backup og meta

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

    အမျိုးသားတိုင်းမှာ စွမ်းဆောင်ရည်ပြည့်ဝပြီး အရွယ်အစားလည်း မသေးငယ်လှတဲ့ လိင်အင်္ဂါမျိုးကို ပိုင်ဆိုင်လိုကြတဲ့ ဆန္ဒအာသီသ ရှိတတ်ကြပါတယ်။ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းတာ စွဲမက်ဖွယ်လို့ သူတို့ဟာ သူတို့ ထင်မြင်ယူဆကြတဲ့ ကျားအင်္ဂါမျိုးကို ပိုင်ဆိုင်ထားတာမျိုးကို သိပ်ကို ဂုဏ်ယူတတ်ကြသူတွေဆိုပါတော့။

    ဒီတော့ သူတို့ရဲ့ ဖွားဘက်တော်လေးကို ရှိနေတဲ့အခြေအနေထက် ပိုပြီးကြီးထွားအောင် အချိန်ကြာကြာစွမ်းဆောင်နိုင်စေအောင် ကူညီပေးနိုင်မယ့် နည်းလမ်းမျိုးတွေဆိုရင် အမြဲစိတ်ဝင်စားတတ်ကြပါတယ်။ ဒီလိုဖြစ်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ ဆေးဝါးတွေ ဓာတ်စာတွေ ဆေးမြီးတိုတွေကလည်း ဒီခေတ်မှာ ပေါ်ပေါက်လာကြတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ သမိုင်းဦးခေတ်တွေကတည်းက ဒီလို နည်းလမ်းတွေ ရှိခဲ့ကြတာပါ။

    ဒီကနေ့ခေတ် ခေတ်မီဆေးဝါးတွေ ပေါ်ထွက်လာတဲ့ ခေတ်မှာလည်း အမျိုးသားအင်္ဂါကြီးဆေးတွေ ကြာဆေးတွေက အမျိုးမျိုး ပေါ်ထွက်လာနေဆဲပါပဲ။ ရောင်းအားတွေလည်း ကောင်းနေဆဲပါပဲ။

    နည်းလမ်းပေါင်းမြောက်များစွာထဲမှာ ဒီဘက်ပိုင်းနှစ်အနည်းငယ်အတွင်းမှာ လူသိများလာပြီး အသုံးလည်းများလာတာက P-Shot လို့ခေါ်တဲ့ ဆေးထိုးတဲ့ နည်းလမ်းဖြစ်ပါတယ်။ P-Shot ဆိုတာက ကိုယ့်ရဲ့ သွေးတွင်းက platelet-rich plasma (PRP) ကိုရယူပြီး လိင်အင်္ဂါဆီ ထိုးသွင်းတာဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အမျိုးသားတွေရဲ့ လိင်အင်္ဂါပိုမိုဖွံ့ထွားစေနိုင်ပြီး စွမ်းဆောင်ရည်လည်း မြင့်တက်စေတယ်လို့ ဆိုပါတယ်။

    P-Shot ကုထုံး ဆိုတာ ဘာလဲ

    P-Shot ကုထုံး တွေဟာ နိုင်ငံတကာမှာတော့ အရမ်းကို ခေတ်စားနေတဲ့ ကုထုံးတစ်မျိုးပါ။ ဆီလီကွန်တွေ ဟော်မုန်းဆေးတွေထိုးပေးတာမျိုးတော့ မဟုတ်ပါဘူး။

    လူနာရဲ့ သွေးကိုထုတ်ယူပေါင်းခံပြီး သွေးရည်ကြည်ထုတ်ယူကာ Stem Cell နဲ့ ပေါင်းစပ်ပြီး ထိုးနှံပေးတာဖြစ်ပါတယ်။ အကျိုးကျေးဇူးအနေနဲ့တော့

    • လိင်အင်္ဂါ တုတ်ခိုင်ကြီးထွားပြီး ရှည်လာမယ်
    • လိင်ဆက်ဆံတဲ့အခါ တောင်မတ်နိုင်တဲ့စွမ်း မြင့်မားလာမယ်
    • လိင်အင်္ဂါမှာ သွေးလည်ပတ်မှုအား ပိုကောင်းလာတာကြောင့် လိင်ဆက်ဆံတဲ့အခါ ခံစားမှုအား အရမ်းကောင်းလာမယ်
    • ပန်းသေပန်းညှိုးဖြစ်နေမယ်ဆိုရင် ပြန်လည်သန်စွမ်းလာစေနိုင်မယ်
    • Lichen sclerosus၊ Peyronie’s disease တွေလိုမျိုး လိင်အင်္ဂါနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို ကုစားပေးနိုင်တယ်
    • Rejuvenation Effect ပါပါတဲ့အတွက် လိင်အင်္ဂါအရောင်အဆင်း ကြည့်ကောင်းလာစေမယ် လို့ ဆိုပါတယ်။

    ဒါတွေကတော့ P-Shot ကုထုံး ရဲ့ ကောင်းကျိုးတွေဆိုပါတော့။ အဓိက အကျိုးကျေးဇူးက ကြီးထွားပြီး တောင်မတ်နိုင်စွမ်း အားကောင်းလာတာလို့ ပညာရှင်တွေကတော့ ဆိုထားပါတယ်။

    ဆေးထိုးတာက မြန်သလို ချက်ချင်းသာမန်လူလိုနေထိုင်သွားလာလို့ ရတယ်ဆိုတာပါပဲ။ ဆေးထိုးကြရာမှာလည်း အပ်သေးသေးနဲ့ထိုးတာမို့ သိသိသာသာနာကျင်တာမျိုး ဖြစ်တာနည်းပါတယ်။

    ကနဦး ရလဒ်ကို ၂၄ နာရီတွင်း မြင်နိုင်သလို ၃ ကြိမ်ကနေ ၆ ကြိမ်လောက်အထိ ထိုးနှံပြီးချိန်မှာတော့ သိသာထင်ရှားတဲ့ရလဒ်တွေ ရလာမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။ ၁ လ ဒါမှမဟုတ် ၂ လ ဝန်းကျင်အကြာမှာ အကောင်းဆုံး အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်လာမှာပါတဲ့။

    P-Shot ကုထုံး မှာ ဘေးထွက်ဆိုးကျိုးရှိသလား

    P-Shot ဟာ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ ဆိုကြပေမယ့် တကယ်တမ်းတော့ ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိတာထက် နည်းပါးတာသာဖြစ်ပါတယ်။ P-Shot Treatment ခံယူကြသူတွေမှာ အနည်းအကျဉ်းအားဖြင့် ဘေးထွက်ဆိုးကျိုး ခံစားကြရတာမျိုး ကြုံရတတ်ပါတယ်။ လူတိုင်းမဟုတ်ပေမယ့် တချို့တွေမှာ ခံစားကြရတာပါ။

    Treatment ယူပြီး ၄ ရက်နဲ့ ၆ ရက်ဝန်းကျင်လောက်အထိ ဘေးထွက်ဆိုးကျိုးတချို့ကို ခံစားရတတ်ပါတယ်။ အများဆုံးဖြစ်တာကတော့

  • လိင်အင်္ဂါမှာ အနီစက်တွေ၊ အနီကွက်တွေ ထွက်လာတာ၊
  • ဆေးထိုးထားတဲ့နေရာမှာ အညိုအမည်းတွေစွဲလာတာ၊
  • ဖွားဘက်တော် ဖောရောင်တာ၊
  • ပိုးဝင်တာ၊
  • အမာရွတ်ကြီး ကျန်ခဲ့တာ၊
  • ရေယုန်ရောဂါပိုး (Herpes simplex virus) ရှိရင် သို့ ရေယုန်ပေါက်ဖူးရင် ပိုဆိုးစေတာတွေပါပဲ။
  • P-Shot Treatment ယူသင့်/မယူသင့်

    P-Shot Treatment ယူမယ်ဆိုရင် စဉ်းစားသင့်တာတွေ ရှိပါတယ်။ အထက်မှာပြောခဲ့သလို ရေယုန်ပေါက်ဖူးတယ်ဆိုရင် သတိထားဖို့ လိုတယ်ဆိုတာမျိုးပေါ့။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးမှုကို တိတိကျကျလုပ်ဖို့လည်း လိုအပ်ပါတယ်။ သွေး၊ ပလက်စမာနဲ့ Platelets တို့ကို အဓိက စစ်ဆေးရမှာပါ။

    အဓိကအားဖြင့် ဆရာဝန်တွေက ညွှန်ကြားတာကတော့ P-Shot မထိုးခင် ဆန်းစစ်ရမှာက ကိုယ်တိုင်သာမက ကိုယ်ဆေးထိုးမယ့် ဆေးခန်း၊ လုပ်ငန်းဌာနရဲ့ စိတ်ချရမှုပါတဲ့။ စိတ်ချရမှုမရှိရင် ကိုယ့်အတွက် အန္တရာယ်အလွန်များပါတယ်တဲ့။ ဘာကြောင့်လဲဆိုရင်တော့ စနစ်တကျမလုပ်ဆောင်ရင် ပိုးကူးစက်မှုတွေ အများဆုံးဖြစ်တတ်လို့ပါပဲ။

    P-Shot နဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိုင်းအဝိုင်းက ထောက်ပြနေတာက ပိုပြီးတိကျခိုင်မာတဲ့ အထောက်အထားတွေ လိုအပ်နေသေးတယ်ဆိုတဲ့ အချက်ပါ။

    ဒါနဲ့ပတ်သတ်လို့ သုတေသနတွေလည်း တော်တော်နည်းပါးနေပါသေးတယ်။

    စိတ်ဝင်စားမှုရှိတယ်ဆိုရင် စမ်းသပ်နိုင်ပေမယ့် ကျွမ်းကျင်သူတွေနဲ့ ကနဦးတိုင်ပင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် သီးခြားလွတ်လပ်ပြီး ကိုယ်ဆေးထိုးမယ့် နေရာကမဟုတ်တဲ့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

    နောက်တစ်ချက်ကတော့ လိင်အင်္ဂါတောင်မတ်မှုနဲ့ လိင်စိတ်ခံစားချက်ဟာ ဟော်မုန်း၊ သွေးစီးဆင်းမှု၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ၊ စိတ်ကျန်းမာရေးနဲ့ စိတ်ခံစားချက်တွေနဲ့ တိုက်ရိုက်ပတ်သက်နေတတ်တာဖြစ်တာမို့ မလိုအပ်ဘဲ ထိုးနှံတာမျိုးမဖြစ်စေဖို့ ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ့်မှာ လိင်အင်္ဂါမထောင်မတ်နိုင်တဲ့ရောဂါတစ်ခုခုရှိနေမယ်ဆိုရင် P-shot ထိုးလိုက်လည်း သိပ်တော့ ထူးခြားလှမှာ မဟုတ်ပါဘူး။

    တကယ်လို့ P-Shot ထိုးပြီးတာတောင်မှာ သင့်မှာ ဘာအကျိုးရလဒ်မှမပြဘူးဆိုရင်တော့ လိင်ဆေးပညာကျွမ်းကျင်သူတွေ၊ စိတ်ပညာရှင်တွေနဲ့ တိုင်ပင်နှီးနှောဖို့ မဖြစ်မနေလိုအပ်နေပြီဆိုတာကိုလည်း သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement