backup og meta

ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ

    အမျိုးသားတွေဟာ အနည်းနဲ့ အများတော့ လိင်တံကြီး ဖို့၊ ရှည်ဖို့ကို စိတ်ဝင်စားကြပါတယ်။ အခုအပြင်မှာ ရေပန်းစားနေတဲ့  နည်းလမ်းတွေက အန္တရာယ်ရှိတယ်လို့ ဆရာဝန်တွေ ဝိုင်းတားလို့သာ သိပ်မလုပ်ကြတာပါ။ ဒါတောင် လုပ်လာကြပြီး ဒုက္ခရောက်လို့ ဆေးရုံရောက်လာကြသူတွေလည်း အများသားပါ။ ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ဆောင်းပါးကို အရင်ဖတ်ပါ။

    ဂျင်းထည့်နေတဲ့ လိင်တံကြီး နည်းလမ်းများ

    အမျိုးသားတွေ လိင်တံကြီးချင်၊ ရှည်ချင်ရတဲ့အကြောင်းရင်းကတော့ ဆက်ဆံဖော်က အထင်ကြီးတာကို လိုချင်တာကြောင့်ရယ်၊ စွမ်းဆောင်နိုင်တယ်ဆိုတာ သက်သေပြချင်လို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး အပြာကားထဲက အမျိုးသားတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို မလုံလို့ ကြီးချင်တာလည်း ပါတာပေါ့။

    ၂၁ရာစုထဲမှာတော့ ဒီအတွေးအခေါ်တွေကို မေ့ထားလိုက်ပါတော့။ အတူနေတဲ့နေရာမှာ လိင်တံအရွယ်အစားထက် အပေးအယူမျှမျှနဲ့ နားလည်မှုကသာ ပိုအရေးကြောင်း ပညာရှင်တွေက အခေါက်ပေါင်းများစွာ သက်သေပြပြီးပါပြီ။ အပြာကားထဲက ပုံတွေကလည်း ဒီလောက်ကြီး မဟုတ်ဘူးဆိုတာကို သူတို့ကိုယ်တိုင် ဝန်ခံထားကြပါတယ်။

    အထူးသဖြင့် မြီးကောင်ပေါက် လူငယ်လေးတွေကတော့ လူကြီးဖြစ်ချင်တာကို ပြချင်တာကြောင့် သူတို့ရဲ့ လိင်တံအရွယ်အစားကို ကြီးချင်ကြပါတယ်။ ဒါကြောင့် အဆွယ်ကောင်းရင် နည်းလမ်းအမှားတွေ လုပ်မိတတ်ပါတယ်။ အောက်က ပြောမယ့်ဟာတွေကတော့ ခေတ်အဆက်ဆက် ထည့်ခဲ့ကြတဲ့ ကာလသားတို့ရဲ့ ဂျင်းတွေပဲ ဖြစ်ပါတယ်။

    • Jelqing exercise

    အလွယ်ပြောရင် ကွင်းတိုက်တာပါပဲ။ ဒါပေမယ့် အားတော့များတာပေါ့။ အားနဲ့ဆွဲတဲ့အခါကျတော့ ရှည်လာမယ်လို့ ယူဆတာ ဖြစ်ပါလိမ့်မယ်။ သိပ်တော့ အန္တရာယ်မရှိဘူးလို့  ထင်ရပေမယ့် ကြီးချင်ဇောနဲ့ ပွတ်တဲ့အခါ နာတာ၊ အရေပြားတွေ ပွန်းတာ၊ သွေးထွက်တာ စတာတွေ  ဖြစ်နိုင်ပါတယ်။

  • သောက်ဆေး၊ လိမ်းဆေးတွေ

  • အထူးသဖြင့်တော့ ဆေးဝါးခွင့်ပြုချက်မရတဲ့ အောက်လမ်းဆေးတွေပေါ့။ သူတို့က သွေးကြောကို ကျယ်စေပြီး လိင်တံကို ထောင်မတ်စေတာပါ။ သွေးတော်တော်များများ လိင်တံကို ရောက်သွားတဲ့အခါ ဦးနှောက်ကို သွေးအရောက်နည်းပြီး ရုတ်တရက် သွေးပေါင်ထိုးကျတာ၊ မူးလဲတာ ဖြစ်တတ်ပါတယ်။

    တချို့ဆေးတွေကျတော့လည်း ရက်နဲ့ ချီအောင် အကြာကြီး မာပြီး ထောင်နေတာ၊ အတူနေပြီးတာတောင် ပြန်မကျတာတွေ ဖြစ်တတ်ပါတယ်။ ဘာတွေပါလဲ မသိပေမယ့် ဒီလို သဘာဝကို ဆန့်ကျင်ပြီး အကြာကြီး ထောင်နေတာက ကျန်းမာရေးကို ထိခိုက်စေတာတော့ အမှန်ပါပဲ။

    လိမ်းဆေးဆိုလည်း ဒီလိုပါပဲ။ ဟိုးအရင်ကတော့ မုန်ညင်းဆီတွေ လိမ်းကြပါတယ်။ ဆီကို လက်နဲ့ ပွတ်သပ်ပြီး လိမ်းတာဖြစ်တဲ့အတွက် ပူလာပြီး သွေးတွေ များလာတာကြောင့် ကြီးလာတယ်လို့ ခံစားရတာပါ။ တကယ်တော့ ဒုံရင်းက ဒုံရင်းပါပဲ။ ခုခေတ်ဆိုရင်တော့ ဆေးတွေ ပိုပေါနေပါပြီ။ ဒါတွေက ကိုယ့်အရေပြားနဲ့ မတည့်ရင် ပြဿနာဖြစ်လာနိုင်ပါတယ်။

    • အလေးတုံးမတာ

    လိင်တံနဲ့ အလေးတုံးမတာကို ပြောတာပါ။ လိင်တံက ကြွက်သားမဟုတ်တဲ့အတွက် ဒီလိုလေ့ကျင့်လို့ ရမှာတော့ မဟုတ်ပါဘူး။ အဲ့ဒါအပြင် အခန့်မသင့်ရင် လိင်တံထဲက အာရုံကြောတွေ၊ သွေးကြောတွေ ထိခိုက်တာ ဖြစ်တတ်သလို အရေပြားပွန်းတာတွေလည်း ဖြစ်တတ်ပါတယ်။

    • လေစုပ်တာ

    လေစုပ်စက်နဲ့ စုပ်ပြီး ကြီးအောင် ရှည်အောင် လုပ်တာပဲ ဖြစ်ပါတယ်။ တချို့ ထောင်မတ်ဖို့ ခက်ခဲတဲ့သူတွေကလည်း လေ့ကျင့်တဲ့အနေနဲ့ သုံးကြပါတယ်။ ဒါပေမယ့် ဒါဟာ ခဏတာ ဖြစ်ပြီး ခဏနေရင် ပြန်ကျသွားမှာပါ။ ခဏခဏဆိုရင်တော့ အလေးမသလိုပဲ အတွင်းက အကြောတွေ ထိကုန်မှာပါ။

    • ကွင်းစွပ်တာ

    ဒါကတော့ ထောင်ပြီးသား လိင်တံ ပြန်ကျမသွားဘဲ ကြာကြာခံအောင် ကပ္ပာယ်အိတ်နားကနေ ကွင်းစွပ်လိုက်တာပါ။ လိင်တံထဲက သွေးတွေ ပြန်ဝင်သွားမှာ စိုးလို့ပါ။ ဒါက နည်းနည်းတော့ အန္တရာယ်များပါတယ်။ ကြာလာရင် သွေးမလျှောက်တာကြောင့် လိင်တံပုပ်သွားနိုင်ပါတယ်။

  • ဆီလီကွန်ထိုးဂေါ်လီထည့်တာ

  • ကိုယ်ထဲကို foreign bodyလို့ ခေါ်တဲ့ ပြင်ပပစ္စည်းထည့်တာဖြစ်ပါတယ်။ ပြီးတော့ ဒါက ဆရာဝန်တွေ၊ ဆေးပညာရပ်ကျွမ်းကျင်သူတွေ လုပ်ပေးတာ မဟုတ်ပါဘူး။ အရွယ်ရောက်စ လူငယ်တွေ အချင်းချင်း လက်တည့်စမ်းပြီး ထိုးကြတာ ဖြစ်နဲ့အတွက် ပိုးဝင်ဖို့အန္တရာယ်များပါတယ်။

    ဆီလီကွန်တွေ၊ ဂေါ်လီတွေဆိုတာ အာရုံကြောမပါတဲ့အတွက် ဒါတွေထည့်လို့ ထူးပြီး ခံစားချက်တွေ ကောင်းမလာပါဘူး။ နောက်ပြီး ဒါတွေက ကြာလာရင် အမာရွတ်ဖြစ်သွားပါတယ်။

    မရှူနိုင် မကယ်နိုင် ဆီးလမ်းကြောင်းတွေထိပြီး ဆေးရုံကို ရောက်လာတဲ့အခါ လိင်တံတွေက ပုံပျက် ပန်းပျက်ဖြစ်နေပါပြီ။ ခွဲမယ်ဆိုရင်လည်း အနည်းဆုံး နှစ်ခေါက်လောက် ခွဲရတာပါ။ တစ်ခေါက်က အမာရွတ်တွေ ရှင်းထုတ်ဖို့၊ နောက်တစ်ခေါက်က လိင်တံ ပြန်တည်ဆောက်ဖို့။ ကံမကောင်းရင် အခေါက်ခေါက် အခါခါ ခွဲရတတ်ပါတယ်။

    လူနာအချင်းချင်း သတင်းမေးလို့မှ ထုတ်ပြောရမှာ ရှက်တဲ့ ရောဂါမျိုးပေါ့။

    ဒါကြောင့် ပြောချင်တာက သင်ထင်ထားသလို သင့်လိင်တံက မသေးပါဘူး။ လိင်တံသေးလို့ အဖော် စိတ်ကျေနပ်မှု မရဘူးထင်ရင် အဖော်ကို မေးကြည့်ပါဦး။ သင်ထင်သလို ဟုတ်ချင်မှ ဟုတ်မှာပါ။ ခုမှ အရွယ်ရောက်စ ကောင်လေးတွေ အနေနဲ့လည်း လိင်တံ ကြီးခြင်း သေးခြင်းက ယောကျာ်းပီသမှုကို သတ်မှတ်တာမဟုတ်ပါဘူး။ တကယ်ကြီးတာလဲ မဟုတ်ဘဲနဲ့ ဒီလို အန္တရာယ်များတဲ့ နည်းလမ်းတွေကို လက်တည့်မစမ်းပါနဲ့။ အရှိကို အရှိအတိုင်း ကျေနပ်ပါ။ ဒါက တစ်ခုခု ပျက်စီးသွားရင် အလျော်အစားကြီးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement