backup og meta

နမ်းရုံနဲ့ အလွယ်တကူ ကူးစက်နိုင်တဲ့ ရေယုန်ဗိုင်းရပ်စ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နမ်းရုံနဲ့ အလွယ်တကူ ကူးစက်နိုင်တဲ့ ရေယုန်ဗိုင်းရပ်စ်

    များသောအားဖြင့် ရေယုန်ဆိုတာ လိင်အင်္ဂါတစ်ဝိုက်မှာ ပေါက်တတ်ပြီး ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗိုင်းရပ်စ်ပိုးတွေဟာ လိင်အင်္ဂါမှာသာမက တခြားအရေပြားပေါ်မှာလည်း ကူးစက်နိုင်ပါတယ်။ HIV နဲ့ မတူဘဲ တံတွေးကတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် ရေယုန်ပေါက်နေတဲ့ သူနဲ့ နမ်းမိတာ၊ လိင်အင်္ဂါကို ပါးစပ်နဲ့ နှိုးဆွပေးတဲ့အခါ ရေယုန်ဗိုင်းရပ်စ်က တံတွေးကနေ ကိုယ်ထဲကိုကူးစက်ပြီး နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်လာစေပါတယ်။ အခုတစ်ခေါက်တော့ နမ်းရုံနဲ့ အလွယ်တကူ ကူးစက်နိုင်တဲ့ ရေယုန်ဗိုင်းရပ်စ် အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    နမ်းရုံနဲ့ အလွယ်တကူ ကူးစက်နိုင်တဲ့ ရေယုန်ဗိုင်းရပ်စ်

    ရေယုန်ဗိုင်းရပ်စ်လို့ ပြောရင် လိင်အင်္ဂါမှာ ရေယုန်ဖြစ်စေတဲ့ HSV 2ဗိုင်းရပ်စ်ရယ်၊ နှုတ်ခမ်းတစ်ဝိုက်မှာ ဖြစ်စေတဲ့ HSV 1ဗိုင်းရပ်စ်ရယ်ဆိုပြီး ၂မျိုး ရှိပါတယ်။ နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ဖြစ်တယ်ဆိုရင် ရောဂါပိုးရှိသူရဲ့ လိင်အင်္ဂါကို ပါးစပ်နဲ့ နှိုးဆွပေးတာကြောင့်လည်း ဖြစ်နိုင်သလို လိင်ဆက်ဆံတာကြောင့် မဟုတ်ဘဲလည်း ဖြစ်နိုင်ပါတယ်။

    ဥပမာ သူများရဲ့ နှုတ်ခမ်းမှာ ရေယုန်ရှိနေမယ်။ ကိုယ်က မသိဘဲ နမ်းတာ၊ မုန့်တစ်ခုတည်းကို မျှစားတာ၊ ပိုက်၊ ဇွန်းစတာတွေကို အတူသုံးစွဲမိရင်လည်း ကူးစက်နိုင်ပါတယ်။ ဒီလိုမျိုး သူများနှုတ်ခမ်းက ရေယုန် ‌ကိုယ့်နှုတ်ခမ်းဆီ ကူးစက်လာတာက HSV 1 ‌ဗိုင်းရပ်စ်ကြောင့်ပါ။

    ဆိုလိုတာက နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်တိုင်း လိင်ကတဆင့် ကူးတာ မဟုတ်ပါဘူး။ အထက်ပါနည်းလမ်းတွေနဲ့လည်း ကူးစက်နိုင်တယ်ဆိုတာ သိထားစေချင်ပါတယ်။

    ပိုးဝင်ကာစမှာ ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ။

    အအေးမိလက္ခဏာတွေ ဖြစ်တဲ့ အဖျားတက်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ နှာစေးနှာပိတ်တာ၊ ချောင်းဆိုးတာအပြင်၊ လည်ချောင်းထဲမှာရှိတဲ့ အကျိတ်တွေ ရောင်တာအစရှိတဲ့ လက္ခဏာတွေကို စတင်တွေ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ရေယုန်လက္ခဏာတွေဖြစ်တဲ့ အရည်ကြည်ဖုတွေ ပေါက်လာမယ်။ ပေါက်သွားတဲ့အခါ အရမ်းစပ်ပြီး အနာအဖြစ်ကျန်ခဲ့မှာပါ။

    အရည်ကြည်ဖု၊ အနာတွေကို နှုတ်ခမ်းနဲ့ ပါးစပ်ပတ်လည်မှာ တွေ့ရတတ်ပြီး ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ အသားထဲက စူးနေသလို ခံစားရနိုင်ပါတယ်။

    လက္ခဏာတွေဟာ ဘယ်လောက်ကြာမှ ပျောက်မှာလဲ။

    အအေးမိလက္ခဏာ အများစုကတော့ တစ်ပတ်လောက်ဆိုရင် ပျောက်သွားတတ်ပြီး အရည်ကြည်ဖုကနေ ဖြစ်လာတဲ့ အနာတွေပျောက်ဖို့ကတော့ ၁ပတ်ကနေ ၂ပတ်လောက်ထိ ကြာနိုင်ပါတယ်။ နာကျင်ကိုက်ခဲမှု သက်သာစေဖို့ လိမ်းဆေးလိမ်းပေးလို့ ရပါတယ်။

    လက္ခဏာအားလုံး ပျောက်သွားတဲ့တိုင်အောင် ရေယုန်လက္ခဏာက ကိုယ်ခန္ဓာထဲမှာ ရှိနေမှာဖြစ်ပြီး အခြေအနေပေးရင် (ဥပမာ ခုခံအားကျရင်) လက္ခဏာတွေ ထပ်ပြီးတော့လည်း ဖြစ်လာနိုင်ပါတယ်။ ထပ်ဖြစ်တဲ့ လက္ခဏာတွေကတော့ ပထမဆုံးအကြိမ်လောက် နာကျင်မှုဖြစ်စေမှာ မဟုတ်ပါဘူး။

    HSV ဗိုင်းရပ်စ်ပိုးကို ဘယ်လိုစစ်ဆေးမလဲ။

    HSV1ကြောင့် နှုတ်ခမ်းမှာပဲ  ရိုးရိုးရေယုန်ပေါက်တာဆိုရင်တော့ သီးသန့်ကြီး စစ်စရာ မလိုပါဘူး။ တကယ်လို့ HIVပါ တွဲရှိနိုင်တယ်လို့ ယူဆရင်တော့ ဆေးသေချာစစ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအခါကျရင်လည်း ရေယုန်ကို စစ်တာ မဟုတ်ဘဲ HIVကို စစ်တာ ဖြစ်ပါတယ်။

    တကယ်လို့ လိင်အင်္ဂါမှာ ရေယုန်ရှိတယ်ဆိုရင်တော့ ကိုယ့်ရော၊ ကိုယ့်အဖော်မှာပါ တခြား လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမရှိဆိုတာ ဆက်စစ်ဖို့ လိုနိုင်ပါတယ်။

    ရေယုန်အနာအတွက် ဘယ်လိုဆေးဝါးတွေ အသုံးပြုသင့်လဲ။

    Acyclovir, Famciclovir, Valacyclovir ပါဝင်တဲ့ ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေဟာ ရေယုန်ကြောင့် ဖြစ်တဲ့အနာအတွက် အကောင်းဆုံးပါပဲ။ ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်ဝယ်တာထက် ဆရာဝန်နဲ့ အရင်ဆုံးပြပြီး တိုင်ပင်ကြည့်တာ ပိုကောင်းပါတယ်။

    ဒီဆေးတွေဟာ ရောဂါလက္ခဏာကို အမြန်ဆုံး သက်သာစေဖို့ ကူညီပေးနိုင်တာဖြစ်ပြီး ကိုယ်ထဲမှာရှိနေတဲ့ ဗိုင်းရပ်စ်ပိုးကိုတော့ သေစေနိုင်ခြင်း မရှိပါဘူး။

    အကောင်းဆုံးကတော့ သူစိမ်းတွေနဲ့ လိင်ဆက်ဆံတဲ့အခါ အကာအကွယ် (ကွန်ဒုံး) အသုံးပြုဖို့ လိုပါတယ်။ တစ်ခုသိထားရမှာက ကွန်ဒုံးက လိင်တံကိုပဲ စွပ်တာ ဖြစ်တဲ့အတွက် တခြားနေရာမှာ ရေယုန်ပေါက်နေရင် ကူးတာကို တားနိုင်မှာ မဟုတ်ပါဘူး။ ဥပမာ ပေါင်ခြံ၊ စအိုမှာ ရေယုန်ရှိနေရင် ကူးသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ ဒါမှမဟုတ် ကိုယ့်အဖော်မှာ ရေယုန်ရှိ‌နေရင် မပျောက်မချင်း အတူနေတာကို ရှောင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement