backup og meta

ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ

    ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ …..  တစ်ချို့လူတွေက ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ STI (sexually transmitted infections) လို့ခေါ်တဲ့ လိင်မှ တစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ မဖြစ်နိုင်တော့ဘူး လို့ထင်တတ်ကြတယ်။ တကယ်တော့ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ တစ်ဆင့် လိင်ကူးစက်တတ်တဲ့ရောဂါတွေ (STI ) တွေ ကူးစက်နိုင်ပါသေးတယ်။ STI ရောဂါတစ်ချို့ဖြစ်တဲ့ လိင်အင်္ဂါမှာ ဖြစ်ပွားတဲ့ ရေယုန်ရောဂါနဲ့ ဆီးပူညောင်းကျ ရောဂါ (gonorrhea) တို့ဟာ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ကူးစက်နိုင်ပါတယ်။

    ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ

    ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ ဆိုတော့ WHO အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်လိင်မှ တစ်ဆင့် ဖြစ်ပွားတဲ့ ရောဂါ အမျိုးပေါင်း ၁ သန်းလောက်တွေ့ရှိနေရပြီး လိင်မှုကိစ္စကို ပုံမှန်လုပ်ဖြစ်နေတဲ့ သူတွေအနေနဲ့ STI ရောဂါ ကူးစက်မှုတွေ လျော့ကျစေဖို့ ဒီရောဂါတွေ ဘယ်လို ကူးစက်တတ်လဲဆိုတာသိထားဖို့လိုပါတယ်။ ပါးစပ်ဖြင့်လိင်ဆက်ဆံတဲ့အခါ ခန္ဓါကိုယ်က ထွက်တဲ့အရည်တွေနဲ့ ထိတွေ့နေတဲ့အတွက် STI တွေ ကူးစက်နိုင်ပါတယ်။

    STI ရောဂါတွေဟာ ခန္ဓါကိုယ်က ထွက်တဲ့အရည်တွေနဲ့ ကူးစက်ခံထားရတဲ့ အရေပြားတွေနဲ့ ထိတွေ့တဲ့အခါ ကူးစက်နိုင်ပြီး STI ရောဂါတွေက အမျိုးမျိုးရှိတာကြောင့် ခန္ဓါကိုယ်က ထွက်တဲ့ အရည်တွေနဲ့ ထိတဲ့အခါ မြန်မြန်ကူးစက်နိုင်တဲ့ ရောဂါတွေရှိသလို နှေးနှေး ကူးစက်တတ်တဲ့ရောဂါတွေလည်းရှိပါတယ်။

    ပါးစပ်မှ တစ်ဆင့် လိင်ဆက်ဆံတဲ့အခါ အကူးစက်ခံရဆုံး STI ရောဂါတွေကတော့-

    လိင်အင်္ဂါမှာ ဖြစ်ပွားတတ်တဲ့ ရေယုန်ရောဂါ

    ဒီရောဂါဟာ ရေယုန်ရောဂါရှိတဲ့ လူတစ်ယောက်နဲ့ အင်္ဂါချင်းဖြစ်စေ၊ ပါးစပ်ချင်းဖြစ်စေ၊ စအိုသို့ဖြစ်စေ ထိတွေ့မိတဲ့အခါမှာ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါဟာ ကူးစက်လွယ်တဲ့ ရောဂါဖြစ်ပြီး စဖြစ်ဖြစ်ချင်း အချိန်မှာ ပိုကူးစက်လွယ်ပါတယ်။

    လိင်အင်္ဂါမှာ ဖြစ်ပွားတဲ့ ရေယုန်ရောဂါရဲ့ အဓိကလက္ခဏာကတော့ မီးလောင်ရည်ဖုနဲ့တူတဲ့ အနာလေးတွေ လိင်အင်္ဂါ တစ်ဝိုက်ထွက်ပေါ်လာခြင်းဖြစ်ပြီး ဒီအနာတွေဟာ ပေါင်တံ၊ တင်ပါး နဲ့ အနီးတစ်ဝိုက်နေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ ရေယုန်အမျိုးအစားအပေါ်မူတည်ပြီး ရေယုန်တွေဟာ ပါးစပ်၊ လျှာနဲ့ နှုတ်ခမ်းတွေမှာလည်း ပေါက်နိုင်ပါသေးတယ်။ ကွန်ဒုံးက မဖုံးပေးထားနိုင်တဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ အနာပေါက်နေမယ်ဆိုရင် ကွန်ဒုံးတောင် ဒီဗိုင်းရပ်စ်ကို မကာကွယ်နိုင်ပါဘူး။ နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်နေတဲ့လူတွေဟာ နှုတ်ခမ်းနဲ့ လိင်ဆက်ဆံမယ်ဆိုရင် သူ့ရဲ့ အဖော်ဖြစ်သူကို လိင်အင်္ဂါမှာပေါက်တဲ့ ရေယုန် ကူးစက်စေနိုင်ပါတယ်။ လူတစ်ယောက်မှာ ရေယုန် အနာတွေမရှိဘဲနဲ့ ရေယုန်ရောဂါရှိနေနိုင်သလို တစ်သက်မှာ ရေယုန်တစ်ခါပေါက်ပြီး ရောဂါ လက္ခဏာ မပြတော့ပေမဲ့ ရေယုန်ဖြစ်နေတဲ့ အချိန်တွေလည်းရှိနိုင်ပါတယ်။ ရေယုန်ရောဂါ လက္ခဏာတွေကို ထိန်းသိမ်းလို့ရပေမဲ့ ကုသလို့တော့မရပါဘူး။

    ဆီးပူညောင်းကျရောဂါ (Gonorrhea)

    ဆီးပူညောင်းကျရောဂါ ဆိုတာကလည်း ရောဂါရှိနေတဲ့ လူရဲ့ ပါးစပ်၊ စအို၊ အမျိုးသားလိင်အင်္ဂါ၊ အမျိုးသမီး လိင်အင်္ဂါတွေမှ ပျံ့နှံ့တတ်တဲ့ ကူးစက်နှုန်းမြင့်သော ဗိုင်းရပ်စ်ရောဂါ ပိုးတစ်မျိုး ဖြစ်ပါတယ်။ ဆီးပူညောင်းကျရောဂါရှိနေလူတစ်ယောက်ဟာ ပုံမှန်အားဖြင့် ရောဂါ လက္ခဏာတွေ မပြတတ်ပါဘူး။ ရောဂါ လက္ခဏာ ပြတဲ့ အချိန်တွေဆိုရင်

    • လိင်အင်္ဂါက အရည်များကျခြင်း၊
    • ကျင်ကြီးစွန့်တဲ့အခါ နာကျင်ခြင်း၊
    • ဆီးသွားချိန် ပူလောင်ယားယံခြင်း၊
    • အမျိုးသားလိင်အင်္ဂါမှ အဖြူရောင်၊ အစိမ်းရောင်၊ အဝါရောင် အရည်များကျခြင်း၊
    • ဓမ္မတာကြားကာလ သွေးကျခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။

    ဆီးပူညောင်းကျရောဂါ ဟာ ကုသလို့ရပေမဲ့ မကုသဘဲ ဒီအတိုင်းထားရင် ပြင်းထန်တဲ့ ရောဂါသစ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ဆီးပူညောင်းကျရောဂါ ကို မကုသဘဲ ထားတဲ့အခါ တင်ပါးဆုံ အရိုးများ ရောင်ရမ်းတဲ့ ရောဂါကို ဖြစ်စေနိုင်ပြီး နောက်ဆုံး သန္ဓေမရတော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေလောက် အဖြစ်မများပေမဲ့ ဆီးပူညောင်းကျရောဂါ ဟာ အမျိုးသားတွေမှာလည်း သန္ဓေမရနိုင်တော့သည် အထိဖြစ်စေနိုင်ပါတယ်။

    ဆစ်ဖလစ်ကာလသားရောဂါ (Syphilis)

    ဆစ်ဖလစ်ကာလသားရောဂါလည်း ရောဂါရှိနေတဲ့ အမျိုးသမီး အင်္ဂါ၊ အမျိုးသားအင်္ဂါ၊ ပါးစပ်၊ စအို တို့နဲ့ ဆစ်ဖလစ် အနာရှိနေတဲ့ အရည်ပြားနဲ့ ထိတွေ့မိတဲ့ အခါ ကူးစက်နိုင်တဲ့ ရောဂါပါ။ ဆစ်ဖလစ် အနာတွေဟာ သတိမထားမိနိုင်လောက်အောင် သေးငယ်တဲ့အတွက် လူတစ်ယောက်အနေနဲ့ ဆစ်ဖလစ်ရောဂါရှိလား၊ မရှိလားသိချင်ရင် ဆေးစစ်ကြည့်မှပဲ သိနိုင်မှာ ဖြစ်ပါတယ်။ ဆစ်ဖလစ်ကာလသားရောဂါကို ကုသနိုင်ပါတယ်။ ဒါပေမဲ့ မကုသဘဲ ထားမယ်ဆိုရင် လိင်အင်္ဂါပျက်ဆီးခြင်း၊ ဦးနှောက်ထိခိုက်မှုကြောင့်ဖြစ်တဲ့ စိတ်ဖောက်ပြန်မှု နဲ့ ပြင်းထန်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ရောဂါ ဖြစ်ဖြစ်ခြင်း ကာလတွေမှာ အရည်ကြည်ဖုလို အဖုသေးတွေ အများကြီးထွက်နိုင်ပါတယ်။ ဒီလို အရည်ကြည်ဖုလို အနာတွေဟာ ဆစ်ဖလစ်ကာလသားရောဂါ ကူးစက်ခံရတဲ့အချိန်မှာ စတင်ဖြစ်ပေါ်တာ ဖြစ်ပြီး ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ဆစ်ဖလစ်ကာလသားရောဂါ ကူးစက်ခံခဲ့ရသူတွေဟာ သူတို့ရဲ့ လိင်အင်္ဂါနဲ့ ပါးစပ်တွေတစ်ဝိုက်မှာ အနာဖုသေးတွေရှိနေနိုင်ပါတယ်။ ဆစ်ဖလစ်ကာလသားရောဂါ ကြာလာတာနဲ့အမျှ အရည်ပြားပေါ်မှာ အနီကွက်တွေ ပေါ်လာနိုင်ပြီး ချွဲကျိတဲ့ အမြှေးပါးတွေကို ပျက်ဆီးစေပါတယ်။ ရောဂါ ပြင်းလာတာနဲ့အမျှ ဆစ်ဖလစ်ကြောင့် နှလုံးနဲ့ ဦးနှောက်အပါအဝင် ခန္ဓါကိုယ်အင်္ဂါ တွေ ပျက်ဆီးစေပါတယ်။

    တစ်ခြား STI ရောဂါတွေကတော့ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ကူးစက်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ ကူးစက်နိုင်ခြေတော့ ရှိနေပါသေးတယ်။ အဲ့ဒီ STI ရောဂါတွေကတော့-

    HIV (human immunodeficiency virus)

    HIV (human immunodeficiency virus) ဗိုင်းရပ်စ်ဟာ ရောဂါရှိတဲ့ လူတစ်ယောက်ရဲ့ ခန္ဓါကိုယ်အရည်တွေဟာ တစ်ခြားလူတစ်ယောက်ရဲ့ သွေးလမ်းကြောင်းနဲ့ တိုက်ရိုက်ထိတွေ့မိရင် ကူးစက်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာတော့ HIV ဟာ ဘာရောဂါ လက္ခဏာမှ မပြသေးပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး acquired immunodeficiency syndrome (AIDS) လို့ခေါ်တဲ့ ရောဂါ လက္ခဏာကို ဖြစ်စေနိုင်ပါတယ်။

    Chlamydia

    Chlamydia ရောဂါလည်း ရောဂါရှိနေတဲ့ အမျိုးသမီး အင်္ဂါ၊ အမျိုးသားအင်္ဂါ၊ ပါးစပ်၊ စအို တို့နဲ့ ထိတွေ့မိတဲ့ အခါ ကူးစက်နိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။ လူအများစုမှာ Chlamydia ရောဂါ လက္ခဏာတွေ မပြပေမဲ့ အချိန်ကြာလာတဲ့အခါ လိင်အင်္ဂါတွေ ယားယံခြင်း၊ ပူလောင်ခြင်းနဲ့ ဆီးသွားတဲ့အခါ နာကျင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

    ဆီးခုံသန်းများ

    ဆီးခုံ သန်းများဟာ လူအသွေးကို အာဟာရပြုပြီး ဆီးခုံမွှေးတွေမှာ နေထိုင်တဲ့ အင်းဆက်ငယ်လေးတွေ ဖြစ်ပါတယ်။ ဒီအင်းဆက်တွေဟာ တစ်ခြား ခန္ဓါကိုယ် အမွှေးတွေမှာလည်း နေထိုင်နိုင်ပေမဲ့ ဦးရေပြားမှာတော့ မနေထိုင်ကြပါဘူး။ ဆီးခုံသန်းများဟာ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓါကိုယ်ထိပြီဆိုတာနဲ့ ခုန်ကာကူးစက်နိုင်ပါတယ်။

    အသည်းရောင်ရောဂါ B၊ C (Hepatitis B and C)

    အသည်းရောင်ရောဂါပိုး B နဲ့ C တို့ဟာ အသည်းကို တိုက်ခိုက်ကြတဲ့ ဗိုင်းရပ်စ်ပိုးတွေ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတွေဟာလည်း ရောဂါရှိသူနဲ့ ခန္ဓါကိုယ်ထွက် အရည်တွေနဲ့ ထိတွေ့မိရင် ကူးစက်နိုင်ပါတယ်။ စစချင်းရောဂါလက္ခတွေကတော့ တုပ်ကွေး အဖျားရောဂါတွေ ဖြစ်တတ်ပြီး လူတစ်ချို့မှာတော့ ဒီဗိုင်းရပ်စ်တွေဟာ ပြင်းထန်တဲ့ အသည်းရောဂါတွေနဲ့ နာတည်ရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

    လိင်အင်္ဂါ အသားပိုတွေ(Genital warts)

    လိင်အင်္ဂါအသားပိုတွေဟာ လိင်အင်္ဂါနားတစ်ဝိုက်မှာ human papillomavirus (HPV) ဗိုင်းရပ်စ်တွေကြောင့် အသားပိုတွေ ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါဟာ လိင်အင်္ဂါ အသားပို ရှိနေတဲ့ လူနဲ့ အသားချင်းထိတဲ့အခါမှာ ကူးစက်နိုင်ပါတယ်။ လိင်အင်္ဂါ အသားပိုရောဂါ အများစုဟာ ဘာရောဂါ လက္ခဏာမှ မရှိတတ်ကြပေမဲ့ တစ်ချို့လူတွေကတော့ လိင်အင်္ဂါနားတစ်ဝိုက် ယားယံခြင်းကို ခံစားကြရပါတယ်။

    HIV နဲ့ AIDS

    HIV ဗိုင်းရပ်စ်ပိုးတွေဟာ အမျိုးသမီး လိင်အင်္ဂါ၊ အမျိုးသား လိင်အင်္ဂါနဲ့ အကျိအချွဲ အမြှေးပါးတွေမှ ကူးစက်တဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး ဒီဗိုင်းရပ်စ်တွေဟာ သွေး၊ မိန်းမနို့ရည်၊ အမျိုးသမီး အင်္ဂါ အရည်၊ စအိုအရည်၊ သုတ်ရည် နဲ့ သုတ်ရည်အရင်ထွက်တဲ့ အရည်များနဲ့ တစ်ခြားလူတစ်ယောက်ရဲ့ ပင်မသွေးစီးကြောင်းနဲ့ထိတွေ့ရင် ကူးစက်နိုင်ပါတယ်။

    HIV ဗိုင်းရပ်စ် ကူးစက်ဖို့အတွက် နည်းလမ်း ၃ လမ်းရှိပါတယ်။

    • ပွင့်နေတဲ့ ဒဏ်ရာနဲ့ ကိုယ့်ခန္ဓါကိုယ်ဒဏ်ရာနဲ့ ထိတွေ့ခြင်း ( ဒဏ်ရာ သေးသေးပင်ဖြစ်ပါစေ ကူးစက်နိုင်ပါတယ်။)
    • အမျိုးသမီး အင်္ဂါလိုအကျိအချွဲ အမြှေးပါးနဲ့ ခန္ဓါကိုယ်သွေးစီးကြောင်း တိုက်ရိုက်ထိတွေ့ခြင်း၊
    • သွေးစီးကြောင်း အချင်းချင်း တိုက်ရိုက်ထိတွေ့ခြင်း ( ဆေးထိုးအပ် အတူတကွ သုံးစွဲတဲ့အခါမျိုး)

    ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ သွေးစီးကြောင်းချင်းတော့ တိုက်ရိုက်မထိတွေ့ကြပါဘူး။ ဒါပေမဲ့ HIV ဗိုင်းရပ်စ်ရှိတဲ့ လူတစ်ယောက်ဆီက ခန္ဓါကိုယ်ထွက်အရည်တွေဟာ တစ်ခြားတစ်ယောက်ရဲ့ ပါးစပ်က ပေါက်ပြဲနေတဲ့ ဒဏ်ရာတွေ၊ ပေါက်ပြဲနေတဲ့ အကျိအချွဲ အမြှေးပါးတွေနဲ့ တိုက်ရိုက်ထိတွေ့မယ်ဆိုရင်တော့ ကူးစက်နိုင်ပါတယ်။ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ချိန်ကြာမြင့်လာတဲ့အချိန်မှာ ခန္ဓါကိုယ် ကိုယ်ခံအားစနစ်က ချို့ယွင်းသွားပါတော့တယ်။ ဒီအချိန်ကို acquired immunodeficiency syndrome (AIDS) လို့ခေါ်တဲ့ ရောဂါ လက္ခဏာလို့ အမည်ပေးထားပါတယ်။ AIDS ရောဂါ လက္ခဏာဟာ ပုံမှန်မဟုတ်တဲ့ ကူးစက်ခြင်းများနဲ့ ဖျားနားခြင်း အမျိုးမျိုး ကို ဖြစ်ပွားစေနိုင်ပြီး HIV ဗိုင်းရပ်စ်ပိုး ကူးစပ်ပြီးမှ AIDS ရောဂါ လက္ခဏာ ဖြစ်လာတာ ဖြစ်ပါတယ်။ AIDS ရောဂါ လက္ခဏာကြီးတိုက်ရိုက်ကူးတယ်ဆိုတာ မရှိပါဘူး။ HIV ဗိုင်းရပ်စ်ပိုး ဘယ်လောက်ပျံ့နှံ့ ကူးစက်နိုင်လဲဆိုတာ အချိန်နဲ့ရော၊ ကုသမှုနဲ့ရော သက်ဆိုင်ပါသေးတယ်။ သွေးထဲမှာ ဗိုင်းရပ်စ်ပိုး ပိုများနေလေ ပိုကူးစက်လွယ်လေပါပဲ။

    တားဆီးနိုင်ရန်

    လိင်ဆက်ဆံရာမှ တစ်ဆင့် ကူးစက်နိုင်တဲ့ STI ရောဂါ ကူးစက်နိုင်ခြေကို အပြီးသတ်တားဆီးဖို့ကတော့ ပါးစပ်နဲ့ပဲဖြစ်ဖြစ်၊ စအိုပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ အမျိုးသမီး အင်္ဂါနဲ့ပဲ ဖြစ်ဖြစ် လိင်ဆက်ဆံတာကို ရှောင်ဖို့ပါပဲ။ မရှောင်နိုင်ဘူးဆိုတဲ့ လိင်မှု ကိစ္စ ပုံမှန်ရှိနေတဲ့ လူတွေအနေနဲ့ကလည်း

  • STI ရောဂါ စစ်ဆေးချက်တွေကို ကိုယ်တိုင်ရော၊ မိမိရဲ့ အဖော်ဖြစ်သူကိုရော စစ်ဆေးခိုင်းတာမျိုး၊
  • Monogamous လို့ခေါ်တဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးတာမျိုး။
  • အတားအဆီးနည်းလမ်းတွေ ဖြစ်တဲ့ ကွန်ဒုံး ၊ dental dam လို့ခေါ်တဲ့ ပါးစပ်နဲ့ လိင်ဆက်ဆံချိန်မှာ ဝတ်ဆင်ရတဲ့ မဖောက်ထွင်းနိုင်တဲ့ ပစ္စည်းမျိုးသုံးတာမျိုး
  • မျက်စိနဲ့ မြင်ရတဲ့ ရေယုန်၊ လိင်အင်္ဂါ အသားပို၊ ဆီးခုံသန်း နဲ့ ဆစ်ဖလစ်ရောဂါရှိနေတဲ့ လူတွေနဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်တာမျိုး။
  • STI ရောဂါတွေရှိလားဆိုတာ အလျင်အမြန် စမ်းသပ်ခြင်းက ဒီကူးစက်ရောဂါတွေ ပျံ့ပွားခြင်းကို ကာကွယ် ပေးပါတယ်။
  • ခြုံငုံသုံးသပ်ရလျှင်

    လိင်မှုကိစ္စ ပုံမှန်ပြုလုပ်နေတဲ့ လူတွေဟာ STI ရောဂါရှိနေတဲ့ လူနဲ့ ပါးစပ်မှ လိင်ဆက်ဆံရင် ကူးစက်နိုင်ခြေ အကြောင်းသိဖို့ ဆရာဝန်တွေနဲ့ သွားရောက်ဆွေးနွေးသင့်ပါတယ်။ တစ်ချို့ကိစ္စတွေမှာ STI ကူးစက်နိုင်ခြင်းကို ကာကွယ်ဖို့အတွက် ကြိုတင်တားဆီးမှုတွေ လုပ်သင့်ပါတယ်။ ကျန် ကိစ္စတွေကိုတော့ မိမိရဲ့ အဖော်ဖြစ်သူနဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေကို အမြဲတမ်းဝေမျှနေသင့်ပါတယ်။ ကျန်းမာရေးအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို Hello ဆရာဝန်မှာ ယုံကြည်စိတ်ချစွာ ရယူနိုင်ပါတယ်။

    # ပါးစပ်နဲ့ လိင်ဆက်ဆံပြီးရင် သွားတိုက်ဖို့ လိုမလား!

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement