backup og meta

ကလာမိုင်းဒီးယားရောဂါအကြောင်း သိကောင်းစရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 16/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလာမိုင်းဒီးယားရောဂါအကြောင်း သိကောင်းစရာများ

    ကလာမိုင်းဒီးယား (chlamydia) ဆိုတာ လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ပျောက်ကင်းအောင်ကုသဖို့ လွယ်ကူပေမယ့် မကုသဘဲထားမယ်ဆိုရင် ရောဂါပိုးရှိသူ အမျိုးသမီးတွေကို ကိုယ်ဝန်မရအောင် အနှောင့်အယှက်ပေးနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ကဲ ….. ကလာမိုင်းဒီးယားရောဂါအကြောင်း သိကောင်းစရာများ ကို လေ့လာကြည့်လိုက်ရအောင်နော်။

    ကလာမိုင်းဒီးယားရောဂါအကြောင်း သိကောင်းစရာများ

    ကလာမိုင်းဒီးယားရောဂါအကြောင်း သိကောင်းစရာများ ကတော့

    ကလာမိုင်းဒီးယားရောဂါဆိုတာ ဘာလဲ

    ကလာမိုင်းဒီးယားရောဂါဆိုတာ ကျားမမရွေး ဖြစ်ပွားနိုင်ပြီး လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဟာ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေပြီး နောက်ဆုံးရလဒ်အနေနဲ့ ရောဂါပိုးရှိသူ အမျိုးသမီးကို ကိုယ်ဝန်မဆောင်နိုင်တော့တဲ့အထိ ဖြစ်သွားစေပါတယ်။

    ဒါ့အပြင် ကလာမိုင်းဒီးယားရောဂါက မျိုးပွားအင်္ဂါတွေကို ထိခိုက်စေတဲ့အတွက် ကိုယ်ဝန်ရလာရင်တောင် နေရာလွဲမှားသန္ဓေတည်ခြင်းကို ဖြစ်စေနိုင်လို့ အထူးသတိထားသင့်တဲ့ ရောဂါတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

    ကလာမိုင်းဒီးယားရောဂါဟာ ဘယ်လိုကူးစက်ပျံ့နှံ့တတ်သလဲ

    • ရောဂါပိုးရှိသူနဲ့ မိန်းမကိုယ်၊ စအို၊ ပါးစပ်တို့မှာ လိင်ဆက်ဆံရာကတဆင့် ကလာမိုင်းဒီးယားရောဂါ ကူးစက်နိုင်ပါတယ်။
    • ရောဂါပိုးရှိသူ အမျိုးသားအဖော်က သုက်လွှတ်သည်ဖြစ်စေ၊ မလွှတ်သည်ဖြစ်စေ လိင်ဆက်ဆံရာကတဆင့် သင့်ဆီကို ရောဂါကူးစက်နိုင်ပါတယ်။
    • အကယ်၍ သင်ဟာ ကလာမိုင်းဒီးယားရောဂါ ဖြစ်ခဲ့ဖူးပြီး ကုသပျောက်ကင်းသွားပြီဆိုပေမယ့် ရောဂါရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမယ်ဆိုရင် နောက်တစ်ကြိမ် ထပ်မံကူးစက်နိုင်ခြေ ရှိပါတယ်။
    • ဒီရောဂါဟာ ရောဂါပိုးရှိသူ ကိုယ်ဝန်ဆောင်မိခင်ကတဆင့် ရင်သွေးငယ်ဆီ မီးဖွားချိန်မှာ ကူးစက်နိုင်ပါတယ်။

    ကလာမိုင်းဒီးယားရောဂါ ကူးစက်ခံရနိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချနိုင်သလဲ

    ကလာမိုင်းဒီးယားရောဂါလို လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ရမလာအောင် ကာကွယ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါက လက်တွေ့မကျတဲ့ အကြံပြုချက်ဖြစ်နေပါတယ်။

    ဒါကြောင့် သင်ဟာ လိင်ကိစ္စနဲ့ မကင်းကွာတဲ့သူဖြစ်မယ်ဆိုရင် အောက်ပါအကြံပြုတွေအတိုင်း လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ရောဂါကူးစက်ခံရနိုင်ချေကို လျော့နည်းစေပါတယ်။

    • ရောဂါပိုးမရှိသူ အဖော်တစ်ဦးတည်းနဲ့ပဲ လိင်ဆက်ဆံခြင်း
    • လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးပြုခြင်း

    ကလာမိုင်းဒီးယားရောဂါ ကူးစက်ခံရနိုင်ခြေ ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ

    အထက်မှာပြောခဲ့သလိုပဲ ကလာမိုင်းဒီးယားရောဂါဟာ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါ ဖြစ်တဲ့အလျောက် လိင်ကိစ္စထိတွေ့မှုများတဲ့ လူငယ်တွေမှာ ရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ လူငယ်တွေရဲ့ အပြုအမူနဲ့ ဇီဝဆိုင်ရာ အကြောင်းအချက်တွေဟာလည်း ရောဂါကူးစက်ခံရနိုင်ချေနဲ့ ဆက်စပ်လျက်ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

    ပါးစပ်နဲ့စအိုမှာ လိင်ဆက်ဆံခြင်းကတဆင့် ကူးစက်နိုင်ခြေ ပိုမြင့်တဲ့အတွက် လိင်တူဆက်ဆံသူ၊ လိင်တူလိင်ကွဲဆက်ဆံသူ၊ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူတွေဟာ အခြားသူတွေထက်စာရင် ဒီရောဂါကူးစက်နိုင်ချေ ပိုများပါတယ်။

    သင့်အနေနဲ့ ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေးစောင့်ရှောက်သူတစ်ဦးဦးကို သင့်ကျန်းမာရေးအခြေအနေအကြောင်း ပွင့်ပွင့်လင်းလင်းပြောပြပြီး ကလာမိုင်းဒီးယားရောဂါ နဲ့ အခြား လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ရှိမရှိ စစ်ဆေးဖို့လိုမလို မေးမြန်းတိုင်ပင်သင့်ပါတယ်။

    အသက် ၂၅နှစ်အောက် လိင်ကိစ္စထိတွေ့မှုရှိတဲ့ အမျိုးသမီးတွေ၊ အသက်အရွယ်ကြီးပေမယ့် လိင်ဆက်ဆံဖော်များတဲ့ အမျိုးသမီးတွေ၊ မိမိအဖော်မှာ ရောဂါပိုးရှိနေသူ အမျိုးသမီးတွေကတော့ ကလာမိုင်းဒီးယားရောဂါရှိမရှိ တစ်နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးသင့်ပါတယ်။

    ရောဂါကူးစက်ဖို့ အလားအလာများတဲ့ လိင်တူဆက်ဆံသူ၊ လိင်တူလိင်ကွဲဆက်ဆံသူ၊ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူတွေသာမက ကိုယ်ဝန်ဆောင်မိခင်တွေဟာလည်း ကလာမိုင်းဒီးယားရှိမရှိ စစ်ဆေးဖို့ လိုအပ်ပါတယ်။

    အထက်မှာပြောခဲ့သလိုပဲ ဒီရောဂါဟာ ရောဂါပိုးရှိသူ ကိုယ်ဝန်ဆောင်မိခင်ကနေ ရင်သွေးငယ်ဆီ ကူးစက်နိုင်ပြီး မွေးကင်းစကလေးငယ်မှာ မျက်စိပိုးဝင်ခြင်းနဲ့ အဆုတ်ရောင်ရောဂါများ ခံစားရတတ်ပါတယ်။ ဒါ့အပြင် ဒီရောဂါကြောင့် လမစေ့ဘဲ မီးဖွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါသေးတယ်။

    ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ပထမဦးဆုံး ကိုယ်ဝန်ပြသတဲ့အချိန်မှာ ကလာမိုင်းဒီးယားရောဂါပိုး ရှိမရှိ စစ်ဆေးပြီး ရောဂါပိုးရှိခဲ့ရင်လည်း အချိန်မီ ကုသမှုခံယူခြင်းအားဖြင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    ကလာမိုင်းဒီးယားရောဂါ ရှိ၊ မရှိ ဘယ်လိုသိနိုင်သလဲ

    လူအများစုဟာ ရောဂါပိုးကူးစက်ခံရပြီး ချက်ချင်း လက္ခဏာပြလေ့မရှိဘဲ ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံပြီး ရက်သတ္တပတ်များစွာကြာမှသာ လက္ခဏာပြလေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာမပြပေမယ့်လည်း ရောဂါပိုးကူးစက်ခံထားရသူရဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

    အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့

    • မိန်းမကိုယ်မှ ပုံမှန်မဟုတ်သည့် အရည်များဆင်းခြင်း
    • ဆီးသွားတိုင်း ပူလောင်သည့်ဝေဒနာ ခံစားရခြင်း တို့ဖြစ်ပြီး

    အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့

    • လိင်တံမှ အရည်ထွက်ခြင်း
    • ဆီးသွားတိုင်း ပူလောင်သည့်ဝေဒနာ ခံစားရခြင်း
    • ဝှေးစေ့တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး နာကျင်ရောင်ရမ်းခြင်း တို့ ဖြစ်ပါတယ်။

    ဒီရောဂါဟာ မျိုးပွားအင်္ဂါတွေကိုသာမက အစာဟောင်းအိမ်ကိုပါ ကူးစက်နိုင်ပါတယ်။ စအိုမှာလိင်ဆက်ဆံခြင်းကတဆင့် ကူးစက်နိုင်သလို မိန်းမကိုယ်ကဲ့သို့ အခြားကိုယ်အင်္ဂါတစ်နေရာကနေလည်း ကူးစက်တတ်ပါတယ်။

    အစာဟောင်းအိမ်ဆီ ရောဂါပိုးကူးစက်ခံရတဲ့ လက္ခဏာတွေကတော့

    • အစာဟောင်းအိမ်နေရာတွင် နာကျင်ကိုက်ခဲခြင်း
    • အရည်ထွက်ခြင်း
    • သွေးထွက်ခြင်း တို့ဖြစ်ပါတယ်။

    သင့်ခန္ဓာကိုယ်မှာ အထက်ပါလက္ခဏာတစ်ခုခု သတိပြုမိမယ်ဆိုရင် ဆရာဝန်ဆီ သွားရောက်ပြသသင့်ပါတယ်။ သင့်အဖော်မှာ လိင်အင်္ဂါအနာပေါက်ခြင်း၊ အနံ့နံတဲ့ အရည်ဆင်းခြင်း၊ ဆီးပူခြင်း၊ ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း စတဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါလက္ခဏာတွေ ရှိလာခဲ့ရင်လည်း ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

    ကလာမိုင်းဒီးယားရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မှာလား

    မှန်ကန်တဲ့နည်းလမ်းနဲ့ ကုသမယ်ဆိုရင် ကလာမိုင်းဒီးယားဟာ ပျောက်ကင်းနိုင်တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ရောဂါရှိသူတွေအနေနဲ့ ဆရာဝန်ညွန်ကြားတဲ့ ဆေးအားလုံးကို မပျက်မကွက်သောက်သုံးခြင်းအားဖြင့် ရောဂါပိုးပျံ့နှံ့ခြင်းကို တားဆီးနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ချေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ မိမိသောက်သုံးနေတဲ့ ဆေးဝါးတွေကို အခြားဘယ်သူ့ကိုမှ ပေးမသောက်မိဖို့ အထူးသတိပြုသင့်ပါတယ်။

    ဒီရောဂါဟာ ကုသပျောက်ကင်းပြီးနောက်ပိုင်း နောက်တစ်ကြိမ် ပြန်ဖြစ်လာနိုင်တဲ့အတွက် သင်ရော သင့်အဖော်ပါ ရောဂါအရှင်းပျောက်ကင်းပြီး သုံးလအကြာမှာ ရောဂါပိုး ရှိ၊ မရှိ ထပ်မံစစ်ဆေးဖို့ လိုအပ်ပါတယ်။

    ရောဂါပျောက်ကင်းပြီး ဘယ်အချိန်မှာ လိင်ဆက်ဆံလို့ ရနိုင်မလဲ

    သင်ရော သင့်အဖော်ပါ ကုသမှုမပြီးမချင်း လိင်ဆက်ဆံမှုကို ရှောင်ကြဉ်သင့်ပါတယ်။ အကယ်၍ ဆေးတစ်မျိုးထဲကို တစ်ကြိမ်သာ အသုံးပြုရမယ်ဆိုရင်တော့ နောက် ၇ရက်ကြာပြီးမှ လိင်ဆက်ဆံသင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ ၇ရက်တာ ဆေးထိုး/ဆေးသောက်ရမယ်ဆိုရင်တော့ ရက်ပြည့်တဲ့အထိ စောင့်ဆိုင်းပြီးမှသာ လိင်ဆက်ဆံသင့်ပါတယ်။

    ကလာမိုင်းဒီးယားရောဂါကို မကုဘဲထားရင် ဘာတွေဖြစ်လာနိုင်သလဲ

    ဒီရောဂါကြောင့်ဖြစ်လာမယ့် ကနဦးထိခိုက်မှုတွေက မသိသာပေမယ့် နောက်ပိုင်းမှာ ဆိုးရွားပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

    အမျိုးသမီးတွေမှာ ကလာမိုင်းဒီးယားရောဂါကို မကုသဘဲထားမယ်ဆိုရင် သားအိမ်နဲ့ သားဥပြွန်တွေဆီ ရောဂါပိုးပျံ့နှံ့ပြီး pelivic inflammatory disease (PID) ခေါ် မမျိုးပွားအင်္ဂါများရောင်ရမ်းတဲ့ရောဂါ ဖြစ်လာနိုင်ပါတယ်။

    PID ဟာ များသောအားဖြင့် လက္ခဏာမပြတတ်ပေမယ့် အချို့အမျိုးသမီးတွေမှာ ဝမ်းဗိုက်နဲ့ဆီးစပ် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရတတ်ပါတယ်။

    PID ဟာ မမျိုးပွားအင်္ဂါအဖွဲ့အစည်းကို ထိခိုက်ပျက်စီးစေပြီး နာတာရှည် နာကျင်ကိုက်ခဲမှုဝေဒနာ၊ ကိုယ်ဝန်မဆောင်နိုင်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအပြင် သန္ဓေသားရော မိခင်ကိုပါ အသက်ဆုံးရှုံးစေတတ်တဲ့ နေရာလွဲမှားသန္ဓေတည်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။

    ကလာမိုင်းဒီးယားဟာ အမျိုးသားတွေမှာတော့ ထူးထူးခြားခြား ပြဿနာပေးလေ့မရှိပါဘူး။။ ရောဂါပိုးရှိသူ အမျိုးသားတွေဟာ ရံဖန်ရံခါဆိုသလို သုက်ပို့ပြွန်တွေဆီ ရောဂါပိုးပျံ့နှံ့ရာကတဆင့် ဖျားနာခြင်းနဲ့ နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရတတ်ပြီး ရှားရှားပါးပါးဆိုသလို ကလေးရအောင် မစွမ်းဆောင်နိုင်တော့တာမျိုး ဖြစ်သွားတတ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 16/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement