backup og meta

မက်သ်အမ်ဖက်တမင်းဆိုတာ ဘာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မက်သ်အမ်ဖက်တမင်းဆိုတာ ဘာလဲ

    မက်သ်အမ်ဖက်တမင်းကို meth၊ crystal၊ chalk၊ ice စတဲ့ နာမည်အမျိုးမျိုးနဲ့ လူသိများပြီး ကိုယ်အလေးချိန်လျော့ချဖို့ ကုထုံးတစ်ရပ်အနေနဲ့ အသုံးပြုကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းကို အချိန်ကြာကြာ အသုံးပြုလေလေ၊ အလွဲသုံးစားပြုနိုင်ချေ များလေလေ ဖြစ်ပြီး မှားယွင်းစွာ အသုံးပြုမိမယ်ဆိုရင် ပြင်းထန်တဲ့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်တဲ့အပြင် ရုတ်တရက်သေဆုံးသည်အထိ လူကို အန္တရာယ်ပေးတတ်ပါတယ်။

    မက်သ်အမ်ဖက်တမင်းဆိုတာဘာလဲ

    အမ်ဖက်တမင်းရဲ့ ဆင့်ပွားဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ မက်သ်အမ်ဖက်တမင်းဟာ စိတ်ကိုစွဲလမ်းစေပြီး အလွဲသုံးစားပြုနိုင်ချေ အလွန်မြင့်တဲ့ စိတ်ကြွဆေးတစ်မျိုး ဖြစ်ပါတယ်။ ၎င်းဆေးဝါးကို အရသာခါးပြီး အနံ့မရှိတဲ့ အဖြူရောင်အမှုန့်အသွင်ဖြင့် ရရှိနိုင်ပါတယ်။ ဆေးဝါးကုသရာမှာ အလွန်အသုံးနည်းပြီး ဆေးစွဲသူတွေ အလွဲသုံးစားပြုနေကျ ပမာဏထက် အဆပေါင်းများစွာနည်းတဲ့ ပမာဏကိုသာ အသုံးပြုတာ ဖြစ်ပါတယ်။ ADHD ခေါ် လှုပ်ရှားလွန်းပြီးဂနာမငြိမ်တဲ့ စိတ်ကျန်းမာရေးပြဿနာနဲ့ အချို့သောအခြေအနေတွေကို ကုသရာမှာ မက်သ်အမ်ဖက်တမင်းကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

    မက်သ်အမ်ဖက်တမင်းကို ဘယ်လိုအသုံးပြုကြသလဲ

    မက်သ်အမ်ဖက်တမင်းကို ပါးစပ်မှသောက်ခြင်း၊ မီးရှို့ပြီးရှူရှိုက်ခြင်း၊ နှာခေါင်းထဲထည့်ခြင်း၊ ရေ သို့မဟုတ် အရက်နှင့်ဖျော်ပြီး အကြောထဲ ကြိမ်ဖန်များစွာထိုးသွင်းခြင်း စတဲ့ နည်းလမ်းမျိုးစုံနဲ့ အသုံးပြုကြပါတယ်။ မက်သ်ဟာ ရှူပြီး ထိုးပြီးတာနဲ့ ဦးနှောက်ဆီ လျင်လျင်မြန်မြန်ရောက်ရှိသွားပြီး မျောလွင့်သာယာတဲ့ ခံစားချက်တစ်ခုကို ချက်ချင်းလက်ငင်း ရရှိမှာ ဖြစ်ပါတယ်။

    မက်သ်အမ်ဖက်တမင်းရဲ့ အကျိုးအာနိသင်က ဘာတွေလဲ

    မက်သ်အမ်ဖက်တမင်းဟာ ၎င်းရဲ့အကျိုးအာနိသင်ကို ဦးနှောက်မှာ အများဆုံးသက်ရောက်စေပြီး neurotransmitter ထုတ်လွှင့်မှုကို မြင့်တက်စေပါတယ်။ ဦးနှောက်တွင်း dopamine ပမာဏကို များပြားစေပြီး နောက်ဆက်တွဲရလဒ်အနေနဲ့ စိတ်ကျေနပ်မှု၊ စေ့ဆော်မှု၊ ပျော်ရွှင်မှုနဲ့ လှုပ်ရှားမှုတို့ကို လှုံ့ဆော်ပေးပါတယ်။ မက်သ်အသုံးပြုသူတွေ တောင့်တကြတဲ့ မျောလွင့်သာယာတဲ့ ခံစားမှုဟာ ဦးနှောက်တွင်း dopamine ပမာဏမြင့်တက်မှုရဲ့ ရလဒ်ဖြစ်ပါတယ်။ မက်သ်ကို တောက်လျှောက်အသုံးပြုခြင်းဟာ ဆေးစွဲနိုင်ချေကို အလွန်မြင့်စေပြီး ကာယကံရှင်အနေနဲ့ ဆေးရှာဖွေသုံးစွဲတဲ့ အပြုအမူတွေကို ကာလရှည်ကြာ မဖျောက်ဖျက်နိုင်ဘဲ ထပ်တလဲလဲ ပြုလုပ်မိနေမှာ ဖြစ်ပါတယ်။

    မက်သ်အမ်ဖက်တမင်းမှာ အခြားစိတ်ကြွဆေးတွေဖြစ်တဲ့ အမ်ဖက်တမင်း၊ ကိုကင်းတို့နဲ့ အလားတူ အကျိုးအာနိသင်တွေလည်း ရှိပါသေးတယ်။

    နိုးကြားထကြွနေခြင်း၊ ခန္ဓါကိုယ်လှုပ်ရှားမှု ပိုများလာခြင်း၊ အစာစားချင်စိတ် လျော့နည်းခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ သွေးဖိအားများခြင်း၊ ကိုယ်အပူချိန်တက်ခြင်း စတာတွေဟာ မက်သ်အမ်ဖက်တမင်း သုံးစွဲထားတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

    မက်သ်ကို ကာလရှည်ကြာသုံးစွဲမယ်ဆိုရင် ကိုယ်အလေးချိန် အလွန်အမင်းကျဆင်းခြင်း၊ သွားများ ဆိုးဆိုးရွားရွား ယိုယွင်းပျက်စီးခြင်း၊ ကုတ်ခြစ်ရာမှ အရေပြားအနာများဖြစ်ခြင်းတို့ အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

    ဒါ့အပြင် မသန့်ရှင်းတဲ့ ဆေးထိုးအပ်များ မျှဝေအသုံးပြုခြင်း၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း စတဲ့ အပြုအမူတွေကြောင့် အိတ်ခ်ျအိုင်ဗီ၊ အသည်းရောင် ဘီပိုး၊ စီပိုး အလွယ်တကူ ကူးစက်နိုင်သလို အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားမှုဟာလည်း ပိုပြီးမြန်ဆန်ပြင်းထန်လေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

    မက်သ်အမ်ဖက်တမင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ

    မက်သ်အမ်ဖမ်တမင်းကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    နှလုံးခုန်မြန်ခြင်း၊ တဒုန်းဒုန်းခုန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း

    ခေါင်းထဲရီတီတီဖြစ်ခြင်း၊ သတိလစ်ခြင်း၊ စိတ်အခြေအနေ ပုံမမှန်ခြင်း

    ယုံမှားသံသယဖြစ်ခြင်း၊ အမြင်အားရုံ၊ အကြားအာရုံ မှောက်မှားခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း စသည့် စိတ်ဖောက်ပြန်မှု လက္ခဏာများ၊ ခန္ဓါကိုယ်ပေါ် အင်းဆက်များ တရွရွတက်လာသလို ခံစားရခြင်း

    သွေးဖိအား အလွန်များပြီး ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ အမြင်ေဝဝါးခြင်း၊ နားထဲတစီစီမြည်ခြင်း၊ စိုးရိမ်ထိတ်လန့်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အိပ်မပျော်ခြင်း၊ တက်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း

    မက်သ်အမ်ဖက်တမင်း ဟိုက်ဒရိုကလိုရိုဒ်ကို အသုံးပြုရာမှာ ဘာတွေသတိထားသင့်သလဲ

    သင့်မှာ အောက်ပါကျန်းမာရေးပြဿနာတွေ ရှိနေမယ်ဆိုရင် မက်သ်အမ်ဖက်တမင်း အသုံးမပြုသင့်ပါဘူး။

    မျက်စိရေတိမ်

    နှလုံးသွေးကြောရောဂါများ

    နှလုံးတည်ဆောက်ပုံ ပုံမှန်မဟုတ်ခြင်း

    နှလုံးတိုက်ခိုက်ခံရဖူးခြင်း၊ လေဖြတ်ဖူးခြင်း

    အလယ်အလတ် သို့မဟုတ် ပြင်းထန်သည့် သွေးတိုးရောဂါရှိခြင်း

    သိုင်းရွိုက်ဂလင်း ပုံမှန်ထက်ပိုအလုပ်လုပ်ခြင်း

    မက်သ်အသုံးမပြုခင် သင့်ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်ပါ။

    မက်သ်အမ်ဖက်တမင်းဟာ အလွယ်တကူ စွဲလမ်းစေတတ်တဲ့ စိတ်ကြွဆေးတစ်မျိုးဖြစ်ပြီး ဗဟိုအာရုံကြောစနစ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တဲ့အတွက် ဆေးဝါးကုသရာမှာ အလွန်အသုံးနည်းပါတယ်။ မက်သ်ကို လုံးဝအသုံးမပြုဘဲ ရှောင်ကြဉ်တာက သင့်အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement