backup og meta

အမျိုးသားတွေအတွက် သန္ဓေတားရန် နည်းလမ်း (၄) ချက်


Ye Myo Myat မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေအတွက် သန္ဓေတားရန် နည်းလမ်း (၄) ချက်

    မလိုအပ်တဲ့ ကိုယ်ဝန်တွေမရစေဖို့အတွက် အမျိုးသမီးတွေမှာ လိင်မဆက်ဆံခင်နဲ့ လိင်ဆက်ဆံအပြီး သောက်ရတဲ့ အရေးပေါ်ကိုယ်ဝန်တားဆေးတွေ၊ လက်မောင်းတွင်း ထိုးဆေးတွေ အသုံးပြုရပါတယ်။ ဒီတော့ သန္ဓေတားဖို့အတွက် အမျိုးသမီးတွေမှာပဲ တာဝန်ရှိတာလားဆိုပြီး မေးစရာက ပေါ်လာပါတယ်။ တကယ်တော့ နှစ်ဦးနှစ်ဖက် သဘောတူလိင်ဆက်ဆံကြရာမှာ အမျိုးသားတွေဘက်ကလည်း မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရစေဖို့ တစ်ဖက်တစ်လမ်းကနေ တားပေးနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာမေ့မထားသင့်ဘူးနော်။

    ၁။ ကွန်ဒုံးအသုံးပြုခြင်း

    မကြာခဏ ကြားဖူးနားဝရှိပေမယ့် တော်တော်များများက ကွန်ဒုံးအသုံးပြုဖို့ကို လက်တွန့်ကြပါတယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန်သာမက တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ တားဆီးပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ကွန်ဒုံးအသုံးပြုခြင်းပါပဲ။ အမျိုးသမီးသုံး ကွန်ဒုံးတွေထက် အမျိုးသားတွေအတွက် ထုတ်ထားတဲ့ ကွန်ဒုံးအစွပ်ကို စနစ်တကျ အသုံးပြုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

    ကွန်ဒုံးကို ဝယ်တဲ့အခါ သတ်မှတ်ရက်ထက် ရက်လွန်နေလားဆိုတာကို အရင်ဆုံးစစ်ဆေးပါ။ ပြီးရင်တော့ ကိုယ့်ရဲ့ လိင်တံအရွယ်အစားနဲ့ ကိုက်ညီမယ့် ကွန်ဒုံးကို ရွေးဝယ်ရမှာပါ။ သေးလွန်းရင်လည်း ပေါက်သွားနိုင်သလို ကြီးလွန်းရင်လည်း လိင်ဆက်ဆံရင်းနဲ့ ချောင်ပြီးကျွတ်သွားနိုင်ပါတယ်။ ကွန်ဒုံးကို ပူလွန်းတဲ့ နေရာ၊ ပိုက်ဆံအိတ်တွေထဲ ထည့်ထားတာမျိုး မလုပ်သင့်ပါဘူး။ အေးပြီး ခြောက်တဲ့ နေရာမှာပဲ အဓိကထားပေးပါ။

    ၂။ အမျိုးသား သားကြောဖြတ်ခြင်း (Vasectomy)

    ထိရောက်စွာ ကိုယ်ဝန်တားဆီးနိုင်တဲ့ ဒုတိယနည်းလမ်းကတော့ အမျိုးသားတွေ သားကြောဖြတ်ခြင်းပါပဲ။ ဝှေးစေ့ကနေ သုက်ပိုးကောင်တွေ သယ်ပို့ပေးတဲ့ ပြွန်ငယ်လေးကို ခွဲစိတ်ဖြတ်တောက်ပြီး မမျိုးဥအိမ်ထဲ သုက်ပိုးတွေ မဝင်အောင် တားဆီးပေးတာ ဖြစ်ပါတယ်။ သုက်ရည်ထဲမှာ သုက်ပိုးကင်းစင်ဖို့ ခွဲစိတ်အပြီး ၃လလောက်တော့ စောင့်ရနိုင်ပါတယ်။

    သားကြောဖြတ်ခြင်းကြောင့် လိင်ဆက်ဆံရာမှာ၊ သုက်လွှတ်ရာမှာ ပြဿနာတစ်စုံတစ်ရာ မဖြစ်စေတဲ့အပြင် ထွက်လာတဲ့ သုက်ရည်ရဲ့ အရောင်၊ အနံ့ဟာလည်း ပြောင်းလဲမှုမရှိပါဘူး။ ဒီနည်းလမ်းဟာ ကိုယ်ဝန်တစ်ခုတည်းကို ထိရောက်စွာ တားဆီးနိုင်တာဖြစ်ပြီး လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ နောက်တစ်ချက်ကတော့ ခွဲစိတ်အပြီးမှာ ရောင်တာ၊ သွေးထွက်တာ၊ ပိုးဝင်နိုင်ခြေ အနည်းငယ်တော့ ရှိပါတယ်။

    ၃။ ထိုးသွင်းဆက်ဆံမှု မပါဝင်ဘဲ ချစ်တင်းနှောခြင်း

    အိမ်ထောင်ဖက်၊ ချစ်သူနဲ့အတူတူ ထိုးသွင်းဆက်ဆံမှု မပါဘဲ လိင်စိတ်ဆန္ဒပြီးမြောက်အောင် လုပ်လို့ ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ပွေ့ဖက်နမ်းရှုံ့တာ၊ အပြန်အလှန် တစ်ကိုယ်ရေအာသာဖြေတာ၊ မိန်းမကိုယ်ကို လက်ဖြင့် နှိုးဆွပေးတာ၊ သုက်ရည်ကို မိန်းမကိုယ်နဲ့ ဝေးရာနေရာမှာ စွန့်ထုတ်တာ အစရှိတဲ့ နည်းလမ်းတွေကိုလည်း အသုံးပြုလို့ ရပါတယ်။

    ၄။ သုက်ရည်ကို အပြင်မှာ စွန့်ထုတ်ခြင်း

    အမျိုးသားတော်တော်များများ လက်တွေ့ကျင့်သုံးကြတဲ့ နည်းလမ်းတစ်ခုပါ။ အကာအကွယ် မပါဘဲ ထိုးသွင်းဆက်ဆံအပြီး လိင်စိတ်အထွတ်အထိပ်ရောက်ချိန် သုက်ရည်ကို အပြင်မှာ စွန့်ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာလည်း တားဆီးနိုင်တယ်ဆိုပေမယ့် အပြည့်အဝတားဆီးနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ သုက်ရည်မတိုင်ခင် လိင်တံထိပ်ကနေ ထွက်လာတဲ့ သုက်ရည်ကြည်မှာလည်း သုက်ပိုးကောင်တွေ အနည်းငယ်ပါနိုင်တာကြောင့် ဖြစ်ပါတယ်။

    ကိုယ်က ကွန်ဒုံးလည်းမသုံးချင်ဘူး၊ သားကြောဖြတ်တာလည်း မလုပ်ချင်ဘူးဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုသင့်ပါတယ်။ ရာနှုန်းပြည့် စိတ်ချရတာ မဟုတ်ဘူး။ ကိုယ်ဝန်ရသွားနိုင်တယ်ဆိုတာကိုတော့ သိဖို့လိုပါတယ်။

    ဒီနည်းလမ်းတွေဟာ တားဆေး၊ ထိုးဆေး မလိုအပ်ဘဲ အမျိုးသားတွေကိုယ်တိုင် အသုံးပြုလို့ရမယ့် သန္ဓေသားနည်းလမ်းတွေ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကွန်ဒုံးကို စနစ်တကျ အသုံးပြုခြင်းပဲ ဖြစ်တယ်လို့ အကြံပေးလိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement