backup og meta

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ဆိုတာဘာလဲ


Dr. Phio Thiha မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ဆိုတာဘာလဲ

    သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း

    သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ဆိုတာ ဘာလဲ

    သားအိမ်တွင်းထည့်သန္ဓေတားပစ္စည်းဆိုတာ သားအိမ်ထဲမှာ ကိုယ်ဝန်မရဖို့ထည့်ထားရတဲ့ အက္ခရာ T ပုံစံပစ္စည်းလေး ဖြစ်ပြီး အရွယ်အစားအားဖြင့်တော့ သားအိမ်ရဲ့၄ပုံ၁ပုံ အရွယ်လောက်သာ ရှိပါတယ်။ အမျိုးအစားအားဖြင့် ကြေးနီနဲ့ပြုလုပ်ထားတဲ့ အမျိုးအစားရယ်၊ ဟော်မုန်းပါဝင်တဲ့အမျိုးအစားရယ်လို့ရှိပါတယ်။ နှစ်မျိုးလုံးကို ဈေးကွက်ထဲမှာ လွယ်လွယ်ကူကူ ဝယ်လို့ရနိုင်ပါတယ်။

    ဘယ်လိုအလုပ်လုပ်တာလဲ

    ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးတွေကို မမျိုးဥဆီမရောက်အောင် တားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်တားပေးပါတယ်။ အဲဒီအပြင် သန္ဓေအောင်သွားခဲ့ရင်လည်း သားအိမ်ထဲမှာ သန္ဓေတည်ရခက်အောင် လုပ်နိုင်ပါတယ်။ ပရိုဂျက်စထရုန်း ပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကတော့ သားအိမ်ခေါင်းချွဲကို ထူပျစ်စေတယ်၊ သားအိမ်အတွင်းသားနံရံတွေကို ပါးလွှာစေတယ်၊ အဲဒီအပြင် မမျိုးဥကြွေခြင်းကိုပါ တားဆီးပေးပါတယ်။ အဲဒီနည်းနဲ့ သုက်ကောင်နဲ့မမျိုးဥတွေ့ဆုံပြီး သန္ဓေအောင်ခြင်း၊ သန္ဓေတည်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

    ပရိုဂျက်စထရုန်း ပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကို ရာသီလာတဲ့အခါ ကိုက်ခဲခြင်း၊ ပမာဏများများဆင်းခြင်းတို့ ကြုံတွေ့နေရတဲ့ မိန်းကလေးတွေအတွက် သွေးဆင်းနည်းအောင်လည်း အသုံးပြုလို့ ရပါတယ်။

    ဘယ်လောက်ထိရောက်မှုရှိလဲ

    သားအိမ်တွင်းထည့်ပစ္စည်းနှစ်မျိုးလုံးက ကိုယ်ဝန်တားတဲ့နေရာမှာ အင်မတန်မှကို ထိရောက်မှုရှိပါတယ်။ ဒီပစ္စည်းကို အသုံးပြုပြီး တစ်နှစ်အတွင်း စုံတွဲ ၁၀၀ မှာ ၁ တွဲတောင် ကိုယ်ဝန်မရကြတာကို တွေ့ရပါတယ်။

    စထည့်တဲ့အချိန်ကတည်းက အာနိသင်ပြပြီး အချိန်အကြာကြီး ခံပါတယ်။ ကြေးနီပါတဲ့ပစ္စည်းဆို ထည့်ပြီး ၁၀နှစ်အထိ အာနိသင်ရှိသလို၊ ပရိုဂျက်စထရုန်းပါဝင်တဲ့ပစ္စည်းကတော့ အမျိုးအစားအပေါ် မူတည်ပြီး ၃နှစ်ကနေ ၅နှစ်အထိ ခံပါတယ်။ မိသားစုတစ်စု ဖန်တီးဖို့အဆင်သင့်မဖြစ်သေးတဲ့ အမျိုးသမီးတွေအတွက် အင်မတန်မှကို သင့်တော်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ နှစ်တွေအကြာကြီး ထည့်ထားလို့ရပြီး မထည့်ချင်တော့ဘူးဆိုတဲ့အခါမှာလည်း အချိန်မရွေး ပြန်ထုတ်လိုက်လို့ ရနိုင်ပါတယ်။

    လိင်ကတစ်ဆင့် ကူးစက်သော ရောဂါများအား ကာကွယ်ခြင်း

    သားအိမ်တွင်းထည့်ပစ္စည်းဟာ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါများကို ကာကွယ်မပေးနိုင်ပါဘူး။ ဒါကြောင့်မို့ ပစ္စည်းထည့်ပြီးသွားပေမယ့်လည်း ရောဂါပိုးတွေ မကူးစက်အောင်လို့ လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးဖို့ လိုပါမယ်။

    ဆရာဝန်၊ ဆရာမက ပစ္စည်းထည့်မပေးခင်မှာ သင့်မှာ ကာလသားရောဂါလက္ခဏာတွေ ရှိမရှိ သေချာစစ်ဆေးပေးပါလိမ့်မယ်။ ပိုးရှိနေတဲ့အချိန်မှာ ပစ္စည်းထည့်လိုက်မိရင် သားအိမ်ရောင်ရမ်းတာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။

    နောက်ပြီး လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်းက ရောဂါတွေရော ကိုယ်ဝန်ကိုပါ ကာကွယ်နိုင်တဲ့ တစ်ခုတည်းသောနည်း ဖြစ်တယ်ဆိုတာကို လက်မထပ်ရသေးတဲ့ မိန်းကလေးတွေကို သိစေချင်ပါတယ်။

    ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများ

    သားအိမ်တွင်းထည့်ပစ္စည်းရဲ့ အဖြစ်များဆုံး ဘေးထွက်ဆိုးကျိုးတွေကတော့

    • ထည့်စ လအနည်းငယ်အတွင်း သွေးပုံမမှန်ဆင်းခြင်း
    • ပစ္စည်းထည့်ပြီးနောက်ပိုင်း ပိုမိုနာကျင်ခြင်း၊ ရာသီသွေးအဆင်းများခြင်း
    • ပရိုဂျက်စထရုန်းဟော်မုန်းပါဝင်တဲ့ပစ္စည်းထည့်ထားရင် ရာသီလုံးဝမလာတာမျိုး၊ နည်းနည်းနဲ့ ခဏခဏ လာနေတာမျိုး ဖြစ်တတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ ပျို့အန်ခြင်း၊ ရင်သားများ တင်းပြီး နာခြင်း

    တခြားအဖြစ်နည်းတဲ့ ပြဿနာတွေကတော့

    ပြုတ်ထွက်ခြင်း မမျှော်လင့်ဘဲ သားအိမ်ထဲကနေ ပြုတ်ထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။ တခါတလေမှာ မိန်းကလေးက ဒါကိုမသိတာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေကတော့ အင်မတန်နည်းပြီး ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ အမျိုးသမီးတွေမှာ ပိုလို့ဖြစ်တတ်ပါတယ်။

    ဒါကြောင့်မို့ ထည့်ပြီးသွားရင် ပစ္စည်းရှိနေမနေကို ပုံမှန်စစ်ဆေးကြည့်သင့်ပါတယ်။ ထည့်ပြီးတဲ့အခါ ဘယ်လိုစစ်ဆေးရမယ်ဆိုတာကို သင့်ဆရာဝန်က အသေးစိတ် ပြောပြပါလိမ့်မယ်။ တကယ်လို့ ထည့်ပြီးနောက်ပိုင်း ပုံမှန်မဟုတ်တဲ့ အရည်တွေဆင်းမယ်၊ နာကျင်ကိုက်ခဲမယ်၊ ဖျားမယ်၊ ကြိုးစက ရှည်ထွက်လာတယ်လို့ ထင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြန်ပြသင့်ပါတယ်။

    ထည့်ပြီး ပထမ၃လအတွင်း ဆရာဝန်နဲ့ ပြန်ပြတာတော့ အကောင်းဆုံးပါပဲ။ ဒါဆိုရင် ဆရာဝန်အနေနဲ့ ပစ္စည်းအနေအထားမှန်မမှန်ကို ဂရုစိုက်ကြည့်ပေးနိုင်ပါမယ်။

    သားအိမ်ပေါက်ထွက်ခြင်း အင်မတန်မှကို အဖြစ်နည်းပြီး တစ်ထောင်မှာတစ်ယောက်တောင် တွေ့ရခဲပါတယ်။ သားအိမ်တွင်းထည့်ပစ္စည်းကို ထည့်တဲ့အခါ အတင်းတွန်းလိုက်သလို ဖြစ်သွားပြီး သားအိမ်ပေါက်သွားတတ်တာမျိုးပါ။

    သားအိမ်ရောင်ရမ်းသည့် ရောဂါ သားအိမ်ထဲပစ္စည်းထည့်ချိန်မှာ ရောဂါပိုးဝင်သွားနိုင်ဖို့ ဖြစ်နိုင်ချေအင်မတန်နည်းပါတယ်။ အများအားဖြင့်တော့ ထည့်ပြီး ရက် ၂၀ လောက်အတွင်းမှာ ကူးစက်ခံရတာတွေ ဖြစ်ပါတယ်။

    ဘယ်သူတွေ အသုံးပြုသင့်လဲ

    သားအိမ်တွင်းထည့်ပစ္စည်းဟာ အမျိုးသမီးတိုင်း အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုအခြေအနေမျိုးတွေမှာဆိုရင်တော့ မသုံးသင့်ပါဘူး။

    • သားအိမ်ရောင်ရမ်းခြင်း ဒါမှမဟုတ် ကာလသားရောဂါများ ကူးစက်ခံထားရရင်
    • ကိုယ်ဝန်ရှိနေရင်၊ ကိုယ်ဝန်ရှိနေတယ်လို့ သံသယဖြစ်ရင်
    • သားအိမ်နဲ့ပတ်သက်ပြီး ရောဂါတခုခု၊ ပုံမှန်မဟုတ်တာတခုခု ရှိနေရင်၊ ပုံမမှန်သွေးဆင်းနေရင် သုံးဖို့မသင့်တော်ပါဘူး။

    ကျွမ်းကျင်သူတွေကတော့ သားအိမ်တွင်းထည့်ပစ္စည်းကို ငယ်ရွယ်တဲ့မိန်းကလေးတွေ သုံးသင့်တဲ့နည်းတစ်ခုလို့ ပြောလာကြပါပြီ။ နှစ်ရှည်ခံတယ်၊ နေ့စဉ်လည်း ဂရုစိုက်နေစရာမလိုဘဲ ကိုယ်ဝန်တားတဲ့နေရာမှာလည်း အင်မတန်ထိရောက်လို့ပါ။

    နောက်ပိုင်းပေါ်တဲ့ ပစ္စည်းတွေဆိုရင် ပိုလည်းသေးငယ်လာသလို ပါဝင်တဲ့ ဟော်မုန်းပမာဏကလည်း နည်းလာပါတယ်။ အဲဒါက ကလေးတစ်ခါမှ မမွေးသေးတဲ့ အမျိုးသမီးတွေအတွက် ပိုအဆင်ပြေနိုင်ပါတယ်။

    ဘယ်လိုအသုံးပြုလို့ရမလဲ

    ဒီပစ္စည်းက ကျွမ်းကျင်တဲ့ ဆရာဝန်၊ ဆရာမက ထည့်ပေးဖို့လိုပါမယ်။ ရာသီပေါ်နေချိန်မှာ ထည့်ရတာကတော့ အဆင်ပြေဆုံးဖြစ်ပြီး ကိုယ်ဝန်မရှိတာသေချာတယ်ဆိုရင် ဘယ်လိုအချိန်မျိုးမှာမဆို ထည့်လို့ရပါတယ်။ ကြေးနီပါဝင်တဲ့ပစ္စည်းကိုတော့ ၁၀ နှစ်တစ်ခါ လဲပေးဖို့လိုပြီး ပရိုဂျက်စထရုန်းပါဝင်တဲ့ ပစ္စည်းတွေကိုတော့ အမျိုးအစားပေါ်လိုက်ပြိး ၃နှစ်ကနေ ၅နှစ်အထိကြာအောင် အသုံးပြုနိုင်ပါတယ်။

    ဘယ်လောက်ကုန်ကျမလဲ

    ပစ္စည်းရဲ့ အမျိုးအစား၊ ထည့်မယ့်ဆေးခန်း၊ ထည့်ပေးမယ့်ဆရာဝန် စတာတွေပေါ်မူတည်ပြီး ကုန်ကျစရိတ် သောင်းဂဏန်းကနေ သိန်းဂဏန်းထိ ရှိနိုင်ပါတယ်။ နှစ်အရှည်ကြီး ခံတဲ့နည်းလမ်းမို့ ပြန်တွက်ကြည့်မယ်ဆိုရင် အင်မတန်ကို အကုန်အကျသက်သာစေတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Phio Thiha မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement