backup og meta

အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း

    အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းဆိုတာ သင့်ခန္ဓာကိုယ်က အရွယ်ရောက်တဲ့အဆင့်ကို ပြောင်းလဲရောက်ရှိလာတဲ့ အကူးအပြောင်းကာလဖြစ်ပါတယ်။ ဒီကာလက အသက် ၉ နှစ်နဲ့ ၁၇ နှစ်ကြားမှာ ဖြစ်လေ့ရှိပါတယ်။ မိန်းကလေးတွေကယောကျာ်းလေးတွေထက် အပျိုဖော်ဝင်ချိန်စောလေ့ရှိပါတယ်။

    ၁) မိန်းကလေးများအပျိုဖော်ဝင်ခြင်း

    သင့်ခန္ဓာကိုယ်က အပျိုဖော်ဝင်ကာလအတွင်းမှာ မြန်ဆန်စွာပဲ စတင်ဖွံ့ဖြိုးလာပါတယ်။ သင့်ရဲ့ရင်သားအရွယ်အစားနဲ့ ပုံသဏ္ဍာန်ကအချိန်နဲ့အမျှ မသိမသာပြောင်းလဲလာပါလိမ့်မယ်။ သင့်ရဲ့ မအင်္ဂါစေ့နဲ့ မိန်းမအင်္ဂါဇာတ် (vulva) မှာလည်း ဖွံ့ဖြိုးမှုတွေ ရှိလာမှာပါ။ vulva တွေရဲ့ အရောင်နဲ့ ပုံသဏ္ဍာန်ပြောင်းလဲမှုကို သတိထားမိတာပုံမှန်ပါပဲ။

    လူတစ်ဦးချင်းစီမှာ မတူညီမှုတွေရှိကြပါတယ်။ ဒါကြောင့် သိပ်မစိုးရိမ်ပါနဲ့။ သင့်ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေက သင့်မှာအရင်ကမပေါက်ခဲ့ဖူးတဲ့ နေရာတွေမှာတောင် ပိုပြီးထူထပ်စွာပေါက်လာပါလိမ့်မယ်။ ဥပမာ – ချိုင်းကြားနဲ့ လိင်အင်္ဂါတွေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ခန္ဓာကိုယ်ကအရင်ကထက် ပိုပြီးချွေးထွက်လာပါမယ်။ ဒါ့ကြောင့်ပဲချွေးနံ့ပိုပြင်းစေမှာဖြစ်ပါတယ်။ ဆန္ဒရှိရင် ချွေးနံ့ပျောက်ဆေးသုံးပြီးအနံ့အသက်တွေ လျော့အောင် လုပ်နိုင်ပါတယ်။

    အပျိုဖော်ဝင်ချိန်မှာ ဝက်ခြံပေါက်တာက ဖြစ်နေကျဓမ္မတာပါ။ ဝက်ခြံတွေက အခြေအနေဆိုးလာရင်တော့ ပိုမဆိုးအောင် ထိန်းချုပ်ဖို့ ဆရာဝန်တစ်ယောက်ရဲ့ အကူအညီကို ရယူနိုင်ပါတယ်။ အပျိုဖော်ဝင်ခြင်းနဲ့အတူတွဲပါလာတဲ့ အရေးအကြီးဆုံးအရာကတော့ ရာသီသွေးဆင်းခြင်းပဲဖြစ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် အပျိုဖော်ဝင်လာတာနဲ့ အမျှ တချို့အပြောင်းအလဲတွေကိုအရင်ဆုံးကြုံရပြီးကျန်တချို့ကိုတော့ နောက်မှ ကြုံရနိုင်ပါတယ်။ ရာသီသွေးမပေါ်သေးဘူးဆိုရင်လည်းစိတ်ရှည်ရှည်နဲ့သာသည်းခံစောင့်ပါ။ သင့်ခန္ဓာကိုယ်ကအသက် ၂၀ မတိုင်မီအထိတော့ ဆက်လက်ပြောင်းလဲနေနိုင်သေးတာမို့ပါ။

    ၂) ယောကျာ်းလေးများ လူပျိုဖော်ဝင်ခြင်း

    မိန်းကလေးတွေမှာလိုပါပဲ လူပျိုဖော်ဝင်ခြင်းဟာလည်း ယောကျာ်းလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို တစ်မျိုးတစ်ဖုံပြောင်းလဲစေပါတယ်။ သင်ဟာ ယောကျာ်းလေးတစ်ယောက်ဆိုရင် မိန်းကလေးတွေမှာလိုပဲအမွေးအမျှင်တွေထူလာမယ်၊ ချွေးပိုထွက်လာမယ်၊ ဝက်ခြံတွေထွက်လာနိုင်ပါတယ်။ သင့်ရဲ့လိင်အင်္ဂါတွေလည်း ကြီးထွားဖွံ့ဖြိုးလာမယ်။ ဝှေးစေ့ကပိုတွဲကျလာတာကြောင့် ထိုနေရာရှိအရေပြားကပိုပါးလာပါလိမ့်မယ်။

    သင့်ရဲ့အသံကလည်း ခဏတာလောက် ပြောင်းလဲလာပြီး နောက်ပိုင်းမှာ ပိုမိုပီသတဲ့အသံသြသြ ဖြစ်လာမှာပါ။ တစ်ခါတလေ ယောကျာ်းလေးရဲ့ရင်ဘတ်က အနည်းငယ်မို့မောက်လာပြီးရင်သားတွေကြီးလာသလို ဖြစ်လာမှာပါ။ ဒါပေမယ့် အမြဲတော့ဖြစ်မနေပါဘူး။ နှစ်အနည်းငယ်ကြာပြီးတဲ့အခါ လူပျိုဖော်ဝင်တဲ့ကာလကျော်လွန်သွားရင် အားလုံးပုံမှန်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။ သင့်စိတ်ပူနေသေးတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာဝန်တစ်ဦးဆီမှာအကြံဉာဏ်တောင်းခံလိုက်ပါ။ ဒီကာလအတွင်းမှာတော့ ယောကျာ်းလေးတွေဟာမိန်းကလေးတွေထက် ကြီးထွားဖွံ့ဖြိုးမှုမြန်ဆန်လေ့ရှိပါတယ်။ ဒါ့ကြောင့် တစ်ရက်မှာသင့်ရဲ့သူငယ်ချင်းမိန်းကလေးတွေထက် သင်ကအရပ်ပုနေသေးပေမယ့် နောက်ရက်အတော်ကြာတဲ့အခါ သူတို့ထက် လက်မအနည်းငယ် အရပ်ပိုရှည်နေတာကိုတွေ့ရပါလိမ့်မယ်။

    အထက်ဖော်ပြပါ အပြောင်းအလဲတွေအားလုံးအပြင် သင့်ရဲ့စိတ်ခံစားချက်တွေကလည်း ပြောင်းလဲလာတတ်ပါတယ်။ စိတ်ခံစားချက်တွေက အတက်အကျမငြိမ်ပါဘူး။ (စိတ်ကစားတတ်ပါတယ်) တစ်စုံတစ်ယောက်ကို လိင်ပိုင်းအရ ဒါမှမဟုတ် စိတ်ကူးယဉ်ဆန်ဆန် စတင်စိတ်ဝင်စားတတ်လာပါတယ်။ အဲဒါကလူသားတွေရဲ့အခြေခံသဘာဝဖြစ်ပါတယ်။

    လိင်ကိစ္စစေ့ဆော်တဲ့ စိတ်တွေရှိလာတာလည်း ပြဿနာတော့ မဟုတ်ပါဘူး။

    သို့သော်လည်း အရာအားလုံးက သင့်အတွက် စိတ်ရှုပ်ထွေးစရာကောင်းသလို ဖြစ်နေပါလိမ့်မယ်။ ဒါ့ကြောင့် သင့်မှာ ပြောစရာရှိလာတဲ့အခါတိုင်းသင့်မိဘဒါမှမဟုတ် သင်ယုံကြည်ရတဲ့ ဆရာ၊ဆရာမတွေကိုမေးမြန်းကြည့်ဖို့ နှုတ်မနှေးပါနဲ့။ သူတို့ကအခုလိုအရွယ်ရောက်ပြီးသူတွေဖြစ်လာဖို့အတွက် အပျိုဖော်၊လူပျိုဖော်ဝင်တဲ့ကာလကိုသူတို့ အားလုံး ဖြတ်သန်းခဲ့ဖူးပြီးသားဖြစ်ပါတယ်။ သူတို့ရဲ့အတွေ့အကြုံတွေဆီကလေ့လာသင်ယူတာကလည်းအထောက်အကူ ဖြစ်စေပါလိမ့်မယ်။ သေချာတာကခက်ခဲတဲ့ဒီကာလတစ်လျှောက်ကိုကျော်ဖြတ်နိုင်ဖို့သူတို့က လိုလိုလားလားကူညီပေးကြမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement