backup og meta

သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ

    အမျိုးသမီးတို့အနေနဲ့ သန္ဓေတားရာမှာ ဆေးကတ်တွေသောက်ခြင်း၊ သုံးလထိုးဆေး ထိုးခြင်း၊ သားအိမ်အတွင်း သန္ဓေတား ပစ္စည်းထည့်ခြင်း၊ လက်မောင်းတွင်းပစ္စည်းထည့်ခြင်း နဲ့ သားကြောဖြတ်ခြင်းစတဲ့ နည်းလမ်းတွေကို အသုံးပြုကြပါတယ်။ မိမိနဲ့ကိုက်ညီမယ့် သားဆက်ခြားနည်းလမ်းကို တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ကာ ရွေးချယ်သုံးကြပါတယ်။

    အထက်ပါနည်းလမ်းတွေအပြင် လူသိနည်းပြီး ဆေးဝါးအကူအညီမပါဝင်တဲ့ သဘာဝ သန္ဓေတားနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

    သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ

    သဘာဝအလျောက် သန္ဓေတားနည်းလမ်းများ အကြောင်း ထဲမှာမှ ပထမဦးစွာ ဥကြွေချိန်နဲ့ ပတ်သက်တဲ့ ရက်ရှောင်နည်းလမ်းတွေကို‌ ဖော်ပြပေးပါမယ်။

    အမျိုးသမီးတွေဟာ ရာသီသွေးမပေါ်ခင် (၇) ရက်နဲ့ ရာသီစလာချိန် ကစလို့ (၇) ရက်မှာ သန္ဓေမအောင်နိုင်ဘူးလို့ ယေဘုယျ သတ်မှတ်ပါတယ်။ ဒါက အကြမ်းသတ်မှတ်တာဖြစ်ပြီး ရာသီစက်ဝန်းအလိုက် ပြောင်းလဲနိုင်ပါတယ်။

    ၁။ ရက်ရှောင်နည်းများ

    (၁) စံရက်စွဲတွက်ချက်နည်းလမ်း

    ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုကြားမှာ ရက်ပေါင်း ၂၆ ရက် ကနေ ၃၂ ရက်အထိ ရှိတတ်တဲ့ အမျိုးသမီးတွေ ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ ရာသီသွေးပေါ်ချိန် တစ်ခုနဲ့တစ်ခု ကြားအချိန်ဟာ  ၂၆ ရက်ထက်တိုခြင်း ဒါမှမဟုတ် ၃၂ ရက်ထက်ရှည်ခြင်း ဖြစ်ပွားမှုဟာ တစ်နှစ်အတွင်း နှစ်ကြိမ်ထက် ကျော်သွားခဲ့ရင်တော့ ဒီနည်းလမ်းကို မသုံးသင့်ပါ။ နည်းလမ်းကတော့

    ရာသီစလာတဲ့ ရက်ကို ရက်နံပါတ် (၁) လို့သတ်မှတ်ပါ။ ရက်နံပါတ် (၈)ကနေ (၁၉) အထိ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကို ‌ရှောင်ကြဉ်ပါ။ ရက်နံပါတ် (၁) ကနေ (၇) အထိ ရာသီ လာနေချိန်မှာ လိင်ဆက်ဆံနိုင်သလို ရက်နံပါတ် (၂၀) ကနေစကာ နောက်တစ်ကြိမ် ရာသီသွေးပေါ်ချိန် အထိ လိင်ဆက်ဆံနိုင်ပါတယ်။

    (၂) ပြက္ခဒိန်နည်းလမ်း

    အမျိုးသမီးဟာ ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြား ရက်ပေါင်းကို (၆)လတိတိ မှတ်ထား ရပါမယ်။ ပြီးရင်တော့ အတိုဆုံးရက်ပေါင်း နဲ့ အရှည်ဆုံးရက်ပေါင်းကိုမှတ်ပါ။

    • အတိုဆုံးရက်ထဲက (၁၈)နှုတ်ပါ။ ဥပမာ ရာသီသွေးပေါ်ချိန် တစ်ခုနဲ့ တစ်ခုကြား ကြာချိန် အတိုဆုံးစက်ဝန်းဟာ (၂၇) ရက် ဆိုရင် (၂၇-၁၈=၉)
    • အရှည်ဆုံးရက်ထဲက (၁၁)နှုတ်ပါ။ ဥပမာ ရာသီသွေးပေါ်ချိန် တစ်ခုနဲ့ တစ်ခုကြား ကြာချိန် အရှည်ဆုံးစက်ဝန်းဟာ (၃၁) ရက် ဆိုရင် (၃၁-၁၁=၂၀)

    ရာသီစလာတဲ့ ရက်က ရက်နံပါတ် (၁) လို့သတ်မှတ်ပါ။ ဒါဆို ရက်နံပါတ် (၉)ကနေ (၂၀) အထိ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကို ‌ရှောင်ကြဉ်ပါ။ ဒီနည်းက ရာသီစက်ဝန်းမမှန်တဲ့ သူလည်း သုံးနိုင်ပါတယ်။ တစ်ခုရှိတာက လတိုင်းမှာ အတိုဆုံးစက်ဝန်းနဲ့ အရှည်ဆုံးစက်ဝန်းကို အမြဲမှတ်နေရပါမယ်။

    (၃) နှစ်ရက်နည်းလမ်း

    ဒီနည်းလမ်းကတော့ အဖြူဆင်းတတ်သူတွေနဲ့ မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်ရောဂါ ခံစားနေရသူတွေအတွက် အသုံးမဝင်ပါဘူး။ အမျိုးသမီးဟာ မိန်းမကိုယ်ကနေ အရည်ဆင်းလာတာကို သတိထားမိပြီ ဆိုတာနဲ့ ဉကြွေချိန်ရောက်ပြီလို့ သတ်မှတ်လိုက်ပါ။ အရည်လို့ဆိုရာမှာ မည်သည့်အရောင်၊ မည်သည့်ပုံစံမဆို (အချွဲဖြစ်စေ၊ အကြည်ဖြစ်စေ) အကျုံးဝင်ပါတယ်။ ဒီကာလကို ဥကြွေကာလလို့ သတ်မှတ်ပြီး လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။ အရည်မဆင်းတော့ဘဲ စတင် ခြောက်သွေ့သွားတဲ့ နှစ်ရက် မြောက်နေ့က စ၍ အမျိုးသားနဲ့ အတူပြန်နေလို့ရပါပြီ။

    (၄) အပူချိန်စောင့်ကြည့်နည်းလမ်း

    အဖျားရှိသူနဲ့ အခြားခန္ဓာကိုယ် အပြောင်းအလဲရှိသူတွေ သုံးလို့မရပါဘူး။ မနက် အိပ်ရာထချိန် (သို့မဟုတ်) အစားမစားခင်စတဲ့ နေ့တစ်နေ့ရဲ့တူညီတဲ့အချိန်မှာ မိမိရဲ့ ကိုယ်အပူချိန်ကို ပုံမှန်တိုင်းတာပြီး ဂရပ်တစ်ခုပြုလုပ် မှတ်သားပါ။ ဥကြွေချိန်မှာ ကိုယ်အပူချိန်ဟာ (၀.၂) ကနေ (၀.၅) ဒီဂရီဆယ်လ်စီးရပ် အထိ တက်လာတာကို တွေ့နိုင်ပါတယ်။ များသောအားဖြင့် ဂရပ်ရဲ့ အလယ်လောက်မှာ ဖြစ်တတ်ပါတယ်။ အပူချိန်တက်တဲ့နေ့ကစပြီး (၃) ရက်မြောက်နေ့အထိ လိင်ဆက်ဆံခြင်းကို ရှောင်ပြီး (၄) ရက်မြောက်နေ့ကနေ စ၍ အတူပြန်နေနိုင်ပါပြီ။

    တစ်ခုရှိတာက သုက်ကောင်က အမျိုးသမီးရဲ့ ကိုယ်ထဲမှာ ၃-၅ရက်လောက်ထိ ရှင်နိုင်ပါတယ်။ အပူချိန် မတက်ခင် ရှေ့ ၃-၅ရက်မှာ အကာအကွယ်မဲ့လိင်ဆက်ဆံထားမယ်ဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

    (၅) ဥကြွေနည်းလမ်း

    ရာသီလာရက်နောက်ဆုံးရက်နဲ့ အရည်ဆင်းတဲ့ ပထမဦးဆုံးရက်အကြားမှာ စုံတွဲတွေဟာ အကာအကွယ်မပါဘဲ ဆက်ဆံနိုင်ပါတယ်။ သို့သော် နှစ်ရက်ဆက်တိုက်တော့ မဆက်ဆံသင့်ပါ။ သုတ်ရည်ပျောက်ကွယ်ဖို့ အချိန်လိုသလို အရည်ဆင်းခြင်းကိုလည်း စောင့်ကြည့်ဖို့ရန် လိုပါတယ်။ အရည်စတင်ဆင်းလာချိန်မှစကာ ခြောက်သွေ့သွားသည်အထိ ချစ်တင်းနှောခြင်းမှ ရှောင်ပါ။

    အားနည်းချက်ကတော့ အပေါ်က နည်းလိုပါပဲ။ သားဥမကြွေခင် ရှေ့၃-၅ရက်မှာ အတူနေထားမိရင် မတော်တဆ ကိုယ်ဝန်ရသွားနိုင်ပါတယ်။

    ၂။ နို့တိုက်ခြင်းဖြင့် သဘာဝသန္ဓေတားခြင်းနည်းလမ်း

    ဒီနည်းလမ်းဟာ နို့တိုက်မိခင်တွေအတွက် အသုံးဝင်တဲ့ နည်းလမ်းတစ်ခုပါ။ အောက်ပါအချက်တွေတော့ ရှိကိုရှိရပါမယ်။

    • မီးဖွားပြီးရာသီပြန်မလာသေးသောသူ
    • ကလေးကိုနေ့ရောညပါ မိခင်နို့အပြည့်အဝတိုက်ကျွေးသောသူ
    • ကလေးအသက်ခြောက်လအောက်နို့တိုက်မိခင်

    နို့တိုက်နေစဉ်ဟော်မုန်းအပြောင်းအလဲတွေကြောင့် သန္ဓေတားနိုင်တာပါ။ နို့တိုက်မိခင်တိုင်း မရပါဘူး။ အထက်ပါအချက်တွေရှိနေမှရမှာပါ။

    ၃။ မိန်းမကိုယ်ပြင်ပ သုတ်ရည်ထုတ်လွှတ်ခြင်းနည်းလမ်း

    ပါတနာ အမျိုးသားဟာ လိင်ဆက်ဆံမှုတစ်ခုအပြီး သုတ်လွှတ်မည့်အာရုံကို ခံစားရတာနဲ့ လိင်အင်္ဂါကို မိန်းမကိုယ်ပြင်ပဆွဲထုတ်ကာ ပြင်ပမှာပဲ သုတ်လွှတ်ရပါမယ်။ လိင်မဆက်ဆံခင် လိင်အင်္ဂါကို သေချာသုတ်သင် ဆေးကြောပါ။ ယခင်သုတ်ပိုးတွေ ကျန်နေနိုင်လို့ပါ။ သုတ်လွှတ်စောသူတွေနဲ့ သုတ်လွှတ်မည့်အာရုံကို ကြိုတင်မခံစားနိုင်သူတွေမှာ ဒီနည်းလမ်းကို မသုံးသင့်ပါ။

    အားနည်းချက်က မတော်တဆ သုက်ရည်နည်းနည်းလေး ဝင်သွားရုံနဲ့ ခန့်မသင့်ရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ သုက်ရည်ကြည် precumမှာ များသောအားဖြင့် သုက်ကောင်မပါတတ်ဘူးဆိုပေမယ့် မတော်တဆ ပါလာခဲ့ရင်တော့ ကိုယ်ဝန်ရနိုင်ပါတယ်။

    သဘာဝသားဆက်ခြား နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ သို့သော် သားဆက်ခြား နည်းလမ်းတိုင်းဟာ ရာနှုန်းပြည့်စိတ်မချရပါဘူး။ ရာခိုင်နှုန်း အနည်းငယ်ကတော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်။

    ရက်‌ရှောင်နည်းအပါအဝင် မည်သည့် သားဆက်ခြားနည်းလမ်းကိုမဆို မိမိသဘောနဲ့ မိမိလုံးဝ(လုံးဝ)မသုံးပါနဲ့။ ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ပြီးမှ သုံးသင့်ပါတယ်။

    ရေးသားသူ- ‌‌‌ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement