backup og meta

အရေးပေါ်သန္ဓေတားဆေးကို သောက်ပါများရင် ဘေးကင်းပါ့မလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 30/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေးပေါ်သန္ဓေတားဆေးကို သောက်ပါများရင် ဘေးကင်းပါ့မလား

    အရေးပေါ်သန္ဓေတားဆေးကို သောက်ပါများရင် ဘေးကင်းပါ့မလား ………  အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ ကိုယ်ဝန်မရစေဖို့ အရေးပေါ်သုံးစွဲကြတဲ့ သားဆက်ခြားသောက်ဆေးဖြစ်ပါတယ်။ သုံးစွဲရလွယ်ကူတဲ့အတွက် ပုံမှန်သားဆက်ခြားဆေးတွေ၊ နည်းလမ်းတွေကို မသုံးတော့ဘဲ ဒီဆေးကိုပဲ လိင်ဆက်ဆံပြီးတိုင်းသောက်နေကြသူတွေရှိလာပါတယ်။

    အရေးပေါ်တားဆေးကို ဘယ်အချိန်မှာ သောက်သင့်သလဲ။

    အရေးပေါ်သန္ဓေတားဆေးတွေကို လိင်ဆက်ဆံပြီးနောက် အခြေအနေအမျိုးမျိုးမှာ အသုံးပြုကြပါတယ် –

    • သန္ဓေတားဆေး မသုံးထားခြင်း၊
    • လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊
    • ပုံမှန်သားဆက်ခြားနည်းလမ်းတွေမှာ အမှားအယွင်း သို့မဟုတ် ချွတ်ယွင်းမှု ရှိခြင်း (ဥပမာ ဆေးသောက်ဖို့ မေ့သွားတာ)၊
    • ကွန်ဒုံးပေါက်ပြဲခြင်း၊ ချော်ထွက်ခြင်း၊ အသုံးပြုပုံ မမှန်ကန်ခြင်း၊
    • သန္ဓေတား သောက်ဆေးတွေကို သောက်သုံးဖို့ ရက်ကျော်ခြင်း၊
    • သားအိမ်ဝ အဖုံး(diaphragm) သို့မဟုတ် သားအိမ်ဝအပိတ် (cervical cap) အနေအထားမမှန်ခြင်း၊ ပျက်စီးခြင်း၊ ပေါက်ပြဲခြင်း၊ ထွက်ကျခြင်း
    • ရက်တွက် သန္ဓေတားနည်းမှာ ရက်အတွက် မှားခြင်း၊
    • တားဆေးထိုးဖို့ ရက်ကျော်သွားခြင်း စတဲ့ အခြေအနေတွေမှာ အရေးပေါ် သန္ဓေတားနည်းတွေကို သုံးကြပါတယ်။

    အရေးပေါ်သန္ဓေတားဆေးကို သောက်ပါများရင် ဘေးကင်းပါ့မလား

    အရေးပေါ်သန္ဓေတားဆေးကို သောက်ပါများရင် ဘေးကင်းပါ့မလားဆိုတော့ သုံးစွဲရ လွယ်ကူတဲ့အတွက် ဒီဆေးကိုပဲ လိင်ဆက်ဆံပြီးတိုင်း သောက်နေကြပါတယ်။ အရေးပေါ် သားဆက်ခြား သောက်ဆေး အများစုက ပရိုဂျက်စတင် ဟော်မုန်းပဲ ပါတဲ့ levonorgestrel သောက်ဆေးတွေ ဖြစ်ပါတယ်။ ဒီဆေးကို အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး သို့မဟုတ် သန္ဓေတားဆေး သောက်ဖို့၊ ထိုးဖို့ ပျက်ကွက်ခဲ့တဲ့အခါ ၃ ရက်(၇၂ နာရီ) အတွင်း သောက်သုံးရင် ကိုယ်ဝန် ရရှိဖို့ကို ၈၉ (၈၇-၈၈) ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ ၅ရက် (နာရီ ၁၂၀) အထိလည်း သောက်လို့ ရပါတယ်။ စောစော သောက်တာကတော့ အာနိသင် အကောင်းဆုံးပေါ့။

    သူက မျိုးဥအိမ် ကနေ မျိုးဥ ထွက်ရှိမှုကို တားဆီးပေးပြီး ကိုယ်ဝန်မရအောင်ကာကွယ်ပေးပါတယ်။ အရေးပေါ် သားဆက်ခြားဆေး ဆိုတာ တစ်ကြိမ်သုံးဖို့သာ ရည်ရွယ် ထုတ်လုပ်တာ ဖြစ်ပေမယ့် တစ်လအတွင်း တစ်ကြိမ်ထက် ကျော်ပြီး သောက်ရင်လည်း ကျန်းမာရေး အန္တရာယ်တွေမဖြစ်စေနိုင်ပါဘူး။ အများထင်သလို ကင်ဆာဖြစ်စေတာတို့၊ နောက်ပိုင်းမှာ ကလေး မရတာတွေ ဖြစ်စေတယ်ဆိုတာ မဟုတ်ပါဘူး။

    အရေးပေါ် သားဆက်ခြားဆေးတွေက ပိုသောက်မိလို့ အန္တရာယ် မရှိစေနိုင်ဘူး ဆိုပေမယ့် ရာသီစက်ဝန်းမမှန်တာ၊ မအီမသာဖြစ်တာ၊ ရင်သား တင်းတာတို့လို ခဏတာသာဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်း၊ ခေါင်းမူးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။ ရာသီလာပြီး မကြာခင် မထင်မှတ်ဘဲ နောက်တစ်ကြိမ် ရာသီသွေးဆင်းတာ၊ နောက်တစ်လ ရာသီလာတဲ့အခါ စောနေတာ၊ နောက်ကျတာတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေ အကုန်လုံးက သန္ဓေတားဆေးတွေရဲ့ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လို့ စိုးရိမ်စရာ မရှိပါဘူး။

    ဒါပေမယ့် အရေးပေါ် အနေနဲ့သာ ဒီဆေးကို သုံးဖို့ ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်လို့ ပုံမှန် သားဆက်ခြားနည်း အဖြစ်နဲ့ သုံးဖို့ မသင့်တော်ပါဘူး။ သေချာ သားဆက်ခြားချင်တယ် ဆိုရင် သူ့ထက်ပိုပြီး အာနိသင် ကောင်းပြီး စျေးသက်သာတဲ့ တခြား သားဆက်ခြားနည်းလမ်းတွေကို အသုံးပြုသင့် ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 30/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement