advanced Study of Human Sexuality in San Francisco (ဆန်ဖရန်ဆစ်စကိုက လူသားလိင်မှုဆိုင်ရာအဆင့်မြင့်လေ့လာရေး တက္ကသိုလ်မှ ပညာရှင် ချားလိစ်မိုဆာ) ဆိုသူက ဒီလိုလူတွေ ဘာလို့ ကြိုးတုပ်ခံချင်ကြရလဲ သို့မဟုတ် ကြာပွတ်တွေနဲ့အရိုက်ခံချင်ကြရလဲဆိုတာကိုလေ့လာကြည့်တဲ့ အခါမှာ အံ့အားသင့်ဖွယ် ကွဲပြားခြားနားကြတာကိုတွေ့ရှိခဲ့ရပါတယ်။

    သူ့ရဲ့လေ့လာမှုတွေထဲမှာ ဂျိမ်း ဆိုတဲ့ အမျိုးသားတစ်ဦးရဲ့ ဝန်ခံချက်အရ သူဟာ ဒါကို ကလေးဘဝတည်းက စွဲလမ်းစိတ်ရှိနေခဲ့ကြောင်းသိရှိရပါတယ်။ ဂျိမ်းဟာ ငယ်စဉ်က စစ်တိုက်တမ်းကစားတိုင်း သုံ့ပန်းအဖြစ် အမြဲတမ်း ကြိုးတုပ်ပြီး အဖမ်းခံချင်ခဲ့ပါတယ်။ သူ့ကိုယ်သူ စိတ်ရောဂါတစ်ခုဖြစ်နေသလားဆိုပြီးကြောက်ရွံ့နေခဲ့ပါသေးတယ်။ သို့သော် အရွယ်ရောက်လာတဲ့အခါမှာတော့ ဒီလိုဖြစ်နေတာကို ဂုဏ်ယူလို့ပင်နေပါတော့တယ်။ ဂျိမ်းဟာ အာရုံစူးစိုက်တယ်၊ ဉာဏ်ရည်ထက်မြက်တယ်၊ အလုပ်မှာလည်း သြဇာအာဏာရှိပြီးသူတစ်ပါးအပေါ်မှာလည်း လွှမ်းမိုးနိုင်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်နေပါပြီ။ သို့သော် သူဟာ S & M ( Sadomasochism ) လိင်ကစားနည်းထဲရောက်သွားတဲ့အခါ မူးယစ်ဆေးသုံးစွဲထားသူကဲ့သို့ ယစ်မူးမျောလွင့်နေပါတော့တယ်။ သူ့ကို တုပ်ထားတဲ့ ကြိုးတွေ ပိုပြီးတင်းကြပ်လေ၊ နာကျင်မှုတွေ ထပ်ပေးလေ သူဟာပိုမို တည်ငြိမ်လာပြီး သူ့သခင်မ အလိုကျလိုက်နာမယ့် အစေခံတစ်ယောက်လိုဖြစ်သွားပါတော့တယ်။ ဂျိမ်းပြောလေ့ရှိတယ့် စကားကတော့ “တချို့လူတွေက လွတ်မြောက်ဖို့အတွက် ချုပ်နှောင်ခံလိုကြတယ်” ဆိုပြီးဖြစ်ပါတယ်။

    ရောဂါတစ်မျိုးဖြစ်နိုင်လား

    ရာစုနှစ်ပေါင်းများစွာ ဒီလိုမျိုး သာယာတတ်တဲ့သူတွေကို စိတ်ရောဂါဝေဒနာခံစားနေသူတွေ အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ များသောအားဖြင့်က ငယ်ရွယ်စဉ်က အနိုင်ကျင့်ခံရသူတွေ၊ မိဘက ရိုက်နှက်အပြစ်ပေးခံရတဲ့သူတွေမှာ ဖြစ်လာဖို့အလားအလာပိုရှိပါတယ်။ သို့သော် S&Mက သူ့ဖာသာဖြစ်လာတာတွေလည်းရှိလာပြီး ၁၉၈၀ ခုနှစ်ပိုင်းလောက်မှာတော့ အမေရိကန် စိတ်ရောဂါပညာရှင် အဖွဲ့အစည်းမှ S & M (နာကျင်မှုကို သာယာတဲ့ လိင်ဆက်ဆံခြင်း) ကို စိတ်ရောဂါ မဟုတ်ကြောင်းဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ၁၉၇၃ တုန်းက လိင်တူဆက်ဆံသူတွေကို စိတ်ရောဂါမဟုတ်ကြောင်းလက်ခံပေးလိုက်သလိုမျိုး သဘာဝလွန်လိင်ဆက်ဆံမှုပြုသူတွေအတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်စေခဲ့ပါတယ်။ ဘာဖြစ်လို့ ဒီလိုဆုံးဖြတ်လိုက်တာလဲဆိုရင် ကျွမ်းကျင်ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေအရ ၎င်းသာယာမှုဟာ ပုံမှန်အခြေအနေတစ်ခုဖြစ်ရုံမက ကောင်းကျိုးလဲရှိကြောင်းတွေရှိရပါတယ်။ ပုံမှန်သဘာဝအတိုင်းလိင်ဆက်ဆံသူတွေမှာ မရနိုင်တဲ့ လိင်နှင့် စိတ်ခံစားမှုစွမ်းအင်အသစ်တွေရရှိနိုင်တယ်လို့ နားလည်သဘောပေါက်လာကြပါတယ်။Roy Baumeister, Ph.D., a social psychologist at Case Western Reserve University ( လူမှုဆက်ဆံရေး စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ရိုင်းဘောမိုင်စတာ) ရဲ့ပြောကြားချက်အရ “ဒါဟာ လိင်ဆက်ဆံမှုသက်သက်တစ်ခုတည်း မဟုတ်ပါဘူး။ ဒါဟာ အလုံးစုံပြီးပြည့်စုံတဲ့ စိတ်ထွက်ပေါက်တစ်ခုလည်းဖြစ်နိုင်ပါတယ်” လို့ဆိုပါတယ်။

    အန္တရာယ်ရောရှိနိုင်လား

    S & Mတွေဟာ လိင်ဆက်ဆံမှုပြုတဲ့အခါမှာ တစ်ဦးပေါ်တစ်ဦး လွှမ်းမိုးနိုင်မှုစွမ်းအားတွေ ဖလှယ်ကြတာဖြစ်ပါတယ်။ နာကျင်အောင်ပြုလုပ်တဲ့ အခါမှာလည်း အနာခံလိုသူရဲ့ ခံနိုင်မှုအတိုင်းအတာထက်လွန်ပြီး ပြုလုပ်ခြင်း သို့မဟုတ်ရောဂါပိုးဝင်နိုင်လောက်တဲ့အနာဖြစ်အောင် ပြုလုပ်ခြင်းတွေ မလုပ်ကြပါဘူး။ တစ်ဦး နဲ့ တစ်ဦးသဘောတူညီချက်တွေထားရှိပြီးတော့မှာ ဒီလိင်ကစားနည်းကို ကစားရပါတယ်လို့မြောက်အမေရိကတစ်လျှောက်က S&M workshop သင်တန်းကျောင်းတွေမှာ သင်ကြားပေးနေတဲ့ S&M ပညာရှုင် လီလီဖိုင်းရဲ့ပြောကြားချက်အရ သိရှိရပါတယ်။ပြဿနာရှိတာကတော့ Sexual Sadism ( လိင်ဆက်ဆံရာတွင် ရက်စက်ခြင်း၊ညှင်းပန်းနှိပ်စက်ခြင်းကို သာယာခြင်း) နဲ့ S&M ကို မှားတတ်ကြပါတယ်။ Sadism ဟာ S&M လို သဘောတူညီမှုယူထားခြင်းမျိုးမဟုတ်ပဲ စိတ်မပါတဲ့လူတစ်ယောက်အပေါ်မှာ အဓမ္မညှင်းပန်းနှိပ်စက်ခြင်း၊ အနိုင်ကျင့်ခြင်းကို သာယာယစ်မူးခြင်းဖြစ်ပါတယ်။ Sadism ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အထိဖြစ်နိုင်ပါတယ်။

    ကုသဖို့လိုအပ်ပါသလား

    S&M ဟာရောဂါတစ်ခုမဟုတ်တဲ့အတွက်ပျောက်ကင်းစေတဲ့ဆေးရယ်လို့တော့ မရှိပါဘူး။ သို့သော် တခြားရောဂါတွေနဲ့တော့ တွဲဖက်ပြီးရှိနိုင်ပါတယ်။ ဥပမာ လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါ၊နှလုံးရောဂါ၊သွေးတိုး၊ဆီးချို စတာတွေကိုတော့ ကုသဖို့လိုအပ်ပါတယ်။

    အချုပ်အားဖြင့်ဆိုရသော် S&M ဟာ လိင်ဆက်ဆံတာကိုတောင် ရှက်စရာလို့ မှတ်ယူထားတဲ့ ကျွန်တော်တို့ လူမျိုးတွေမှာတော့တွေ့ရခဲနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်လွှားမှာရှိတယ့် ဟိုတယ်ခန်းတွေ၊ မိုတယ်တွေ၊ လူနေအိမ်တွေထဲက အိပ်ရာခန်းတွေထက်မှာတော့ သရုပ်ဆောင်လိုတဲ့ဇာတ်ကောင်တွေအတိုင်း ဝတ်ဆင်ထားတဲ့သူတွေ၊ပျော်ပျော်ကြီး ကြိုးတုပ်ခံပြီး အပြစ်ပေးခံဖို့ အသင့်ဖြစ်နေသူတွေ၊ ကြာပွတ်သံတွေတရွှမ်းရွှမ်းနဲ့အော်ဟစ်သံတွေ၊ရယ်မောသံတွေကတော့ ဆက်လက်ပြီး ကြားနေရဦးမှာပါပဲ။ သူတို့ပြောသလိုပဲ “ဒါဟာ လိင်ဆက်ဆံရုံသက်သက်တစ်ခုတည်း မဟုတ်တော့ပါဘူး။ပြီးပြည့်စုံတဲ့ စိတ်ထွက်ပေါက်တစ်ခုပါ” တဲ့။

    ကျွန်တော်တို့ လူသားတွေက စိတ်ဝင်စားဖို့တော့ကောင်းသားဗျ…နော်။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement