(၁) Polycystic Ovary Syndrome(မျိုးဥအိမ်အတွင်းအရည်အိတ်တည်ခြင်း )ဟာ ဓမ္မတာမမှန်ခြင်း၊ဝက်ခြံထွက်ခြင်းနဲ့ အမွေးအမျှင်တွေပိုထွက်လာခြင်းတို့ကိုဖြစ်စေတဲ့ဟော်မုန်းမညီမျှမှုဖြစ်ပါတယ်။ ရာသီလာချိန်မမှန်တဲ့မိန်းကလေးတွေ(အရမ်းနည်းတာ၊ လုံးဝမလာတာ)အတွက် ရာသီမှန်စေဖို့ ဟော်မုန်းပမာဏကို လျော့နည်းအောင် သန္ဓေတားဆေးတွေက စွမ်းဆောင်ပေးပါတယ်။ဟော်မုန်းတွေက ပုံမှန်ပမာဏရှိနေတယ်ဆိုရင် ဝက်ခြံနဲ့အမွေးအမျှင်ထွက်ခြင်းတို့ သက်သာသွားစေနိုင်ပါတယ်။
(၂) Endometriosis(သားအိမ်တွင်းတစ်ရှူးများသားအိမ်ပြင်ပရောက်ခြင်း) – ဒီအခြေအနေရှိနေတဲ့ အမျိုးသမီးအများစုဟာ ရာသီလာချိန်မှာ ကိုက်ခဲမှု၊ ခါးအောက်ပိုင်းကိုက်ခြင်းကိုခံစားရတတ်ပါတယ်။ Endometriosis ကိုကုသရာမှာသန္ဓေတားဆေးတွေကိုဆေးညွှန်းပေးလေ့ရှိပြီး တားဆေးက ဓမ္မတာမလာအောင်ယာယီတားဆီးပေးထားပါတယ်။Endometriosis ရှိတဲ့ မိန်းကလေးငယ်တွေဟာ ရာသီလာရင် နာကျင်ကိုက်ခဲမှုကိုခံစားရနိုင်တာကြောင့် ရာသီသွေးမဆင်းအောင်တားဆီးတာကဝေဒနာကို သက်သာစေနိုင်ပါလိမ့်မယ်။
(၃) ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraines) -သန္ဓေတားဆေးကဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့ ရာသီလာချိန်ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေနိုင်ပါတယ်။
(၄) ကိုယ်အလေးချိန်ကျဆင်းခြင်း၊စိတ်ဖိစီးခြင်း၊ကိုယ်လက်လှုပ်ရှားမှုလွန်ကဲခြင်းကြောင့် ရာသီထိန်ခြင်း (amenorrhea) –ရာသီစက်ဝန်းမှန်စေဖို့ အက်စထရိုဂျင်ပြန်ဖြည့်ပေးနိုင်မယ့် သန္ဓေတားဆေးတွေကို ဆရာဝန်က ညွှန်းပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးအတွက် အက်စထရိုဂျင်ပုံမှန်ပမာဏရှိဖို့နဲ့ သင့်တင့်တဲ့ ကိုယ်အလေးချိန်ရှိဖို့အရေးကြီးပါတယ်။ ကိုယ်အလေးချိန်ကျဆင်းမှု ဒါမှမဟုတ် စားသောက်ပုံမူမမှန်ခြင်းတို့ကြောင့် ရာသီထိန်ခဲ့ရင် ပုံမှန်ကိုယ်အလေးချိန်ပြန်ရအောင် ကုသစောင့်ရှောက်မှုခံယူတာအကောင်းဆုံးပါပဲ။
(၅) Menstrual Cramps –ရာသီလာချိန်ကိုက်ခဲမှု ပြင်းထန်တဲ့အခါ ဆေးညွှန်းမလိုတဲ့ဆေးဝါးတွေလောက်နဲ့ မသက်သာခဲ့ရင် သန္ဓေတားဆေးတွေက အထောက်အကူပေးနိုင်ပါတယ်။ တားဆေးတွေက မျိုးဥကြွေခြင်းကိုတားဆီးပေးပြီးသွေးဆင်းနည်းစေပါတယ်။dysmenorrheaလို့ခေါ်တဲ့ဒီအခြေအနေကြောင့်ဖြစ်တဲ့ နာကျင်ကိုက်ခဲမှုကို ဒီဆေးတွေကသက်သာလျော့ပါးစေပါတယ်။
(၆) ရာသီမလာခင်ခံစားရတဲ့လက္ခဏာများ(PMS)– စိတ်အပြောင်းအလဲမြန်ခြင်း၊ရင်သားနာကျင်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဗိုက်ပူလာခြင်း၊ ဝက်ခြံထွက်ခြင်းတို့လို PMS လက္ခဏာတွေက မိန်းကလေးတစ်ယောက်ရာသီမလာခင် ၂ ပတ်လောက်အလိုမှာဖြစ်လေ့ရှိပါတယ်။ မျိုးဥကြွေခြင်းကိုတားဆီးပေးပြီးဟော်မုန်းပမာဏကို ထိန်းညှိပေးဖို့သန္ဓေတားဆေးတွေကို ညွှန်းပေးကြပါတယ်။ သန္ဓေတားသောက်ဆေးတွေကို ဆက်တိုက်ပေးပြီးနောက် ဒီလက္ခဏာတွေသက်သာလာနိုင်ပါတယ်။
(၇) Primary Ovarian Insufficiency (POI) – ဓါတ်ကင်ကုထုံး၊ ဓါတုကုထုံး သို့မဟုတ် မျိုးဗီဇရောဂါတစ်ခုခုကြောင့် မျိုးဥအိမ်က အက်စထရိုဂျင်အလုံအလောက်မထုတ်ပေးနိုင်တဲ့ ဒီအခြေအနေမှာ သန္ဓေတားဆေးတွေက အကျိုးပြုပေးနိုင်ပါတယ်။ ဒီကုသမှုရဲ့ ရည်ရွယ်ချက်က ရာသီစက်ဝန်းပုံမှန်ပြန်ဖြစ်ဖို့နဲ့ အရိုးကျန်းမာရေးထိန်းသိမ်းဖို့အတွက်ဖြစ်ပါတယ်။
(၈) ရာသီသွေးဆင်းများခြင်း– ရာသီလာချိန်သွေးဆင်းတဲ့ပမာဏများနေရင်၊ ရက်ပိုကြာနေရင် သန္ဓေတားဆေးတွေက သက်သာစေနိုင်ပါတယ်။ တချို့မိန်းကလေးတွေမှာသွေးဆင်းတာအရမ်းများပြီးသွေးအားနည်းတဲ့အခြေအနေဖြစ်စေနိုင်ပါတယ်။ ဒီဆေးတွေက ရာသီသွေးဆင်းနည်းစေတာကြောင့်သွေးအားနည်းခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၉) ဝက်ခြံဖြစ်ခြင်း – ပုံမှန်ဆေးဝါးတွေနဲ့ကုသလို့မရတဲ့ ဝက်ခြံ အကြီးအသေးအားလုံးကို သန္ဓေတားဆေးတွေနဲ့ကုသနိုင်ပါတယ်။ သန္ဓေတားဆေးမှာပါတဲ့ဟော်မုန်းတွေက ဝက်ခြံဖြစ်ခြင်းကိုတားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့် အာနိသင်ထိရောက်ဖို့က လနဲ့ချီပြီး ကြာတတ်တာကြောင့် စိတ်ရှည်ဖို့တော့လိုပါတယ်။
ရောဂါအကြောင်းရင်းကြောင့် သန္ဓေတားဆေးတွေကိုသောက်နေရတယ်ဆိုရင် ဘာအကျိုးကျေးဇူးတွေရှိနိင်လဲ
သန္ဓေတားဆေးတွေကို ရောဂါကုသရေးအတွက်သောက်သုံးနေတယ်ဆိုရင်တောင် ကိုယ်ဝန်မရအောင်လည်း အကာအကွယ်ဖြစ်စေပါတယ်။ ဒါပေမယ့် တားဆေးတွေက လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ့်အဖော်မှာရောဂါရှိမရှိကို မသိတဲ့အခြေအနေဆိုရင် လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးသုံးတာကောင်းပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။