backup og meta

HIV နှင့် သတိပြုဖွယ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Poe Ei Win မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV နှင့် သတိပြုဖွယ်များ

    HIV နှင့် သတိပြုဖွယ်များ အကြောင်း လေ့လာလိုက်ရအောင်နော်။

    HIV နှင့် သတိပြုဖွယ်များ

    “ကျွန်တော်ပြောရတာတော့စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ဆေးစစ်ကြည့်တာတွေ အရတော့အကို့မှာ HIV ပိုးရှိနေပါတယ်။”

    “ဟုတ်ရဲ့လား ဆရာ၊ သေချာရဲ့လား”

    “ဆရာတို့ဘက်က သေချာအောင်သုံးကြိမ်စစ်ထားပါတယ်။ သေချာပါတယ်”

    “တကယ်လား ဆရာရယ်၊ ကျွန်တော်ဘဝမှာ မကောင်းတာဆိုလို့တစ်ကြိမ်လောက်ပဲ အပျော်အပါးလိုက်စားဖူးတာပါ။ ကောင်မလေးပုံစံကလည်းသန့်သန့်လေးပါ”

    “HIV ပိုးက တစ်ကြိမ်တည်းနဲ့လည်းကူးနိုင်ပါတယ်၊ ရောဂါပိုးရှိမရှိဆိုတာကလည်း အပေါ်ယံကြည့်ရုံနဲ့မသိနိုင်ပါဘူး။ သွေးစစ်ကြည့်မှသေချာတာဆိုတော့၊ အဲ့တုန်းက ကွန်ဒုံးတော့မသုံးလိုက်ဘူးမဟုတ်လား”

    “ကျွန်တော့အမျိုးသမီးကိုတော့အသိမပေးပါနဲ့ဆရာရယ်၊ သူကျွန်တော့ကိုစိတ်ဆိုးမှာ”

    “မဟုတ်သေးဘူးအကို၊ သူ့မှာလည်း ရောဂါပိုးကူးစက်ခံထားရနိုင်တယ်၊

    သူ့ကိုသေချာနားလည်အောင်ပြောပြပြီး သွေးစစ်ခိုင်းဖို့လိုပါတယ်”

    HIV ပိုးရှိမှန်း အခုမှတွေ့ရှိသွားသူနှင့်သူ၏ဆရာဝန်တို့ပြောနေကြခြင်းဖြစ်သည်။

    HIV ရောဂါကူးစက်ခံရခြင်း

    အားလုံးသိပြီးသားအတိုင်းပင်၊ HIV ရောဂါပိုးသည်

    • လိင်တူလိင်ကွဲ အကာအကွယ်မဲ့ဆက်ဆံခြင်း

    • ရောဂါပိုးရှိသော သွေးကိုသွင်းမိခြင်း

    • ရောဂါပိုးရှိသူသုံးပြီးသား အပ်ကိုထပ်မံသုံးစွဲမိခြင်း

    • ရောဂါပိုးရှိသူမိခင်မှသားသမီးထံသို့ကူးစက်ခြင်း စသည့်နည်းလမ်းများဖြင့်အဓိက ကူးစက်ပါသည်။

    ရောဂါပိုးသည်သွေးနှင့်ကိုယ်ခန္ဓါမှထွက်သော အရည်များတွင်ပါဝင်တတ်သောကြောင့်တစ်ယောက်နဲ့တစ်ယောက်ထိုသို့အရည်များထိတွေ့နိုင်သော

    တခြားနည်းလမ်းများဖြင့်လည်းကူးနိုင်ပါသည်။ ရောဂါပိုးသည်အနာမရှိသော အရေပြားကိုမဖောက်ဝင်နိုင်သော်လည်း ပွန်းပဲ့နေသော အရေပြားကို ဖြတ်သန်းဝင်ရောက်နိုင်ပါသည်။ ရောဂါပိုးရှိသူ၏ သွေးပေနေသော ဓါးဖြင့်နောက်တစ်ယောက်ရှမိပါက ကူးစက်နိုင်ပါသည်။ထို့ကြောင့်လည်း ဆံပင်ညှပ်ရာတွင်တစ်ခါသုံးဓါး သုံးစွဲစေရန်အရေးကြီးသလိုတစ်ယောက်နှင့်တစ်ယောက်မုတ်ဆိတ်ရိတ်ဓါး သွားတိုက်တံစသည်မျှဝေမသုံးစွဲသင့်ချေ။တစ်ခါတစ်ရံတွေ့ရှိရသည်မှာ HIV ပိုးမကူးစက်ရန်ကွန်ဒုံးကိုသုံးစွဲရမည်မှန်းသိကြသော်လည်းမသုံးစွဲဖြစ်ကြခြင်းပင်။ လူတစ်ယောက်သည်HIV ပိုးဝင်ပြီး ၁၀ နှစ်ကျော်ကြာသည်အထိ

    လူကောင်းအတိုင်းနေနေနိုင်ရာ အပေါ်ယံကြည့်ရုံဖြင့်ရောဂါပိုးရှိမရှိမပြောနိုင်ချေ။ ထို့ကြောင့်လည်းစိတ်ချရသော မိမိအိမ်ထောင်နှင့်မှလွဲ၍ တခြားမည်သူနှင့်မဆိုဆက်ဆံခြင်းများရှိခဲ့လျှင် ကွန်ဒုံးကိုမဖြစ်မနေသုံးစွဲရန်အကြံပြုလိုပါသည်။ ယခုနောက်ပိုင်း ရည်းစားဘဝတွင်အတူတူနေခြင်းများ ရှိလာတတ်ရာ

    မိမိရည်းစားနှင့်နေလျှင်ပင်ကွန်ဒုံးသုံးစွဲရန်အကြံပြုလိုပါသည်။ ရည်းစားဘဝသာရှိသေး၍လက်ထပ်ဖြစ်မဖြစ်မသေချာသေးရာ အခန့်အသင့်လျှင်နောက်ထပ်ရည်းစားထပ်ပြောင်းရခြင်းများရှိနိုင်သေးသဖြင့်ကလေးမရရန်ရော ရောဂါပိုးပါ ကာကွယ်နိုင်သည့်ကွန်ဒုံးနည်းကိုအကြံပြုလိုခြင်းဖြစ်ပါသည်။

    တစ်ခါတစ်ရံမိမိတွင်ရောဂါပိုးရှိနေမှန်းသိလျက်နှင့်မိမိ၏ အဖော်ကိုအသိမပေးဘဲ အကာအကွယ်မဲ့လိင်ဆက်ဆံကြသော ရောဂါသည်များကိုတွေ့ရပါသည်။ ရောဂါပိုးရှိသည်ကို လူသိမခံလိုကြသည်ကိုနားလည်ပေးနိုင်သော်လည်း တစ်ပါးသူကို ဒုက္ခပေးသော ထိုလုပ်ရပ်ကိုလက်မခံနိုင်ပါ။ ယခုဘဝတွင်ကံဆိုး၍

    မိမိကိုယ်တိုင်ရောဂါကူးစက်ခံနေရပြီးဖြစ်ရာ နောက်ထပ်သူများကိုထပ်မံကူးစက်စေသလို ဖြစ်၍ သူ့တွင်လည်းအကုသိုလ်ထပ်ဖြစ်မည့်လုပ်ရပ်သာဖြစ်သည်။ တစ်ကြိမ်လိင်ဆက်ဆံခြင်းနှင့်ပင် ရောဂါကူးစက်ခံရနိုင်ရာတစ်ချို့မှာ မိမိအိမ်ထောင်ဘက်သို့မဟုတ်အဖော်က သူ့တွင်ရောဂါရှိမှန်းမပြောဘဲ ဆက်ဆံခြင်းကိုခံခဲ့ရ၍ကူးစက်ခံရသည်များကိုလည်းတွေ့ဖူးပါသည်။ ထို့ကြောင့်လည်း လိင်ဆက်ဆံမှုမလုပ်ဆောင်မှီအိမ်ထောင်ဘက်သို့မဟုတ်ရည်းစားနှစ်ယောက်လုံး ရောဂါပိုးရှိမရှိ ကြိုတင်စစ်ဆေးကြည့်သင့်ကြပါသည်။

    နောက်ကြောင်းရာဇဝင်မသိနိုင်သူတစ်ဦးဦးနှင့် လိင်ဆက်ဆံတိုင်း ကွန်ဒုံးအမြဲ သုံးရန်လည်း အကြံပြုပါသည်။ အရက်မူးနေခြင်းသည်လည်း ကွန်ဒုံးကိုမသုံးစွဲဖြစ်သော အကြောင်းရင်းတစ်ရပ်ဖြစ်တတ်ရာသတိပြုသင့်ပါသည်။တစ်ခါတစ်ရံတစ်ချို့ (အထူးသဖြင့်အမျိုးသမီးများ)မှာ သူတို့ကိုယ်တိုင်မရှုပ်ရပါလျက်နှင့်သူတို့၏အိမ်ထောင်ဘက် ရည်းစားများရှုပ်ပွေမှုမှ တဆင့် ရောဂါကူးစက်ခံရသည့် အဖြစ်ဆိုးများလည်းကြုံတွေ့ရတတ်ပါသည်။ ထို့ကြောင့်လည်း အိမ်ထောင်ရှင် သို့ ရည်းစားရှိသူများအနေဖြင့် မိမိ၏အိမ်ထောင်ဘက် သို့ ရည်းစားကို သစ္စာရှိကြရန်လိုအပ်ပြီး တခြားသူများနှင့်အပျော်အပါးလိုက်စားခြင်းများရှိပါက ကွန်ဒုံးကို မဖြစ်မနေသုံးရန် အကြံပြုလိုပါသည်။

    ရောဂါပိုးရှိသူမိခင်မှတဆင့် သားသမီးသို့လည်းကူးစက်နိုင်ရာ ရောဂါပိုးရှိသူအိမ်ထောင်သည်များအနေဖြင့် မိမိတို့ သဘောနှင့် မိမိတို့ ကိုယ်ဝန်မယူကြရန်လည်းအရေးကြီးပါသည်။ ထို့အပြင် နှစ်ဦးလုံးတွင်ရောဂါပိုးရှိနေလျှင်ပင် ရောဂါပိုး၏ မျိုးရိုးဗီဇသည်အမြဲ အပြောင်းအလဲရှိနေတတ်သောကြောင့်လိင်ဆက်ဆံရာတွင်ကွန်ဒုံးသုံးရန်လိုအပ်ပါသည်။ ပိုးထိန်းဆေးသေချာသောက်သုံးနေသောအိမ်ထောင်သည်များအနေဖြင့်ဆရာဝန်၏ စစ်ဆေးအကြံပေးချက်ဖြင့်ရောဂါအခြေအနေကောင်းမွန်ပြီးပိုးကောင်ရေအလွန်နည်းသွားသောအချိန်တွင်ကလေးယူရန်ဖြစ်နိုင်ပါသေးသည်။သို့သော်မိမိတို့သဘောနှင့်မိမိတို့တော့မယူသင့်ပါ။ ကလေးကိုကူးစက်နိုင်ခြေ များသောကြောင့်ဖြစ်ပါသည်။

    HIV ပိုး ရှိ၊ မရှိ စစ်ဆေးခြင်း

    HIV ပိုး ရှိ၊ မရှိ စစ်ဆေးကြရာတွင်ဦးစွာ ကနဦး စစ်ဆေးခြင်း (Screening test) ကိုလုပ်ဆောင်လေ့ရှိသည်။ Screening Test တွင်ရောဂါပေါ်သည့်အခါ နောက်ထပ်အတည်ပြုစစ်ဆေးခြင်း(Confirmation Tests) ကိုထပ်မံလုပ်ဆောင်ကြပါသည်။ ပိုးထိန်းဆေးပေးခါနီးတွင်ထပ်မံသေချာအောင်စစ်ဆေးခြင်း (Validation Tests) ကိုထပ်မံလုပ်ဆောင်ကြသေးပါသည်။ Confirmation နှင့်Validation test နှစ်မျိုးလုံးကို စစ်ဆေးသည့်နည်းလမ်းသုံးသွယ်ဖြင့်စစ်ဆေးကြပါသည်။ တစ်ခါတစ်ရံConfirmation tests များကိုHIV ကုသသည့်အထူးကုဌာနများသို့ ပို့ပေးပြီး စစ်ဆေးသည်များလည်းရှိတတ်ပါသည်။ မည်သည့်စစ်ဆေးမှုနည်းလမ်းမဆိုအမှားပါတတ်သောကြောင့် ထပ်ခါထပ်ခါစစ်ဆေးပြီးအတည်ပြုကြခြင်းဖြစ်သည်။ ထို့ကြောင့်လည်း တစ်ခါတစ်ရံကနဦးစစ်ဆေးခြင်းတွင်

    ရောဂါပိုးရှိသည်ဟုထွက်ပြီး ထပ်မံစစ်ဆေးသည့်အခါ ရောဂါပိုးမရှိဟုပြန်ထွက်တတ်ခြင်းဖြစ်သည်။

    စစ်ဆေးမှုနည်းလမ်းတစ်ခု၏ စစ်ဆေးခြင်းမှန်ကန်နိုင်ခြင်းရှိမရှိကို Sensitivity နှင့်Specificityဟူ၍တိုင်းတာကြသည်။ စစ်ဆေးမှုနည်းလမ်းများတွင်၁၀၀ ရာခိုင်နှုန်းသေချာသည်ဟုသော နည်းလမ်းကရှားပါသည်။ စစ်ဆေးသည့်ဓါတ်ခွဲခန်းနှင့်မဆိုင်ဘဲ စစ်ဆေးသည့်နည်းတွင်ပင်(မည်သည့်နေရာတွင်စစ်စစ်)

    အမှားပါတတ်ခြင်းဖြစ်သည်။ ထိုကြောင့်လည်း အကြိမ်ကြိမ်စစ်ဆေးကြည့်ပြီး သေချာအောင်လုပ်ဆောင်ကြခြင်းဖြစ်သည်။

    HIV ပိုး ရှိပြီဆိုလျှင်

    HIV ပိုးသည် ယခင်ကြားဖူးနေကြသလို ကုရာနတ္တိဆေးမရှိသော ရောဂါ မဟုတ်ပါတော့ချေ။ ကုသရန်ပိုးထိန်းဆေးများပေါ်လာပြီဖြစ်သည်။ ပိုးထိန်းဆေးကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းတစ်သက်လုံးသေချာသောက်သုံးပြီး လိုအပ်သော ပုံမှန်စစ်ဆေးမှုများခံယူလျှင် သက်တမ်းကြာရှည်စွာနေရနိုင်သော ရောဂါဖြစ်သည်။ ပိုးထိန်းဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသေချာသောက်သုံးရန်တော့လိုပါသည်။ ဆေးသေချာ မသောက်လျှင်တော့ပိုးကို သေချာမထိန်းနိုင်ဘဲရောဂါပိုဆိုးတတ်ပါသည်။ ဆေးယဉ်ပိုးပါ ဖြစ်သွားတတ်ပါသည်။

    HIV နှင့် နောက်ဆက်တွဲရောဂါများ

    HIV ပိုး ဝင်လာပြီဆိုလျှင်ခန္ဓါကိုယ်၏ ခုခံအားစနစ်ကိုဖြည်းဖြည်းချင်း ဖျက်ဆီးလာရာ CD 4ဟုခေါ်သော ခုခံအားဆဲလ်များ ကျဆင်းလာသည်။ ထိုမှတဆင့်နောက်ဆက်တွဲ ရောဂါများ၊ သာမန်သူများတွင်ဖြစ်လေ့မရှိသော ရောဂါပိုးများထပ်မံဖြစ်ပွားလာတတ်ပါသည်။ ထိုရောဂါများသည်ပြင်းထန်လေ့ရှိပါသည်။

    ထို့ကြောင့်လည်း ဆရာဝန်နှင့်ပုံမှန်ပြသစစ်ဆေးမှုခံယူရန်လိုအပ်ပြီး နောက်ဆက်တွဲ ရောဂါပိုး တစ်ခုခုဝင်ရောက်လာပါက အမြန်ကုသရခြင်းဖြစ်သည်။

    HIV နှင့် Septrin (ဆက်ထရင်)

    HIV ရောဂါရှိသူများတွင်နောက်ဆက်တွဲ ရောဂါများကိုကာကွယ်နိုင်ရန် Septrin ကိုကာကွယ်သည့်အနေဖြင့်ပေးလေ့ရှိပါသည်။ Septrin ဟုလူသိများသောဆေးသည် Trimethoprim နှင့်Sulphamethoxazoleဟူသော ဓါတ်နှစ်မျိုးပေါင်းထားသော ဆေးဖြစ်ပါသည်။ ယခုနောက်ပိုင်းတံဆိပ်အမျိုးမျိုးဖြင့်လာတတ်ပါသည်။Septrin သည်HIV လူနာများအတွက်အလွန်ကောင်းသောဆေးဖြစ်သည်။ HIV လူနာများတွင်အဖြစ်များသော ပြင်းထန်နမိုးနီယားရောဂါများ၊ ဝမ်းလျှောခြင်း၊ ဦးနှောက်တွင်အလုံးများဖြစ်စေတတ်သောToxoplasmosis၊ ငှက်ဖျားရောဂါနှင့်ဘက်တီးရီးယားရောဂါအမျိုးမျိုးတို့ကိုကာကွယ်နိုင်ပါသည်။

    ပြင်းထန်နမိုနီးယား တစ်မျိုးဖြစ်သည့်PCP ရောဂါကိုကုသရန်ပါအသုံးပြုရပါသည်။ ကံဆိုးတတ်သည်မှာ HIVလူနာများသည်သူများထက်ဆေးမတည့်မှုပိုမိုများပြားတတ်ပါသည်။ ထိုအခါ Septrin ကိုမတည့်မှုလည်းဖြစ်ပွားတတ်ပါသည်။ ထိုသူများအနေဖြင့်Septrin ကိုမသောက်ရသည့်အခါ နောက်ဆက်တွဲ

    ရောဂါပိုးများကို မကာကွယ်နိုင်ဖြစ်ကြရပါသည်။ Septrin အစား ပေးစရာဆေးများရှိသော်လည်း Septrinလောက်မကောင်းခြင်း၊ အလွယ်တကူမရနိုင်ခြင်းများဖြစ်တတ်ပါသည်။

    တချို့မှာမူအရင်ကSeptrinမတည့်သော်လည်း ဆရာဝန်က စနစ်တကျ ဆေးပြန်စမ်းပေးသည့်အခါ ပြန်တည့်ပြီး သုံး၍ရသည်များလည်းရှိတတ်ပါသည်။ ထို့ကြောင့်လည်း ကျွမ်းကျင်သော သမားတော်ကြီးများအနေဖြင့် Septrinမတည့်သော လူနာများကို ထိုသို့ပြန်တည့်မတည့်စမ်းပေးရသည်အထိ ကောင်းသောဆေးဖြစ်ပါသည်။

    ထို့ကြောင့်လည်း HIV လူနာများအနေဖြင့်ပိုးထိန်ဆေးအပြင်Septrin ဆေးကိုပါဆရာဝန်ညွှန်ကြားချက်နှင့်အညီစနစ်တကျ သောက်သုံးကြစေချင်ပါသည်။

    အချုပ်အားဖြင့်ဆိုရလျှင်HIV ပိုးကူးစက်ခံရနိုင်သော နည်းလမ်းများကိုသိရှိနားလည်ပြီး ပိုမိုသတိထား ဆင်ခြင်နိုင်ကြစေရန် နှင့် ရောဂါပိုးကူးစက်ခံရပါကလည်း ဆရာဝန်နှင့်တိုင်ပင်ပြီးစနစ်တကျကုသမှုခံယူကြပါရန် တိုက်တွန်းရေးသားလိုက်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Poe Ei Win မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement