backup og meta

ရေယုန် လက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 07/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေယုန် လက္ခဏာများ

    ရေယုန် ဆိုHSVလို့ခေါ်တဲ့ Human Herpes Virusကြောင့် ဖြစ်တာပါ။ ရေယုန် လက္ခဏာများ အနေနဲ့ နှုတ်ခမ်းတဝိုက်နဲ့ လိင်အင်္ဂါမှာ အရည်ကြည်ဖုများ ပေါက်တတ်ပါတယ်။ အနာကျက်ရန် ရက်သတ္တပတ်အနည်းငယ်ကြာတတ်ပေမယ့် အမာရွတ်တော့မကျန်ခဲ့တတ်ပါဘူး။ ပိုးဝင်မှသာ အမာရွတ်ကျန်တာ ဖြစ်ပါတယ်။

    ရေယုန်တွေက အနာကိုထိတွေ့မိပါက ကူးနိုင်ပါတယ်၊ ဥပမာ-အနမ်းပေးခြင်းကဲ့သို့ဖြစ်တယ်။ ရေယုန်ဗိုင်းရပ်စ် Herpes Simplex Virus(ဟားပီးစ် ဆင်းပလတ်စ် ဗိုင်းရပ်စ်) (HDV-1) နဲ့ HSV-2 တို့ကြောင့်ဖြစ်ရခြင်းဖြစ်တယ်။ ဗိုင်းရပ်စ်နှစ်မျိုးစလုံးက ပါးစပ်နဲ့ လိင်အင်္ဂါနေရာများကို ထိခိုက်စေတတ်ပါတယ်။ HSV-2 ကတော့ များသောအားဖြင့် လိင်အင်္ဂါနေရာမှာပဲ အနာဖြစ်စေတယ်။ ခံတွင်းဖြင့် ကာမစပ်ယှက်တဲ့အခါမျိုးမှာ ကူးစက်တတ်ပါတယ်။ ဗိုင်းရပ်စ်ရှိတာနဲ့ ရေယုန်ပေါက်မယ်လို့ မဆိုလိုပါဘူး။ အနာတွေမတွေ့ရလည်း ရောဂါပိုးကူးစက်နေတာဖြစ်နိုင်ပါတယ်။

    အခုအချိန်ထိ HSV ဗိုင်းရပ်စ်အတွက် ကုသဖို့ဆေးမရှိသေးပါဘူး။ ဆိုလိုတာက လက္ခဏာတွေက အချိန်မရွေးပြန်ဖြစ်နိုင်ပါတယ်။ အတတ်နိုင်ဆုံး ကုသမှုကတော့ အနာများ အမြန်သက်သာပြီး ပြန်ဖြစ်တာကို လျှော့ချဖို့ ဗိုင်းရပ်စ်သတ်ဆေးများသာ သုံးနိုင်ပါသေးတယ်။

    ရေယုန် လက္ခဏာများ

    ရေယုန် လက္ခဏာများ ကတော့

    ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ herpes simplex gingivostomatitis(ဂျင်ဂျီဗိုစတိုမတိုင်းတစ်ဆ်) လို့ခေါ်တယ်။ ငါးနှစ်ထက်ငယ်တဲ့ကလေးတွေမှာဖြစ်နိုင်ပြီး လက္ခဏာတွေကတော့-

    • သွားဖုံးရောင်ရမ်းနာကျင်ခြင်း

    • ပါးစပ်တဝိုက်အနာငယ်များပေါက်ခြင်း

    • လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း

    • မကြာခဏသွားရည်ကျခြင်း

    • ဖျားခြင်း – ၃၈ ဒီဂရီဆဲလ်စီးယပ်စ် ဝန်းကျင်

    • ရေဓါတ်ခန်းခြောက်ခြင်း

    • ပျို့ခြင်း

    • ခေါင်းကိုက်ခြင်း တို့ဖြစ်တယ်။

    herpes simplex gingivostomatitis ဟာကလေးတွေမှာဖြစ်လေ့ရှိပေမယ့် လူကြီးတွေမှာလည်းဖြစ်နိုင်ပါတယ်။ လူကြီးတွေမှာ ၇ရက်မှ ၁၄ ရက်ခန့်ထိကြာနိုင်ပြီး၊ အနာကျက်ဖို့ သုံးပတ်လောက်ကြာကာ ပြန်တော့မဖြစ်တတ်ပါဘူး။

    ပထမဆုံးအကြိမ်လက္ခဏာတွေပြတဲ့အခါ ‘ပထမဆုံး၊ကနဦး ရောဂါပိုးဝင်ခြင်း’ လို့သတ်မှတ်တတ်ပြီး အာသီးရောင်ကာ၊ သို့မဟုတ် အာသီးရောင်ခြင်းမရှိဘဲ လည်ချောင်းနာတတ်ပါတယ်။ ပါးစပ်တဝိုက်မှာ အနာများပေါက်ပြီး ခံတွင်းနံ့ဆိုးတတ်တယ်။ အနာတွေက အလည်ဗဟိုမှာ အဝါရောင် သို့မဟုတ် မီးခိုးရောင်တွေ ဖြစ်တတ်ပါတယ်။

    HSV ဗိုင်းရပ်စ်ရှိတဲ့ ကလေးတွေဟာ နောက်ပိုင်းမှ ရေယုန်တွေ ထပ်ပြီးပေါက်လာနိုင်ပါတယ်။ အခါအားလျော်စွာ ထပ်ကာထပ်ကာ ပေါက်လာနိုင်ပြီး ပထမဆုံးအကြိမ်လောက်တော့ မပြင်းထန်တော့ပါဘူး။

    HSV ဗိုင်းရပ်စ်နောက်တစ်ကြိမ်ရောဂါပြန်ဖြစ်ခြင်းတွေဟာ ပထမဆုံးအကြိမ်တွေထက်ပိုပြီး သက်သာပါတယ်။ အချိန်လည်းပိုတိုပြီး ပြင်းထန်မှုလည်း အရင်ထက်နည်းလေ့ရှိတယ်။ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း မရှိတတ်တော့ဘဲ ရေယုန်တွေ ပေါက်ရုံလောက်ပဲဖြစ်တတ်ပါတယ်။ အာသီးတော့ရောင်ကောင်းရောင်နိုင်ပါသေးတယ်။

    ရေယုန်တွေရဲ့ အချက်ပြလက္ခဏာတွေကတော့ ပါးစပ်တဝိုက်မှာ ယားယံမယ်၊ စပ်ဖျင်းဖျင်းဖြစ်ပါလိမ့်မယ်။ ပြီးတဲ့အခါ အောက်နှုတ်ခမ်းစွန်းမှာ အရည်ကြည်ဖုလေးတွေပေါက်လာပါမယ်။

    နောက်တစ်ကြိမ် ပြန်ပေါက်တဲ့ ရေယုန်တွေဟာ ပထမအကြိမ်နဲ့ နေရာတူတူပြန်ပေါက်တတ်ပါတယ်။ အရွယ်အစားကတော့ ပိုကြီးလာပြီး ပိုနေရထိုင်ရခက်စေနိုင်ပါတယ်။ အချက်ပြ လက္ခဏာစပေါ်ချိန်မှ ၄၈ နာရီအကြာလောက်မှာ အဖုတွေ ပေါက်သွားကာ အရည်တွေထွက်လာပြီး နောက်အနာကျက်သွားပါတယ်။ ကုသမှုမရှိလည်း ၇ ရက်မှ ၁၀ ရက်အတွင်း ပျောက်တတ်ပြီး အမာရွတ် မကျန်ခဲ့ပါဘူး။

    ဘာတွေကဖြစ်စေလဲ

    HSV ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်။ ဗိုင်းရပ်စ် နှစ်မျိုးရှိပါတယ်။

    HSV-1 ဗိုင်းရပ်စ်– ထိုဗိုင်းရပ်စ်က များသောအားဖြင့် နှုတ်ခမ်းတဝိုက် ရေယုန်တွေသာ ပေါက်စေပြီး

    HSV-2 ဗိုင်းရပ်စ်ကတော့ လိင်အင်္ဂါနေရာတွေမှာ အနာတွေ၊ ရေယုန်တွေဖြစ်စေလေ့ရှိပါတယ်။

    ဒါပေမယ့် နှစ်မျိုးစလုံးက နှစ်နေရာစလုံးမှာ ရေယုန် ပေါက်နိုင်စေပါတယ်။ တချို့အခါတွေမှာ ရောဂါပိုးကူးစက်ထားပေမယ့် ရေယုန်လုံးဝမပေါက်တာ၊ လက္ခဏာတွေမပြတာလည်းဖြစ်နိုင်ပါတယ်။

    အနာတွေကနေ အရည်တွေထွက်နေတဲ့အခါ ကူးစက်နိုင်နှုန်းအများဆုံးဖြစ်တယ်။ ဒါပေမယ့် လက္ခဏာမပြဘဲ ပိုးရှိနေတာလည်းဖြစ်နိုင်တာကြောင့် ရေယုန်မပေါက်လည်း ရောဂါပိုးကူးစက်နိုင်ပါတယ်။ HSV ဗိုင်းရပ်စ်နဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိတွေ့မိပါက ရောဂါကူးစက်နိုင်ပါတယ်။ စားသောက်ပစ္စည်းများအတူတူသုံးခြင်း၊ မုတ်ဆိတ်ရိတ်ဓါး တူတူသုံးခြင်း၊ နမ်းခြင်း တွေဟာ HSV-1 ဗိုင်းရပ်စ်ကူးစက်စေပြီး ခံတွင်းဖြင့်ကာမစပ်ယှက်ခြင်းက HSV-1 ကိုလိမ်အင်္ဂါဆီကူးစေပြီး HSV-2 ကိုပါးစပ်ဆီ ကူးစေနိုင်ပါတယ်။

    ရေယုန်အနာတွေ ပျောက်သွားတာဟာ ဗိုင်းရပ်စ်မရှိတော့ဘူး လို့ဆိုလိုတာမဟုတ်ပါဘူး။ ရောဂါပိုးဟာ ခန္ဓါကိုယ်ထဲမှာနေပြီး ရေယုန်တွေ ပြန်ပြန်ဖြစ်စေနိုင်ပါတယ်။

    လက္ခဏာတွေပြန်ပေါ်လာအောင် လှုံ့ဆော်နိုင်တဲ့ အရာတွေကတော့-

    • ဖျားခြင်း၊ အခြားဗိုင်းရပ်စ်ပိုးတစ်မျိုးထပ်ဝင်ခြင်း

    • ဟော်မုန်းပြောင်းလဲခြင်း (ဓမ္မတာလာချိန်ကဲ့သို့)

    • စိတ်ဖိစီးမှု

    • ပင်ပန်းနွမ်းနယ်ခြင်း

    • နေ၊ လေ ထိခြင်း

    • ကိုယ်ခံအားစနစ်ပြောင်းလဲခြင်း

    ကုသမှု

    ကံဆိုးစွာနဲ့ပဲ ရေယုန် အနာတွေကိုရော HSV ဗိုင်းရပ်စ်ကိုရော ကုသနည်းမရှိသေးပါဘူး။ ရေယုန်တွေက သူ့အလိုလိုပျောက်သွားတတ်ပြီး အမြန်ပျောက်ဖို့အတွက်တော့ ခရင်မ်တစ်မျိုးမျိုး၊ ဆေးတစ်မျိုးမျိုးသုံးပေးနိုင်ပါတယ်။

    ပထမဆုံးရောဂါပိုးဝင်ခြင်းအတွက်

    ပထမဆုံးအကြိမ် အနာတွေအတွက်ကတော့ ဗိုင်းရပ်စ်သတ်ဆေးသောက်ဆေးတချို့က နာကျင်မှုသက်သာစေနိုင်ပြီး အမြန်အနာကျက်စေနိုင်ပါလိမ့်မယ်။

    ကလေးတွေအတွက် ပထမဆုံးအကြိမ်ဖြစ်တဲ့ အနာတွေဟာ နာကျင်လွန်းတာကြောင့် စားသောက်ဖို့၊ အိပ်ဖို့ အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ကလေးကိုရေသောက်ဖို့၊ အရည်တွေသောက်ဖို့ အားပေးခြင်းဖြင့် ရေဓါတ် မဆုံးရှုံးအောင် ကာကွယ်ရပါမယ်။

    လူကြီးတွေနဲ့ ကလေးကြီးတွေအတွက်တော့ အနာသက်သာစေဖို့ ပါးစပ်ဆေးရည်တစ်မျိုးသုံးစွဲနိုင်ပါတယ်။

    ပြန်ဖြစ်သောအနာတွေအတွက်

    နောက်တစ်ကြိမ်ပြန်ဖြစ်တဲ့အခါ ဒီအချက်တွေနဲ့ နေရာသက်သာစေနိုင်ပါတယ်-

    ခရင် လိမ်းဆေးတွေဟာ နာကျင်မှု၊ ယားယံမှုကိုသက်သာစေနိုင်ပြီး အနာကျက်မြန်စေပါလိမ့်မယ်။

    ဗိုင်းရပ်စ်သတ်ဆေးသောက်ဆေးတွေဟာလည်း ပထမဆုံးလက္ခဏာတွေ (ယားယံခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်း) တွေဖြစ်စဉ် သောက်ထားနိုင်ပါတယ်။ အနာပေါက်ချိန်မှသောက်ရင် အာနိသင်သိပ်မရှိတတ်ပါဘူး။

    မကြာခဏ အနာတွေ ပြန်ပေါက်တတ်သူတွေအတွက် နေ့စဉ်ဗိုင်းရပ်စ်သတ်ဆေး မှီဝဲခြင်းဖြင့် ပြန်ဖြစ်နှုန်းကို လျှော့ချနိုင်ပါလိမ့်မယ်။

    ကိုယ်ခံအား နည်းသူတွေ အတွက်ကတော့ ရေယုန် ပြန်မပေါက်အောင် ကာကွယ်နိုင်ဖို့အတွက် ကိုယ်ခံအားကောင်းအောင် နေပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 07/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement